menu

Tuesday 11 February 2014

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် မြန်မာနိုင်ငံသို့ ရောက်ရှိ

Photo: ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် မြန်မာနိုင်ငံသို့ ရောက်ရှိ 

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

ထိုင်းနိုင်ငံမှ ထွက်ပြေး တိမ်းရှောင်နေသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ဖေဖော်ဝါရီလ ၈ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ရောက်ရှိနေကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အခြေစိုက် The Nation သတင်းဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်သည် ကန့်ကွက် ဆန္ဒပြမှုများကြောင့် ပြဿနာအချို့ ရှိခဲ့သည့် ထိုင်းရွေးကောက်ပွဲအပြီး ၆ ရက်အကြာတွင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် မြန်မာနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။ 

အဆိုပါ ခရီးစဉ်သည် ၎င်း၏ အလည်အပတ် ကိုယ်ပိုင်ခရီးစဉ်သာ ဖြစ်ကြောင်း ရှင်နာဝပ် မိသားစုက ခေါင်းဆောင်နေသည့် Phue Thai (ဖေ့ဘ်ထိုင်း) ပါတီမှ လွှတ်တော် ကိုယ်စားလှယ်ဟောင်း Somchai Sawaengkarn ၏ ပြောကြားချက်ကို ကိုးကား၍ The Nation သတင်းဌာနက ဖော်ပြထားသည်။ 

အဆိုပါ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ဇာတာအညံ့များ၊ မကောင်းသည့်ကံများ ပပျောက်သွားရန်အတွက်  မြန်မာနိုင်ငံတွင် အလှူအတန်းများ ပြုလုပ်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း ထိုင်းအောက်လွှတ်တော် အမတ်ဟောင်း Somchai Sawaengkarn က ၎င်း၏ Twitter (တွစ်တာ)နှင့် Facebook စာမျက်နှာများတွင် ရေးသားထားသည်။ 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်၏ မြန်မာနိုင်ငံ ခရီးစဉ်နှင့် ပတ်သက်၍  မြန်မာအစိုးရအဖွဲ့မှ အကြီးတန်း အရာရှိတစ်ဦးကို ဆက်သွယ် မေးမြန်းရာတွင် “အစိုးရအဆင့် လာတဲ့ ခရီးစဉ် မဟုတ်တဲ့အတွက် သူရောက်နေလားတောင် ကျွန်တော်တို့ ဘာမှ မသိပါဘူး” ဟု ပြောကြားသည်။ 

ယင်းခရီး စဉ်မတိုင်မီ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထိုင်းနိုင်ငံ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး  အစိုးရ အတိုက်အခံ ဒီမိုကရက်ပါတီ ထောက်ခံသူ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေးအဖွဲ့ (People Democratic Reform Committee) က ရွေးကောက်ပွဲကို ကန့်ကွက် ဆန္ဒပြခဲ့သောကြောင့် ဘန်ကောက်မြို့ အပါအဝင် ထိုင်းနိုင်ငံတောင်ပိုင်း မြို့ကြီးအချို့တွင် ရွေးကောက်ပွဲ ပျက်ပြယ်ခဲ့သည်။ 

ထိုင်းနိုင်ငံတွင် မဲဆန္ဒနယ် ၃၅၇ ခု ရှိသည့်အနက် မဲဆန္ဒနယ် ၃၀၆ ခုသာ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ပြီး မဲဆန္ဒနယ် ၄၂ ခုတွင် ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခြင်း မရှိဘဲ မဲဆန္ဒနယ်၂၇ ခုတွင်လည်း မဲရုံ တစ်ဝက်နီးပါးသာ မဲပေးနိုင်ခဲ့သည်။

သက်ဆင်၏ ညီမ တော်စပ်သူ ဖွေ့ထိုင်း ပါတီခေါင်းဆောင် ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် အစိုးရအဖွဲ့ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလကတည်းက ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ချမှတ် ထားသည့် ပြစ်ဒဏ်များ ကင်းလွှတ်ခွင့် ပြုနိုင်မည့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေ တင်သွင်းခဲ့သောကြောင့် ရှပ်ဝါ ဒီမိုကရက်ပါတီ ထောက်ခံသူ PDRC အဖွဲ့က လူထု အင်အားဖြင့် အစိုးရအဖွဲ့ကို ပိတ်ဆို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

ယင်းကြောင့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ယင်းလပ်ရှင်နာဝပ် အစိုးရက ပါလီမန်ကို ဖျက်သိမ်း ပေးခဲ့ရပြီး ဖေဖော်ဝါရီလ၂ ရက်နေ့တွင် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးမည်ဟု ကြေညာခဲ့ရသည်။

ယင်းရွေးကောက်ပွဲကို ထိုင်းနိုင်ငံ၏ သက်တမ်းအရင့်ဆုံး ပါတီတစ်ခုဖြစ်သည့် ဒီမိုကရက် ပါတီက ဝင်ရောက် ယှဉ်ပြိုင်ခြင်း မရှိဘဲ သပိတ်မှောက်ခဲ့သည်။ 

ရွေးကောက်ပွဲ အပါအဝင် ထိုင်းနိုင်ငံရေး ဖြစ်စဉ်များတွင် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ် ပါဝင် ပတ်သက်နေကြောင်း PDRC ခေါင်းဆောင်များက စွပ်စွဲ ပြောဆိုခဲ့သည်။ 

ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ၂၀၁၂ ခုနှစ်အတွင်းကလည်း အစိုးရ ကိုယ်စားပြု ခရီးစဉ် မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ရောက်ရှိလာခဲ့ပြီး သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် သတင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

အလားတူပင် ၂၀၁၃ ခုနှစ် အတွင်းက ပြင်ဦးလွင်မြို့သို့ အလည်အပတ်နှင့် အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိခဲ့ပြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံ ခဲ့ကြောင်း ဓာတ်ပုံ အထောက်အထားများနှင့် သတင်းများ ထွက်ပေါ်ခဲ့သည်။

The Voice Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis