menu

Wednesday 25 December 2013

မြန်မာ-အိန္ဒိယနယ်စပ် နယ်စပ်မြေ ကျူးကျော်ခံရမှု တပ်မတော်တွင် တာဝန်ရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပြောကြား

Photo: မြန်မာ-အိန္ဒိယနယ်စပ် နယ်စပ်မြေ ကျူးကျော်ခံရမှု တပ်မတော်တွင် တာဝန်ရှိကြောင်း အရပ်ဘက် လူမှုအဖွဲ့အစည်းများ ပြောကြား

တမူး၊ ဒီဇင်ဘာ၂၄

မြန်မာ-အိန္ဒိယနယ်စပ် နှစ်နိုင်ငံ နယ်နိမိတ် အငြင်းပွား နယ်မြေတွင် အိန္ဒိယနိုင်ငံ၏ ကျူးကျော်ခံရမှုအတွက် တပ်မတော်တွင် တာဝန်အပြည့်အဝ ရှိကြောင်း တမူး၊ ကလေး၊ ကလေးဝနှင့် မင်းကင်းမြို့တို့ရှိ အရပ်ဘက် လူမှုအဖွဲ့အစည်းများက ဒီဇင်ဘာလ  ၂၄ ရက်နေ့တွင် တမူးမြို့၌ ပြုလုပ်သော ယင်းနယ်မြေ ကျူးကျော်မှုကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်ပွဲတွင် ပြောကြားသည်။
“ကျွန်တော်တို့ တပ်မတော်ကို အပြည့်အဝ အားကိုးတယ်။ ဆက်လက်ပြီး ကျူးကျော် မခံရဖို့အတွက် တပ်မတော်မှာ တာဝန်ရှိတယ်” ဟု အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်မှ ဦးကျော်သက်ဝင်းက ဆိုသည်။

မိမိတို့ ဆန္ဒထုတ်ဖော်ရခြင်းမှာ အိန္ဒိယနိုင်ငံနှင့် နိုင်ငံသားများအား မုန်းတီး၍ ပြုလုပ်ခြင်း မဟုတ်ဘဲ မိမိတို့နိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးမခံလိုခြင်းနှင့် အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေအား လေးစားလိုက်နာ စေလို၍ ဖြစ်ကြောင်း တမူး လူငယ်ကွန်ရက်မှ ဦးယဉ်ကိုဦးက ဆိုသည်။

ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြုလုပ်သော ဆန္ဒထုတ်ဖော်ပွဲကို တမူးမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေး ပါတီမှလည်း ပါဝင်ခဲ့ကြောင်း အဆိုပါ ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူများထံမှ သိရသည်။
“ဒီကိစ္စက နိုင်ငံရဲ့ အရေးကိစ္စဖြစ်တော့ နိုင်ငံမှာရှိတဲ့ နိုင်ငံရေး ပါတီတိုင်းမှာလည်း တာဝန်ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ပါဝင်တာပါ။ အားလုံး ၇၅ ယောက်ပါပါတယ်” ဟု ယင်းပါတီဝင် တမူးမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေက ပြောကြားသည်။

နှစ်နိုင်ငံ အငြင်းပွားနယ်မြေအဖြစ် သတ်မှတ်ထားသော နယ်စပ်နယ်နိမိတ် မှတ်တိုင် BP 77-78 ကြားတွင် (Integrated Check Post –ICP) ရုံးတည်ဆောက်ရန် မြေပြုပြင်နေခြင်းနှင့် ပတ်သက်၍ တမူး လူငယ်ကွန်ရက်နှင့် အထက်ချင်းတွင်းဒေသ လူငယ်များ ကွန်ရက်တို့မှ ဦးဆောင်ကာ တမူး၊ ကလေး၊ ကလေးဝ၊ မင်းကင်းမြို့ ဒေသခံတို့မှ ဆန္ဒထုတ်ဖော် ခဲ့ကြခြင်းဖြစ်ပြီး နယ်စပ် ဂိတ်အမှတ် (၁) ရှိရာ နန်းဖာလုံဈေးရှေ့မှ စတင်ကာ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုကြပြီး မြန်မာ-အိန္ဒိယ ချစ်ကြည်မှု မပျက်ပြားစေရေး၊ မြန်မာနိုင်ငံ နယ်နိမိတ် ကျူးကျော်မှု ရပ်ဆိုင်းရေး၊ အပြည်ပြည်ဆိုင်ရာ နယ်နိမိတ် ဥပဒေ လေးစားလိုက်နာရေး၊ ကဘော်သူ၊ ကဘော်သားများ စည်းလုံး ညီညွတ်ရေး စသည့်အချက်များ ပါဝင်သော မြန်မာ-အင်္ဂလိပ် နှစ်ဘာသာ ဆိုင်းဘုတ်များ ကိုင်ဆောင် ကြွေးကြော်ခဲ့ကြပြီး ကံကြီးဝ တံတားပေါ်မှ အိန္ဒိယနိုင်ငံဘက်သို့ လှည့်လည်ကြကာ နိုင်ငံတော်သီချင်း သံပြိုင် သီဆိုကြပြီး မဟူရာလမ်းအတိုင်း တမူးမြို့သို့ ဝင်ရောက်ကာ ကဘော်ချိုင့်ဝှမ်းမြို့တော် ဆိုင်းဘုတ်တွင် ဆန္ဒပြခြင်းကို ရပ်ဆိုင်းခဲ့သည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာ လဆန်းပိုင်းမှ စတင်ကာ နယ်စပ်နယ်နိမိတ် မှတ်တိုင် ဘီပီ ၇၇ နှင့် ၇၈ ကြားတွင် အိန္ဒိယနိုင်ငံ မိုရ်ရေးမြို့ရှိ အာသံ (၉) တပ်ရင်းမှ စစ်ဆေးရေးဂိတ်တစ်ခု တည်ဆောက်ရန် မြေပြုပြင်ခြင်းအား မြန်မာ အာဏာပိုင်များဘက်မှ (၁၀) ကြိမ်ထက်မနည်း ကန့်ကွက်စာ ပေးပို့သော်လည်း ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်သည့် နေ့တွင်ပင် မြေပြုပြင်နေခြင်း ရှိကြောင်း အဆိုပါ လူမှုအဖွဲ့အစည်းများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis