menu

Thursday 12 December 2013

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာ

Photo: မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာ

မြန်မာနိုင်ငံတွင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်နှုန်း များပြားလာပြီး အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား ဆယ်ကျော်သက် အမျိုးသမီး ၁၀၀၀ တွင် ၁၇ ဦးနှုန်း ကလေးမွေးဖွားနေရာ အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်း၊ မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရခြင်းကို လျှော့ချရန် အရေးတကြီး လုပ်ဆောင်ရန် လိုအပ်နေကြောင်း "၂၀၁၃ ခုနှစ်၊ ကမ္ဘာ့လူဦးရေ အစီရင်ခံစာ ဆွေးနွေးခြင်း အခမ်းအနား" တွင် ပြောကြားသည်။  

လက်ရှိ နိုင်ငံလူဦးရေ သန်း ၆၀ ရှိသည့်အနက် အသက် ၁၅ နှစ်နှင့် ၁၉ နှစ်အကြား အမျိုးသမီး ဦးရေမှာ ၂ ဒသမ ၉ သန်းခန့် ရှိနေကြောင်းနှင့် အသက်၂၀ မတိုင်မီ ကိုယ်ဝန်ဆောင်ခြင်းနှင့် မလိုချင်သော ကိုယ်ဝန်ဆောင်ရခြင်းတို့ကို လျှော့ချနိုင်ရန် အကူအညီများပေးရန် လိုအပ်နေသည်ဟု သိရသည်။

"လူငယ်တွေက လူဦးရေ အားလုံးရဲ့ သုံးပုံတစ်ပုံ ရှိတယ်။ မြန်မာနိုင်ငံရဲ့ ဆယ်ကျော်သက် မျိုးဆက်ပွား ကျန်းမာရေး အစီရင်ခံစာအရ ၃၈ ရာခိုင်နှုန်းထက် မနည်းတဲ့ အမျိုးသမီးတွေက တစ်ကြိမ်တစ်ခါ လိင်ဆက်ဆံမှု ပြုရုံနဲ့ ကိုယ်ဝန်ရသွား နိုင်တယ်ဆိုတာ မသိကြဘူး။ နောက်ပြီး ရာခိုင်နှုန်း ၂၀ လောက်က သားဆက်ခြားခြင်း အကြောင်းတွေကို မသိကြဘူး။ နောက် မြန်မာနိုင်ငံမှာ အိမ်ထောင်ပြုတဲ့ အသက်အရွယ်က မြို့ပြတွေမှာတော့ မြင့်မားလာပေမယ့် ကျေးလက်တွေမှာဆိုရင် စောစောစီးစီး အိမ်ထောင်ပြုတာကို တွေ့နေရဆဲ ဖြစ်တယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနမှ ဒေါက်တာကိုကိုက ဆိုသည်။

ဆယ်ကျော်သက် မိန်းကလေးများ အပါအ၀င် အမျိုးသမီးများ သေဆုံးရခြင်း အဓိက အကြောင်းရင်းများအနက် မလိုချင်ဘဲ ရရှိလာသည့် ကိုယ်ဝန်ကို ဖျက်ချခြင်း အပါအ၀င် ကိုယ်ဝန်ဆောင်ခြင်းနှင့် ပတ်သက်သည့် နောက်ဆက်တွဲ ပြဿနာများသည်လည်း တစ်ခုအပါအ၀င် ဖြစ်ကြောင်းနှင့် အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်နှုန်း များပြားလာခြင်းသည် မြန်မာနိုင်ငံ အပါအ၀င် တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားနေသည့် ပြဿနာ တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံရှိ အသက် ၁၅ နှစ်မှ ၂၄ နှစ်အတွင်း မျိုးဆက်ပွားနိုင်သည့် လူငယ်လူရွယ်များတွင် မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနှင့် ၀န်ဆောင်မှုများ အရေးတကြီး လိုအပ်နေကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

"တရားမ၀င် ကိုယ်ဝန်ဖျက်ချတာ (Criminal abortion) တွေကြောင့် သားပျက်သားလျှောဖြစ်ပြီး အသက်သေဆုံးရတဲ့ မိခင်တွေ အများကြီး ရှိနေပြီး အဲဒီအထဲမှာ ဆယ်ကျော်သက် မိခင်တွေလည်း ပါနေတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေမှာ ကိုယ်ဝန်ဖျက်ချနှုန်းက နောက်ဆုံးရထားတဲ့ အချက်အလက်တွေအရ ၃ ဒသမ ၁ ရာခိုင်နှုန်း ရှိနေပြီး  များသောအားဖြင့် လူငယ်တွေ များနေပါတယ်။ ဆယ်ကျော်သက် လူငယ်တွေမှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ရတော့ မလိုလားတဲ့ ကိုယ်ဝန်တွေ ဖြစ်တယ်။ အဲဒီအခါမှာ ဖျက်ဆီးဖို့ ဥပဒေပြင်ပက နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ အဲဒီလို ကြိုးစားရင်းနဲ့ပဲ မလိုလားအပ်တဲ့ သေဆုံးမှုတွေ ဖြစ်နေကြတာ တွေ့ရတယ်" ဟု ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကျန်းမာရေး ပညာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမြသွေးအိန္ဒြာက ဆိုသည်။

မည်သူမဆို ကိုယ်ဝန်ဆောင် မိခင်၏ အသက်ကို ကယ်ဆယ်လိုသော သဘောရိုးဖြင့် မဟုတ်ဘဲ ကိုယ်ဝန်ဆောင်မိန်းမကို ကိုယ်ဝန်ပျက်စေရန် မိမိအလိုအလျောက် ပြုလျှင် ထိုသူကို သုံးနှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း၊ မိန်းမသည် လှုပ်ရှားသော ကိုယ်ဝန်နှင့်ဖြစ်လျှင် ထိုသူကို ခုနစ်နှစ်ထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း သိရသည်။

ကိုယ်ဝန်ဆောင် မိခင်များအား အာဟာရမျှတစွာ စားသုံးတတ်စေရန် ကျန်းမာရေး ၀န်ထမ်းတစ်ဦးက အသိပညာ ပေးနေစဉ်

EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis