menu

Thursday 19 December 2013

တစ်ချိန်က ရွှေဆုများရှင်

Photo: တစ်ချိန်က ရွှေဆုများရှင်
--------------------
ရေးသားသူ- ထွန်းခိုင်

လေးဖက်လေးတန် ပရိသတ်များပြည့်နေသည့် အမျိုးသားရေကူးကန်ထဲ ရောက်လာချိန်တွင် စိတ်လှုပ်ရှားနေခဲ့သည်။ ရန်ကုန်ဆောင်း၏အငွေ့အသက်ကြောင့် ရာသီဥတုမှာ အတန်ငယ် အေးစိမ့်စိမ့်ဖြစ်နေခဲ့သော်လည်း စိုးရိမ်စိတ်ကြောင့် သူ့ရင်မှာ အနည်းငယ်ပူလောင်နေခဲ့သည်။ နိုင်ငံတကာပြိုင်ပွဲအတွေ့အကြုံ လုံးဝမရှိသေးသည့် ရေတပ်သားလေး၏ စိတ်လှုပ်ရှားမှုသည် ရေကူးကန်ဒိုင်ဗင်စင်ပေါ်ရောက်သည်အထိ မရပ်သေး။

“ဒိုင်ဗင်စင်ပေါ်ရောက်တော့ ကြောက်နေတာပေါ့။ အသားတွေလည်းတုန်နေတယ်”ဟု လွန်ခဲ့သော နှစ် ၅၀ ကျော်ကြာက အတွေ့အကြုံကို ဦးချစ်စိန်ကပြန်ပြောပြသည်။

၁၉၆၁ ခုနှစ်က မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဒုတိယအကြိမ်မြောက်ကျွန်းဆွယ်ပြိုင်ပွဲ (၁၉၇၇ မှစတင်ပြီး ဆီးဂိမ်းဟုအမည်ပြောင်းခဲ့သည်)တွင် ၀င်ရောက်ယှဉ်ပြိုင်စဉ်က သူတွေ့ကြုံရပုံကို တပ်မတော်ရေအရာရှိဟောင်း ဦးချစ်စိန်က ပြန်ပြောပြနေခြင်းဖြစ်သည်။

ထိုနေ့သည် နောင်တွင် မြန်မာနိုင်ငံ ရေကူးသမိုင်းအတွက် အရေးပါသည့်နေ့တစ်နေ့ ဖြစ်လာခဲ့သည်။ ဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲတစ်ခုကို အိမ်ရှင်အဖြစ် ပထမဆုံးလက်ခံကျင်းပချိန်တွင် မြန်မာ့ရေကူးအားကစားသမားများအတွက် ပထမဆုံးပြိုင်ပွဲအဖြစ် ယှဉ်ပြိုင်ရမည့်နေ့ဖြစ်သည်။

ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ကမ္ဘောဒီးယားနှင့် လာအိုကစားသမားများနှင့် ဦးချစ်စိန်တို့ ဒိုင်လူကြီးက အချက်ပြလိုက်သည်နှင့်တစ်ပြိုင်နက် ရေထဲဒိုင်ဗင်ထိုးဆင်း လိုက်ကြသည်။

ထိုနေ့ပြိုင်ပွဲက လေးယောက်တွဲလေးမျိုးကူးပြိုင်ပွဲဖြစ်သည်။ ဦးချစ်စိန်တစ်ယောက် သူ့အလှည့်ပြီးသွားတော့ ကမ်းပေါ်တက်ကာ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ၏ကစားဖော်များကို စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးကူးခတ်ရသည့် တင်မောင်နီအလှည့်အပြီးတွင် မြန်မာတို့ ရှေ့ဆုံးကပန်းဝင်ခဲ့ပြီး မြန်မာ့မြေပေါ်တွင် မြန်မာရေကူးသမိုင်းအတွက် ပထမဆုံးရွှေတံဆိပ်ကို ဆွတ်ခူးပေးနိုင်ခဲ့သည်။

ဒိုင်ဗင်စင်ပေါ်ရောက်နေစဉ် စိတ်လှုပ်ရှားနေသည်ဟုပြောသည့် ဦးချစ်စိန်ကို ရေထဲတွင်ရော ဘယ်လိုနေလဲဟုမေးတော့ “ရေထဲရောက်တယ်ဆိုကတည်းက ဘယ်ကောင်မှသောက်ဂရုမစိုက်ဘူးလို့ တွေးတယ်”ဟု သူကပြောသည်။

“ကျွန်တော် အမြဲအကောင်းဆုံးလုပ်တယ်။ ဒါပေမဲ့ ကျွန်တော့်အယူအဆက ဘယ်အချိန်ဖြစ်ဖြစ် ရှုံးရှုံးနိုင်နိုင်ဂရုကိုမစိုက်ဘူး။ လက်ဝှေ့သမားက ဖူးရောင်နေသေးတယ်။ ကျွန်တော်တို့က ဒီဘက်ကမတက်ရင် ဟိုဘက်ကတက်ပြီး တစ်ဖက်တစ်ယောက်ယူခိုင်းပြီးတော့ အခန်းထဲဝင်သွားရုံပဲ”ဟု ရေကူးအားကစားနှင့်ပတ်သက်သည့် သူ၏ဒဿနကို ဦးချစ်စိန်ကပြောသည်။

ရေကူးနှင့်ပတ်သက်ပြီး ဒီလိုအတွေးအခေါ်မျိုးရှိတာ သူတစ်ယောက်တည်းတော့မဟုတ်။ အကောင်းဆုံးလုပ်ခဲ့ပြီး ဆီးဂိမ်း (ထိုစဉ်ကျွန်းဆွယ်) သမိုင်းတစ်လျှောက် မြန်မာ့ရေကူးသမိုင်းတွင် ပထမဆုံးဆုတံဆိပ်ရခဲ့သော်လည်း အရှုံးအနိုင်ကို ဂရုမစိုက်သူများလည်းရှိခဲ့သည်။

သူရွှေတံဆိပ်ရပြီး ၅၂ နှစ်ကြာမှ ပြန်လည်ကျင်းပသည့် နေပြည်တော်ဆီးဂိမ်းအတွက် နိုင်ငံဂုဏ်ဆောင်အားကစားသမားဟောင်းများ လာရောက်စာရင်းပေးရန် အားကစားဝန်ကြီးဌာန၏ ကြေညာချက်ကြောင့် ဦးချစ်စိန်တစ်ယောက် ပြန်လည်ဆက်သွယ်စာရင်းပေးသည်။

ထို့အတွက် ဂုဏ်ပြုပွဲလာတက်ရန် ဖုန်းဖြင့်အကြောင်းကြားတော့ ယခု အသက်(၇၀)ကျော်ရှိနေပြီဖြစ်သည့် ဦးချစ်စိန်တစ်ယောက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ရပြီး ရန်ကုန်ကျိုက္ကဆံကွင်းဆီသို့ ချီတက်ခဲ့သည်။

“ဟိုကျတော့ ကျွန်တော့်နာမည်မပါဘူး။ အင်မတန်ဝမ်းနည်းဖို့ကောင်းတာပေါ့။ ရေကူးအဖွဲ့မပါဘူးဆိုတော့ ကျွန်တော် တော်တော်စိတ်ပျက်သွားတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပြန်လာခဲ့တယ်”ဟု နိုင်ငံ့ဂုဏ်ဆောင်ကစားသမားများအပေါ် အလေးမထားသလိုခံစားရကြောင်း ဦးချစ်စိန်ကပြန်ပြောသည်။

ဒီလိုကြုံရသည်မှာ သူတစ်ယောက်တည်းမဟုတ်။ အခြားကစားသမားဟောင်းအချို့လည်း ပြန်သွားခဲ့ရသည်ဟု သူကပြောသည်။

“ဘယ်ပွဲမှာ ဘယ်သူတွေနိုင်ထားတယ်။ ဘာရတယ်ဆိုတာ သူတို့သိသင့်တာပေါ့”ဟု နိုင်ငံတကာအဆင့် ရွှေတံဆိပ်လေးခုအထိ နိုင်ငံအတွက်ယူပေးခဲ့သည့် ဦးချစ်စိန်ကပြောသည်။

နိုင်ငံအတွက် ရွှေတံဆိပ်များရယူပေးခဲ့သည့် သူ့အတွက် ရေကူးအားကစားမှာ စိတ်လှုပ်ရှားမှုအပြည့်ဖြစ်ခဲ့သလို စိတ်ပျက်စရာများလည်းရှိခဲ့သည်။ နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည့်အတွက် ငွေကြေးဆိုင်ရာချီးမြှင့်မှုများမှာ လုံလောက်အောင်မရခဲ့ဟု သူကပြောသည်။

ထိုစဉ်က တစ်ယောက်ချင်း မီတာ ၁၀၀ ပတ်လက်ကူးတွင်ပါ ရွှေတံဆိပ်ရခဲ့သည့် ဦးချစ်စိန်တစ်ယောက် ရေတပ်သားရာထူးမှ တပ်ကြပ်ရာထူးသို့ တိုးမြှင့်ပေးခံခဲ့ရခြင်းကသာ မှတ်လောက်သားလောက်သည့်ချီးမြှင့်မှုဟု သူကပြောသည်။

သူသာမက အာရှအဆင့်တွင် ရွှေတံဆိပ်ရခဲ့သည့် သူ၏ကစားဖော်ဖြစ်သူ နာမည်ကျော် မြန်မာ့ရေကူးချန်ပီယံ တင်မောင်နီတစ်ယောက်သည်လည်း ထိုနည်းလည်းကောင်းဟု သူကပြောသည်။

“တင်မောင်နီ အာရှဂိမ်းမှာ ရွှေရတုန်းက ကမ္ဘာပတ်ရတယ်။ ရာထူးတိုးပေးလိုက်တယ်။ အဲဒီလောက်ပဲ။ ကျွန်တော်တို့ ၆၁ မှာ ရွှေရတုန်းကလည်း ဘာမှမရဘူး”ဟု သူကပြောသည်။

ထိုစဉ်က မြန်မာ့ရေကူးသည် အရှေ့တောင်အာရှသာမက အာရှတွင်ပင် လူသူလေးစားသည့်အဆင့်တွင် ရပ်တည်နိုင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်း၌  အခြေအနေအမျိုးမျိုးကြောင့် အောင်မြင်မှုများနှင့် ဝေးသွားခဲ့ရသည်။ နည်းပြအလုပ်ဖြင့်လည်း အသက်မွေးခဲ့ဖူးသည်။ သူက တစ်ချိန်က လျှမ်းလျှမ်းတောက်ခဲ့သည့် မြန်မာ့ရေကူးမှာ အနာဂတ်တွင် အလားအလာမကောင်းဟု သုံးသပ်ခဲ့သည်။

“နောက်လည်း ကျွန်တော် ထင်တယ်။ အလားအလာမကောင်းဘူး။ သုံးနှစ်လောက်လုပ်မှ အရှေ့တောင်အာရှမှာ နည်းနည်းရမှာ။ အာရှအဆင့်ဆိုရင် သိပ်မလွယ်ဘူး။ တော်တော်လုပ်ရမှာ”ဟု ဆိုသည်။

ယခု မြန်မာ့လက်ရွေးစင်ဝါတာပိုလိုအသင်း ဂိုးပြတ်ရှုံးနိမ့်သည်မှာလည်း ရေကူးအားကစား အောင်မြင်မှုကျဆင်းလာသည်နှင့် ပတ်သက်မှုရှိကြောင်း သူ့အမြင်ကိုပြောသည်။

“၀ါတာပိုလိုဆိုတာမျိုးကလည်း ရေကူးသမားအသက်ကြီးရင် ၀ါတာပိုလိုကစားရတယ်။ အခုက ၀ါတာပိုလိုလည်း အခြေအနေမကောင်းဘူး”ဟု သူကပြောသည်။

မြန်မာ့ရေကူးအားကစားအဆင့်အတန်း ကျဆင်းရခြင်းမှာ ၁၉၆၄ ၀န်းကျင်မှ စတင်ခဲ့ခြင်းဖြစ်ကြောင်း သူကပြောသည်။ အားကစားသမားများနှင့် နည်းပြများအား လုံလောက်စွာထောက်ပံ့မှု မပေးခြင်း၊ ရေကူးကန်များသည် အားကစားလုပ်ဖို့ထက် ဇိမ်ခံသည့် တန်ဖိုးကြီးပစ္စည်းတစ်ခုအနေဖြင့် ရှိနေခြင်းက ရေကူးအားကစားအဆင့်အတန်း ကျဆင်းလာခြင်း၏ အကြောင်းရင်းဟု သူကသုံးသပ်သည်။

ထို့အပြင် အားကစားအသင်းအဖွဲ့များကို အားကစားမကျွမ်းကျင်သည့် စီးပွားရေးသမားများက ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနေရာများ ယူခြင်းကလည်း မြန်မာ့အားကစားအဆင့်အတန်းကို ကျဆင်းစေခဲ့ကြောင်း သူက ပွင့်ပွင့်လင်းလင်းထောက်ပြခဲ့သည်။

မြန်မာ့ရေကူးအားကစားအတွက် သမိုင်းသစ်ရေးထိုးနိုင်ခဲ့သည့် အသက်(၇၀)ကျော်အရွယ်ရှိနေပြီဖြစ်သော ဦးချစ်စိန်တစ်ယောက် အခြားသော နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းများနှင့်အတူ ရန်ကုန်တွင် ဆီးဂိမ်းမီးရှူးတိုင် သယ်ဆောင်ခွင့်ရခဲ့သည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က အားကစားသမားများ တာဝန်ကျေခဲ့သော်လည်း သူတို့အားထောက်ပံ့ပေးရန် တာဝန်ရှိသူများက တာဝန်မကျေခဲ့ကြ။

အားကစားသမားများ အောင်မြင်မှုရရန် ကျပ်သိန်းရာချီထောက်ပံ့ပေးရန် အဆင်သင့်ရှိနေခဲ့သည့် ယနေ့အချိန်တွင်တော့ မြန်မာ့ရေကူးအားကစားက ကြေးတံဆိပ်နားပင် ကပ်ခွင့်ရရန်မလွယ်တော့။

“ငါ အခုနေ အသက်ပြန်ငယ်ချင်တဲ့စိတ်ရှိတာပေါ့။ သူတို့လို ကိုယ်လည်းကြိုးစားချင်တာပေါ့။ ပိုက်ဆံလိုချင်လို့မဟုတ်ပါဘူး။ တိုင်းပြည်က ဒီလောက်အခွင့်အရေးပေးနေတာ။ ကျွန်တော်တို့တုန်းကလည်း မကြုံခဲ့ဘူး။ ဘောလုံးသမားတွေလည်း မကြုံခဲ့ဘူး”ဟု နိုင်ငံ့ဂုဏ်ဆောင် ရေတပ်သားဟောင်းကြီးက အတိတ်နှင့် လက်ရှိအခြေအနေကို နှိုင်းယှဉ်ပြီးပြောကြားသည်။

ဓာတ်ပုံ- ထွန်းခိုင်

7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis