menu

Saturday 15 February 2014

ရဲတပ်ဖွဲ့ သေနတ်ကျည် မထွက်၍ ဒုချီးရားတန်း အကြမ်းဖက်မှု မတားဆီးနိုင်ဟု လူ့အခွင့်အရေး ကော်မရှင်ထုတ်ပြန်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာတွင် လုံခြုံရေး ကင်းလှည့်တပ်ဖွဲ့ကို အကြမ်းဖက်ရန် လုပ်ဆောင်ချိန်တွင် ဟန့်တား ခြောက်လှန့် ပစ်ခတ်သော်လည်း ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သည့် သေနတ်များမှာ ကျည်မထွက်သဖြင့် အကြမ်းဖက်မှုကို တားဆီးမှု မပြုနိုင်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

ဇန်နဝါရီလ ၁၃ရက်နေ့က ဖြစ်ပွားခဲ့သည့် လုံခြုံရေး ကင်းတပ်ဖွဲ့ဝင်များ အကြမ်းဖက် ခံရမှုတွင် ဘင်္ဂါလီများက အဆိုပါ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ချိန်တွင် ခြောက်လှန့် ပစ်ခတ်သော်လည်း ကျည်မထွက် ခဲ့ကြောင်း၊ အလားတူ နောက်ထပ် မဖြစ်ပွားအောင် လိုအပ်သည်များကို ဆောင်ရွက်ရန် လိုအပ်ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

မောင်တောမြို့နယ်တွင် ဒီဇင်ဘာလ ၉ ရက်နေ့က ဘင်္ဂါလီရှစ်ဦး အသတ်ခံရမှုမှာ ကောလာဟလသာ ဖြစ်ကြောင်း၊ ယင်းအပြင် ဇန်နဝါရီလ ၁၃ရက်နေ့က ဒုချီးရားတန်း အလယ်ရွာ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုတွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်၍ ဘင်္ဂါလီ ၄၀ ကျော် သတ်ဖြတ်ခံရသည်ဟု နိုင်ငံတကာတွင် ပျံ့နှံ့နေသည့် သတင်းများမှာလည်း ကောလာဟလသာ ဖြစ်ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။


ယင်းအကြမ်းဖက်မှု များကြောင့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) က ဘင်္ဂါလီ ၂၂ ဦးကို ဆေးကုသပေးရသည်ဟု ဆိုသော်လည်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ စစ်ဆေးချက်အရ MSF ဆေးခန်းတွင် ဆေးကုသပေးခြင်း မရှိသည်ကို တွေ့ရှိရကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အဆိုပါ အကြမ်းဖက်မှုများကို စုံစမ်းစစ်ဆေးရန် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ အကြမ်းဖက်မှု ဖြစ်ပွားရာ နေရာများကိုသွားကာ သက်ဆိုင်ရာ အာဏာပိုင်များ၊ ဒုချီးရားတန်းနှင့် ယင်းကျေးရွာ အနီးတစ်ဝိုက်ရှိ ဘင်္ဂါလီ အမျိုးသား၊ အမျိုးသမီးများ၊ ရပ်မိရပ်ဖများ၊ ဘာသာရေး ခေါင်းဆောင်များကို တွေ့ဆုံ မေးမြန်းခဲ့ကြောင်း၊ သို့သော်လည်း ဘင်္ဂါလီများ အကြမ်းဖက်ခံရသည့် အထောက်အထားများ မတွေ့ရကြောင်း ယင်းကော်မရှင်ထံမှ သိရှိရသည်။

ဒုချီးရားတန်း အရှေ့နှင့်အလယ် ကျေးရွာတို့တွင် ကျေးရွာသားများ ထွက်ပြေးမှု များကြောင် ဆန်စပါး၊ ကျွဲ၊ နွားများ လုယက် ခံရသည်ဟု ယူဆရပြီး စားနပ်ရိက္ခာများ ထောက်ပံ့သင့်ကြောင်း၊ အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် တင်းမာမှုများ ရှိနေသဖြင့် ပြဿနာ ထပ်မဖြစ်စေရန် လုံခြုံရေး အထူးအစီအမံများ ပြုလုပ်ရန် ကောက်မရှင်က တိုက်တွန်းထားသည်။

မောင်တောမြို့နယ်တွင် တိုင်ရင်းသားဦးရေ အလွန်နည်းပါးပြီး ဘင်္ဂါလီဦးရေ ရာခိုင်နှုန်း ၉၀ ကျော်ရှိသည့်အပြင် အကြမ်းဖက်မှုများ မကြာခဏ ဖြစ်ပွားလေ့ ရှိသော်လည်း ယင်းနေရာတွင် လုံခြုံရေး အင်အားချထားမှု အလွန်နည်းပါးကြောင်း၊ ရဲတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ရသည့် လက်နက် အရည်အသွေး ညံ့ဖျင်းမှုကြောင့် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံမှုကို ကာကွယ်ရန် အခက်အခဲ ဖြစ်ပေါ်နေကြောင်း မောင်တောမြို့နယ်တွင် တာဝန်ကျနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ဒုချီးရားတန်း ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို ဖော်ထုတ်ရန် လူပုဂ္ဂိုလ် ၁၀ ဦး ပါဝင်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့ရက်စွဲဖြင့် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး ဖွဲ့စည်းခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis