menu

Thursday 12 December 2013

အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့သည့် ယာဉ်တိုက်မှု ယာဉ်ပိုင်ရှင်က တစ်ဦးလျှင် ကျပ်တစ်သိန်းစီ နစ်နာကြေးပေး


မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းတွင် ဒီဇင်ဘာလ ၅ ရက်က ဖြစ်ပွားခဲ့သော မထသ (ဗဟို) လက်အောက်ရှိ အမှတ် (၄၈) အထူးယာဉ်လိုင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီးသုံးဦး ပွဲချင်းပြီးသေဆုံးခဲ့မှုအတွက် သေဆုံးသူတစ်ဦးလျှင် ငွေကျပ်တစ်သိန်းစီ ယာဉ်ပိုင်ရှင်က နစ်နာကြေးပေးခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါယာဉ်မှာ ဒီဇင်ဘာ ၅ ရက်က မြောက်ဥက္ကလာပမြို့နယ်အတွင်း မင်္ဂလာဒုံလေဆိပ် အ၀င်လမ်းအတိုင်း မောင်းလာစဉ် ဘရိတ်ပေါက်ကာ လက်ယာဘက်လမ်းဘေးတွင် လမ်းလျှောက်နေသည့် အမျိုးသမီးလေးဦးအား ၀င်တိုက်မိရာ ကလေးငယ်နှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။
““အဲဒီဖြစ်စဉ်မှာ အမျိုးသမီးသုံးဦးသေဆုံးခဲ့မှုအတွက် ယာဉ်ပိုင်ရှင်က နစ်နာကြေး ငွေသုံးသိန်းအပြင် နာရေးယာဉ်ငှားရမ်းခအနေနဲ့ ကျပ်တစ်သိန်းခွဲကျော် ကူညီခဲ့ပါတယ်””ဟု မထသ (ဗဟို) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူတစ်ဦးမှာ မြောက်ဥက္ကလာပဆေးရုံကြီးတွင် ကုသမှုခံယူခဲ့ပြီးနောက် ဆေးရုံမှ ပြန်ဆင်းသွားကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် သေဆုံးသွားသူများအတွက် ရန်ကုန်တိုင်းဒေသကြီး မထသက အကူငွေ စုစုပေါင်း ကျပ်ခြောက်သိန်း ထပ်မံပေးအပ်ခဲ့သည်။
““ယာဉ်ပိုင်ရှင်အနေနဲ့ နစ်နာကြေးပေးတာကို နည်းတယ်၊ များတယ် မပြောလိုပါဘူး။ နစ်နာကြေးအပြင် အခြားထောက်ပံ့မှုတွေလည်း ပေးရင်ပေးမှာပါ””ဟု မထသဗဟိုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ ယင်းယာဉ်တိုက်မှုဖြစ်စဉ် ဖြစ်ပွားစေခဲ့သော (၄၈)အထူး ယာဉ်မောင်းအား မရမ်းကုန်းမြို့ နယ် ယာဉ်ထိန်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကာ ပုဒ်မ-၃၀၄ (က)ဖြင့် အရေးယူထားကြောင်း သိရသည်။

အဆိုပါ လူသုံးဦး တစ်ပြိုင်နက်သေဆုံးခဲ့သောဖြစ်စဉ်မှာ မထသ (ဗဟို) လက်အောက်ရှိ ခရီးသည်တင်ယာဉ်လိုင်းများအနက် ယာဉ်တိုက်မှုဖြစ်ပွားကာ လူသေဆုံးခဲ့သည့် မှတ်တမ်းများတွင် အဆိုးရွားဆုံးဖြစ်ကြောင်း မထသ(ဗဟို)ထံမှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis