menu

Tuesday 11 February 2014

မြန်မာနှင့် အိန္ဒိယရေတပ် ပူးပေါင်း၍ ကိုကိုးကျွန်းတွင် စစ်ရေးလေ့ကျင့်

photo by..mmmilitary

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံကို စစ်ဘက်ဆိုင်ရာ သင်တန်းအချို့ ပို့ချပေးနေသော အန္ဒိယတပ်မတော် ရေတပ်နှင့် မြန်မာတပ်မတော် ရေတပ်တို့သည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ မြန်မာပိုင် ကိုကိုးကျွန်းတွင် ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ရေတပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် မြန်မာတပ်မတော် (ရေ)က အသစ် တည်ဆောက်ထားသော အောင်ဇေယျ (UMS Aungzeya) နှင့် အနော်ရထာ (Anawrahta) အမည်ရှိ စစ်သင်္ဘောနှစ်စင်းဖြင့် လေ့ကျင့်သွားမည် ဖြစ်ကြောင်း အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းစစ်ရေးလေ့ကျင့်မှုတွင် အိန္ဒိယ ရေတပ်မတော်ပိုင် စစ်သင်္ဘော ခြောက်စင်း ပါဝင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရှိရသည်။


အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ သမ္မတရုံးသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ မသိရှိရသေးကြောင်းသာ ပြန်လည် ပြောကြားသည်။

ယင်းသို့နှစ်နိုင်ငံ ပူးတွဲစစ်ရေး လေ့ကျင့်မှုမစတင်မီ အဆိုပါမြန်မာ ရေတပ်ပိုင် အောင်ဇေယျနှင့် အနော်ရထာ စစ်သင်္ဘော နှစ်စင်းနှင့် ဆိုက်ရောက်လာမည့် မြန်မာ့ရေတပ်မတော်မှ တပ်မတော် အရာရှိများကို အန်ဒမန်ကျွန်းရှိ ဘလဲယား ဆိပ်ကမ်းတွင် သင်တန်းများ ပို့ချသွားမည် ဖြစ်ကြောင်း အန်ဒမန်နှင့် နီကိုဘာကျွန်း၏ ကာကွယ်ရေးဦးစီးချုပ် (ရေ) Marshal P.K Roy ကဆိုသည်။

မြန်မာရေတပ်မတော်သည် ပထမဦးဆုံး အကြိမ်အဖြစ် အိန္ဒိယရေတပ်က ဦးစီး၍ ဖေဖော်ဝါရီလ ၅ ရက်နေ့မှ ၉ ရက် နေ့အထိ ပြုလုပ်သော ချစ်ကြည်ရေး စစ်ရေးလေ့ကျင့်မှု (MILAN) တွင်လည်း ပါဝင်ဆင်နွှဲခဲ့ကြောင်း၊ ယင်းစစ်ရေး လေ့ကျင့်မှုတွင် မြန်မာနိုင်ငံ အပါအဝင် အိန္ဒိယ သမုဒ္ဒရာနှင့် ဆက်စပ်နေသော နိုင်ငံများဖြစ်သည့် သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ကင်ညာ၊ မလေးရှား၊ မော်ဒိုက်ဗ်၊ မော်ရေးရှပ်၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ စင်ကာပူ၊ သီရိလင်္ကာ၊ တန်ဇန်းနီယားနှင့် ထိုင်းနိုင်ငံတို့မှ ရေတပ်များက အန်ဒမန်နှင့် နီကိုဘာကျွန်းရှိ ဘလဲယား ဆိပ်ကမ်းတွင် ပါဝင်လေ့ကျင့်ခဲ့ခြင်း ဖြစ်ကြောင်း အိန္ဒိယရေတပ်၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

မြန်မာရေတပ်မတော်ပိုင် အောင်ဇေယျ (UMS Aungzeya) စစ်သင်္ဘောသည် ၂၀၁၁ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် အစောပိုင်းက အိန္ဒိယ ရေတပ်မတော်ပိုင် Visakhapatnam နှင့် စစ်ရေးလေ့ကျင့်မှု တစ်ရပ် ပြုလုပ်ခဲ့ကြောင်း အိန္ဒိယ သတင်းဌာန များတွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis