menu

Thursday 12 December 2013

တောင်ကြီးဗုံး ငါးဖမ်းမိုင်းခွဲရန် ယမ်းထုပ်ပြုလုပ်ရာမှ ပေါက်ကွဲဟုဆို


ရန်ကုန်၊ ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ် တောင်ကြီးမြို့ မြို့မရပ်ကွက် မြောက်ကျောင်းလမ်းနှင့် အုတ်ဖို လမ်းဆုံရှိ နေအိမ် တစ်လုံးတွင် ဒီဇင်ဘာ ၈ ရက် ည ၁၁ နာရီခန့်က ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုနှင့် ပတ်သက်၍ ငါးဖမ်းမိုင်းခွဲရန် ယမ်းထုပ်ပြုလုပ်ရာမှ ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း တောင်ကြီးမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

မြို့လယ်ဗလီ ဥက္ကဋ္ဌ အသက် ၄၈ နှစ်အရွယ်ရှိ ဟာဂျီယူစွတ် (ခ) ဦးမြင့်အောင်၏ နေအိမ်တွင် ငါးဖမ်းမိုင်းခွဲရန် ယမ်းထုပ် ပြုလုပ်နေစဉ် ယမ်းထုပ် ပူလာသောကြောင့် လက်ထဲမှ လွတ်ကျရာမှ အဆိုပါ အထုပ်မှာ လှေကားထစ်အောက်သို့ ပြုတ်ကျခါနီး ၎င်း၏ ဘယ်ဘက် ခြေထောက်ဖြင့် နင်းကာ အထုပ်မလိမ့်စေရန် တားဆီးရာမှ ပေါက်ကွဲခဲ့သည်ဟု ကာယကံရှင်က ဆိုကြောင်း တောင်ကြီးမြို့နယ် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ရှမ်းပြည်နယ်တွင် အင်းလေးမှ ညောင်ရွှေသို့ သွားသောလမ်းရှိ အင်းအိုင်နှင့် ဆည်များတွင် ငါးရှာသူ အများစုမှာ ငါးဖမ်းမိုင်းများ ပြုလုပ်ကာ ငါးရှာကြပြီး ဒေသအခေါ်အရ ယမ်းကွဲသည်ဟု ခေါ်ဆိုကြောင်း တောင်ကြီးမြို့ မြောက်ကျောင်းလမ်းအတွင်း နေထိုင်သူ အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ရှင်းပြသည်။


“ရှမ်းပြည်နယ်ဘက်မှာ ယမ်းက အလွယ်တကူ ဝယ်လို့ရတော့ ငါးရှာတဲ့သူ အများစုက ကွန်နဲ့ မဖမ်းကြတော့ဘဲ ငါးဖမ်းမိုင်းနဲ့ ငါးဖမ်းလာတာ တော်တော် များလာတယ်။ အခု မိုင်းကွဲလို့ ဒဏ်ရာရတဲ့ သူက ငါးဖမ်း ဝါသနာပါတယ်။ အိမ်မှာလည်း အမဲခြောက် လုပ်ငန်းလုပ်တော့ ယမ်းက အဆင်သင့် ရှိတယ်လေ။ မလုပ်တတ် လုပ်တတ်နဲ့ လုပ်ရင်းက ထပေါက်တာ ဖြစ်မှာပေါ့” ဟု ၎င်းကဆိုသည်။

အဆိုပါ နေအိမ်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် မိသားစုဝင် လေးဦး၊ အလုပ်သမား ခြောက်ဦး အပါအဝင် လူ ၁၀ ဦးကို မြို့မရဲစခန်းမှ ခေါ်ယူစစ်ဆေးခဲ့ပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နေအိမ်သို့ ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါ ရပ်ကွက်တွင်း နေထိုင်သူများထံမှ သိရှိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဒဏ်ရာ ရရှိသူမှာ ဆိတ်၊ အမဲ သားသတ်လိုင်စင်ဖြင့် သားသတ်လုပ်ငန်း လုပ်ကိုင်သူ ဖြစ်ပြီး ၎င်း၏နေအိမ်တွင် နံနက် ၆ နာရီမှ ညနေပိုင်းအထိ အမဲသားများ ရောင်းချခြင်း ကြောင့် လူဝင်လူထွက်များ ရှိကြောင်း ယင်းရပ်ကွက်တွင်း နေထိုင်သူများထံမှ သိရှိရသည်။

ဒဏ်ရာရရှိသူမှာ ဘယ်ဘက် ခြေချင်းဝတ်ပြတ်၊ ဘယ်ဘက် လက်တွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံတွင် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ဆေးကုသမှု ခံယူနေရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ငါးဖမ်းမိုင်း ယမ်းထုပ်ပြုလုပ်သူ ဦးမြင့်အောင်ကို တောင်ကြီးအမှတ် (၁) မြို့မရဲစခန်းမှ (ပ) ၃၁၃/၁၃၊ ပေါက်ကွဲမှု ဥပဒေပုဒ်မ ၅ ဖြင့် အမှုဖွင့်ကာ စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သက်ဆိုင်ရာ ရဲစခန်းထံမှ သိရှိရသည်။

အောက်တိုဘာလ ဒုတိယပတ်မှ တတိယပတ်အတွင်း ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) နမ့်ခမ်းမြို့တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး လူသုံးဦး သေဆုံးကာ နိုင်ငံခြားသားတစ်ဦး အပါအဝင် လူခုနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis