menu

Wednesday 25 December 2013

ပုဂ္ဂလိကကျောင်းက ကလေးတစ်ဦးထိခိုက်မှုအတွက် တာဝန်ယူမှုပျက်ကွက်စွပ်စွဲ


Written by  ဇော်ဇော်ထွေး ရန်ကုန်၊ မဇ္ဈိမ။    ။ကျောင်းအတွင်း ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိမှုအတွက် လုံလောက်သော တာဝန်ယူဆောင်ရွက်မှုကို Horizon ပုဂ္ဂလိကကျောင်းက ပျက်ကွက်ခဲ့သည်ဟု ကာယကံရှင် မိသားစုက ဒီဇင်ဘာ ၂၅ တွင် မီဒီယာများသို့ အသိပေးပြောဆိုလိုက်သည်။
လွန်ခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့သည့် ကျောင်းအတွင်း ကလေးတစ်ဦး မတော်တဆမှုတစ်ခုတွင် ကျောင်းက တာဝန်ယူဆောင်ရွက်ပေးမှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် အလုံလမ်း jasper house ကော်ဖီဆိုင်တွင် သတင်းမီဒီယာများဖြင့် တွေ့ဆုံပြီး အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကလေးထိခိုက်ခဲ့မှုအတွက် အကျိုးအသင့် အကြောင်းသင့် ရှင်းမပြကြဘူး၊ ပြီးတော့ သူတို့ပြောထားတဲ့ ဆေးဝါးကုသစောင့်ရှောက်မှု အပြည့်အဝမရဘူး၊ တာဝန်ယူဖြေရှင်းဆောင်ရွက်မှုမရှိတဲ့အပြင် ကလေးထိခိုက်တာကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းတယ်။ ဒီဖြစ်စဉ်တွေကြောင့် ဒီကျောင်းအပေါ် ယုံကြည်မှု လျော့နည်းသွားပါပြီ” ဟု ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးသန့်စင် က ပြောသည်။
ဖြစ်စဉ်တွင် အသက် ၃ နှစ်ကျော်အရွယ်ရှိ သမီးငယ်ဖြစ်သူမှာ ကျောင်းတွင် မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ရာတွင် ကျောင်းဘက်က မိဘများသို့ ခြေချော်လဲသဖြင့် ထိခိုက်မိကြောင်း သာမာန်အတိုင်းသာ ဆက်သွယ်ပြောဆိုခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ထိခိုက်ဒဏ်ရာရရှိမှုများအတွက် သူနာပြုတစ်ဦးထားရှိပြီး ပြုစုကုသမှုပေးသည်ဟု ကတိပြုထားသော်လည်း သူနာပြုဆရာမ မရှိဘဲ ဆရာမကသာလျှင် အနာအားရေဆေးပြီး ဘီတာဒိုင်းဆေးရည်သာ လိမ်းပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ကာယကံရှင်မိသားစုဝင်များက ပြောသည်။
အဆိုပါ ကလေးငယ်မှာ ကျောင်းကစားကွင်း လျောပေါ်မှာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း သိရှိရသော်လည်း မည်ကဲ့သို့ပြုတ်ကျခဲ့ကြောင်းကိုပင် ရှင်းပြနိုင်မှုမရှိကြောင်းနှင့် ကလေးငယ်၏ ညာဘက်မျက်ခုံးစွန်းတောင့်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းလည်းဖြစ်သည်။

“ကလေးငယ်တစ်ယောက် ဒီလိုဖြစ်ခဲ့တာတောင် အတန်းပိုင်ဆရာမက ထားပစ်ခဲ့ပြီး အစည်းအဝေးသွားတယ်။ ပြီးတော့ ဘယ်လိုဖြစ်ခဲ့တာတောင် တိတိပပမရှင်းပြနိုင်ခဲ့ဘူး၊ သူနာပြုဆရာမကလည်း ဒီနှစ်အတွက် မခန့်ထားရသေးဘူးတဲ့။ ဒါဆိုရင် ကလေးငယ်ကို သူ့တို့ပြောခဲ့တဲ့သတ်မှတ်ချက်တွေအတိုင်း သေချာကြည့်ရှုစောင့်ပေးမှု မရှိခဲ့ဘူးဆိုတာ တွေ့နေရတယ် ” ဟု ကာယကံရှင်မိသားစုနှင့် ဆွေမျိုးတော်စပ်သည့် ကိုဖြိုးက ပြောပြခဲ့သည်။
အထက်ပါ အကြောင်းအရများမှာ ကာယကံရှင်မိသားစုဘက်မှ ပြောကြားချက်များသာ ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်ဖြစ်ပွားသည့် ပြည်လမ်း (၆)မိုင်ခွဲ၊ ရွှေဟင်္သာလမ်းရှိ Horizon ကျောင်းသို့ ဆက်သွယ်ခဲ့ရာတွင် ဖုန်ကိုင်ဖြေကြားမည့်သူမရှိခဲ့ပေ။
အတန်းတစ်တန်းတွင် သင်ကြားရေးဆရာမ (၁)ဦး၊ အကူဆရာမ (၁)ဦး၊ လက်မှတ်ရ သူနာပြု (၁)ဦးဖြင့် ကလေးငယ်များအား အမြဲတာဝန်ယူဆောင်ရှောက်မှု ပြုသည်ဟု ကျောင်းဘက်မှ ကတိပြုထားသည်။
အဆိုပါ ကျောင်းတွင် ကလေးငယ်တစ်ဦး အတွက် နွေရာသီအတန်းချိန်နှင့် တစ်နှစ်စာစာသင်နှစ်ပေါင်း ကုန်ကျစားရိတ်မှာ ၄၅ သိန်းမှ သိန်း ၅၀ ကျပ်အထိ ကုန်ကျသည်ဟု သိရသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis