menu

Tuesday 11 February 2014

ထားဝယ် စီမံကိန်း အလုပ်သမား တစ်ဦးကို ရဲများ လက်ထိတ်ခတ်ပြီး ထိုးကြိတ်


ထားဝယ်၊ ဖေဖော်ဝါရီ ၁၀

ထားဝယ် ရေနက်ဆိပ်ကမ်းနှင့် အထူး စီးပွားရေးဇုန် စီမံကိန်းရှိ အီတာလျံ - ထိုင်း ကုမ္ပဏီမှ အလုပ်သမား တစ်ဦးကို ဖေဖော်ဝါရီလ ၉ ရက်နေ့ညက ရေနက်ဆိပ်ကမ်း ရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက လက်ထိတ်ခတ်ပြီး ထိုးကြိတ် ကန်ကျောက်ခဲ့ကြောင်း ယင်းသို့ ထိုးကြိတ်ခံရသည့် အလုပ်သမား၏ ဇနီးဖြစ်သူနှင့် မျက်မြင်တွေ့ရသူ အလုပ်သမား တစ်ဦးထံမှ သိရသည်။

ဖေဖော်ဝါရီလ ၉ ရက်နေ့ ည ၈ နာရီခန့်တွင် အလုပ်သမားတန်းလျား အဆောင်မှူးက ရဲများကို ဖုန်းဆက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် သုံးဦး အရပ်ဝတ်ဖြင့် လာရောက်ပြီး အလုပ်သမား ဦးမျိုးဆွေအား လာရောက် မေးမြန်းခဲ့ရာ ဦးမျိုးဆွေက ဘာကြောင့် လာရောက် မေးမြန်းသည်ကို ပြန်လည် မေးမြန်းခဲ့ရာ ရဲများက လက်ထိတ်ခတ်ပြီး ရဲကင်းသို့ ဆွဲခေါ်သွားကာ ရဲစခန်းတွင် ဝိုင်းဝန်း ထိုးကြိတ် ကန်ကျောက်ခဲ့ကြကြောင်း၊ ထိုးကြိတ်ခံရသူ၏ အစ်ကိုဖြစ်သူများ လိုက်လာသည့် အချိန်တွင် ပြန်လွှတ်ပေးခဲ့ပြီး မျက်နှာတွင် သွေးများထွက်၊ ရင်ဘတ်နှင့် ဗိုက်အောင့်၊ ပခုံး မလှုပ်နိုင် စသည့် ဒဏ်ရာများကြောင့် ထားဝယ် ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း ဇနီးဖြစ်သူက ရှင်းပြသည်။

“အဆောင်မှူးက ပြဿနာ တစ်ခုခုရှိတိုင်း ရဲကိုပဲ လာခေါ်ခိုင်းလေ့ ရှိတယ်။ သူ့ကို ပြဿနာ လာရှာတယ် ထင်ပြီး ရဲခေါ်လိုက်တာလား မသိဘူး” ဟု အထက်ပါ မျက်မြင် အလုပ်သမားက ဖွင့်ဟသည်။


စီမံကိန်းတွင် ဆီဖြည့် လုပ်သားအဖြစ် လုပ်ကိုင်သည့် ဦးမျိုးဆွေသည် ဖေဖော်ဝါရီလ ၈ ရက်နေ့က ၎င်း၏ ဆိုင်ကယ်တွင် အသုံးပြုရန် ထားဝယ်မြို့သို့ လူကြုံမှာထားသည့် ခွေတစ်စုံ သွားယူပြီး အခန်းသို့ အပြန်တွင် ဆိုင်ကယ် ပျက်သွားသည့်အတွက် ယင်းခွေတစ်စုံကို မိမိအခန်းသို့ ပို့ပေးရန် အခြားအလုပ်သမား တစ်ဦးဖြင့် လမ်းကြုံ ထည့်ပေးလိုက်ရာ လမ်းတွင် ကုမ္ပဏီမှ မြန်မာအရာရှိ တစ်ဦးက “ဘာပစ္စည်းတွေလဲ” ဟု မေးမြန်းခဲ့ကြောင်း၊ အဆိုပါ အလုပ်သမားက “ကိုမျိုးဆွေ၏ ပစ္စည်းပါ” ဟုသာ ပြန်လည် အဖြေပေးခဲ့ကြောင်း ဦးမျိုးဆွေ၏ ဇနီးဖြစ်သူနှင့် အလုပ်သမား တစ်ဦးထံမှ သိရသည်။

ကုမ္ပဏီတွင် ပစ္စည်းများ ပျောက်ရှမှု မကြာခဏ ဖြစ်ပွားလျက် ရှိခြင်းကြောင့် ဦးမျိုးဆွေက မိမိကို သူခိုးထင်မည် စိုးသဖြင့် ဖေဖော်ဝါရီလ ၉ ရက်နေ့ညတွင် အထက်ပါ မြန်မာအရာရှိအား သွားရောက် ရှင်းပြခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းသို့ သွားရောက် ရှင်းပြချိန်တွင် ဦးမျိုးဆွေက အရက်အနည်းငယ် သောက်ထားခဲ့ကြောင်း၊ အထက်ပါ မြန်မာလူကြီးက ဦးမျိုးဆွေ ရှင်းပြသည်ကို လက်ခံခဲ့ပြီး ပြန်လာရာ မြန်မာအဆောင်မှူးနှင့် တွေ့ဆုံ စကားပြောခဲ့ရာမှ ယင်းအဆောင်မှူးက ရဲကို အကြောင်းကြားခဲ့ကြောင်း မျက်မြင်တွေ့ရသည့် အလုပ်သမား တစ်ဦးနှင့် ဇနီးဖြစ်သူတို့က ရှင်းသည်။

“ထိုးနေ ကန်နေကြတာကိုတော့ တန်းလျားမှာနေတဲ့သူတွေ တော်တော်များများ မြင်ကြတယ်။ ဘယ်သူမှလည်း ဝင်မပြောရဲကြဘူး” ဟု ယင်းယာဉ်မောင်း အလုပ်သမားက ပြောကြားသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရေနက်ဆိပ်ကမ်း ရဲကင်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ထိုသို့သော ဖြစ်ရပ်မျိုး မရှိခဲ့ဖူးကြောင်း၊ အခြေအနေမှာ အေးအေးဆေးဆေးသာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြန်လည် ဖြေကြားခဲ့သည်။

“အဲဒီသတင်းက သတင်း အမှားကြီးပါ” ဟု အထက်ပါ ရဲတပ်ဖွဲ့ဝင်က တုံ့ပြန် ပြောသည်။

လက်ရှိတွင် ရဲများ ထိုးကြိတ်သဖြင့် ဒဏ်ရာရရှိသူ ဦးမျိုးဆွေသည် ထားဝယ် အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ဒဏ်ရာများကို ဓာတ်မှန် ရိုက်ထားသည်ဟု ဇနီးဖြစ်သူထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis