menu

Tuesday 5 November 2013

တိုးတက်ဖို့လိုအပ်ဆဲ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ Google ထောက်ပြ

မြန်မာနိုင်ငံမှာ အင်တာနက်ဆက်သွယ်ရေး ပိုမိုပွင့်လင်းလာနေမှုနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံရဲ့အခြေအနေနဲ့နှိုင်းယှဉ်ပြီး ဂူဂဲလ်အမှုဆောင်အရာရှိ ချုပ်က ဟောင်ကောင်တက္ကသိုလ်မှာ ပြောဆိုခဲ့တဲ့အကြောင်း ဦးစံမိုဝေက တင်ပြပေးထားပါတယ်။

အင်တာနက်ဆက်သွယ်ရေး ပွင့်လင်းလွတ်လပ်မှုဆိုတာဟာ နိုင်ငံတနိုင်ငံ၊ အစိုးရတရပ်အနေနဲ့ ဘယ်လောက် စိတ်ကောင်းစေတနာရှိတယ်၊ ပွင့်လင်းဖော်ရွေမှု ရှိတယ်ဆိုတာကို ပြသရာမှာ အဓိကကျတဲ့အချက် တချက်ဖြစ်ကြောင်း ဂူဂဲလ်ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ မစ္စတာ အဲရစ် ရှမစ်က ဟောင်ကောင်တရုတ်တက္ကသိုလ် Chinese University of Hongkong စီးပွားရေးပညာဌာန ဖွင့်ပွဲအခမ်းအနားမှာ ကျောင်းသူကျောင်းသားတွေကို ပြောဆိုလိုက်ပါတယ်။

ကျနော်တို့ရင်ဆိုင်နေရတဲ့ပြဿနာတွေကို တတ်သိပညာရှင်တွေနဲ့ ဖြေရှင်းပေးမယ်ဆိုပြီးတော့ အစိုးရကောင်းတွေက ပြောကြပါတယ်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်တွေ လိုအပ်ပါတယ်။ အလုပ်လက်မဲ့ပြဿနာတွေကို ဖြေရှင်းပေးပါမယ်၊ အဲဒီလိုအချက်တွေကို ပတ်သက်ပြီးတော့ ဂူဂဲလ်ပေါ်မှာ ငြင်းခုန်ကြပါတယ်။ ဘာလဲဆိုတော့ ခင်ဗျားတို့အနေနဲ့ကော အင်တာနက် ပွင့်လင်းလွတ်လပ်ခွင့် ဘယ်လောက်ပေးထားလဲ ဆိုတာပါပဲလို့ အဲရစ္စ် ရှမစ်က ပြောခဲ့တာပါ။ ဟောင်ကောင်မှာရှိတဲ့ အင်တာနက်လွတ်လပ်ခွင့်မျိုး ပြည်မကြီးမှာ မရှိပါဘူး။ စိတ်မကောင်းဖြစ်ရပါတယ်။ ဒါဟာ အစိုးရရဲ့ မူဝါဒနဲ့ သက်ဆိုင်ပါတယ် ဆိုပြီးတော့လည်း သူက ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ နှိုင်းယှဉ်ပြီးတော့လည်း -

“၂၀၀၄ ခုနှစ်တုန်းကဆိုရင် မြန်မာနိုင်ငံက စစ်အစိုးရဟာ ပြည်သူတွေ အီးမေးလ် မသုံးနိုင်အောင် ပိတ်ပင်ထားခဲ့ပါတယ်။ hot mail, yahoo, စတာတွေနဲ့ ဆက်သွယ်တဲ့ အီးမေးလ်တွေကို အသုံးမပြုရဘူးဆိုပြီးတော့ နာမည်တပ်ပြီး တားမြစ်တဲ့ဥပဒေ ထုတ်ပြန်ခဲ့ပါတယ်။ ဂျီမေးလ်ကတော့ ၂၀၀၄ ခုနှစ်၊ ဧပြီ (၁) ရက်မှ စတင်ခဲ့တာဆိုတော့ အဲဒီဥပဒေနဲ့လွတ်သွားတာပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့ကမြန်မာနိုင်ငံနဲ့ ရာနှုန်းပြည့် ဈေးကွက်ရခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ခင်ဗျားတို့ကို ကျနော် ပြောရရင် ရယ်စရာလို့ ထင်ချင်ထင်ကြလိမယ်။ မြန်မာနိုင်ငံက ထိပ်တန်းခေါင်းဆောင်တွေ အားလုံးမှာ ဂျီမေးလ်အကောင့်တွေ ရှိတယ်ဗျ။”

မစ္စတာရှမစ်ဟာ ပြီးခဲ့တဲ့ မတ်လတုန်းက ဗမာပြည်ကို သွားရောက် လည်ပတ် ခဲ့ပါတယ်။ သူက မြန်မာနိုင်ငံမှာ နှစ်ပေါင်းငါးဆယ်လောက် စစ်တပ်က ထိန်းချုပ် ခဲ့ပြီးတဲ့နောက် ဘေးဖယ်ပေးခဲ့ပြီး ထွက်ပေါ်လာတဲ့အစိုးရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုတွေရဲ့ နောက်ကြောင်းပြန် မလှည့်နိုင်အောင် အင်တာနက် ကနေ တွန်းအားပေးနိုင်ခဲ့ပါတယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာ ဆက်သွယ်ရေးပိုင်းဆိုင်ရာကိစ္စတွေ ပိုပြီးတော့ အရှိန်အဟုန်မြှင့်ပြီး ပြောင်းလဲလာတယ်လို့ ဆိုနိုင်ပါတယ်။ တယ်လီဖုန်းဆင်းကဒ်တွေ ဈေးကျသွားတယ်။ အရင်က ကဒ်တစ်ကဒ်ကို ဒေါ်လာ ၅ ထောင်လောက် ရှိနေရာကနေ ဒေါ်လာ ၂၀ လောက်အထိကို ဖြစ်သွားခဲ့တယ်။ အလွန်ကို အံ့အားသင့်စရာကောင်းပါတယ်။ ဝယ်ယူသုံးစွဲသူအားကလည်း အရမ်းကို များနေတာကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကလည်း တယ်လီဖုန်းကို အသုံးပြုချင်ကြတာပေါ့ဗျာ။”

ဂူဂဲလ်ရဲ့ အမှုဆောင်အရာရှိချုပ် အဲရစ် ရှမစ်က မြောက်ကိုရီးယားနိုင်ငံရဲ့ အခြေအနေနဲ့ နှိုင်းယှဉ်ပြီးတော့လည်း အခုလို ပြောဆိုသွားပါသေးတယ်။

“မြောက်ကိုရီးယားနိုင်ငံဟာဆိုရင် ကမ္ဘာမှာ အထီးကျန်အဖြစ်ဆုံးနိုင်ငံတခုပါ။ လူဦးရေ ၂၃ သန်းရှိပေမဲ့ တယ်လီဖုန်းက တစ်သန်းပဲရှိတယ်လေ။ နောက်ပြီး ဒီတယ်လီဖုန်းတွေက ပြည်တွင်းမှာပဲ ဆက်သွယ်ပြောနိုင်ပြီး ပြည်ပနဲ့တော့ ဆက်သွယ်လို့ မရဘူးဗျ။ တိုင်းပြည်ရဲ့ပြင်ပက သတင်းအချက်အလက်တွေကို သူတို့ မသိကြရဘူးလေ။ တော်တော့ကို ဆိုးတယ်ဗျာ။ ဒါကြောင့် ကျနော်တို့က မြောက်ကိုရီးယားအစိုးရကို အင်တာနက်အသုံးပြုမှု နည်းနည်းပါးပါး ဖွင့်ပေးလာအောင် တိုက်တွန်းနေရတာပါ။ ဒါဟာ အစိုးရအတွက်ရော ပြည်သူ အတွက်ပါ အကျိုးရှိပါတယ်။ ကျန်းမာရေးကိစ္စတွေအပါအဝင် တခြားအကျိုးရှိတဲ့ အရာတွေ အများကြီးရှိပါတယ်။ တခြားဘယ်လို သက်ရောက်မှုရှိလဲ ဆိုတာကိုတော့ ကျနော် ထပ်မပြောတတ်ပါဘူး။ အကြံပေးသူတွေကို တိုင်းပြည်ကနေ မောင်းထုတ်ပစ်လိုက်တယ်။ နောက်ပြီး မစ်ဇိုင်း ဒုံးပျံတစ်စင်း ထပ်လွှတ်ပစ်လိုက်တယ်။ အခုတော့ အရင်ကထက်တော့ ပိုကောင်းလာပါတယ်။ ကောင်းသလား၊ ဆိုးသလား၊ သမိုင်းမှာ မြင်တွေ့ကြရမှာပေါ့ဗျာ။”

တချိန်က ဂူဂဲလ်အပါအဝင် နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF တို့က မြန်မာနိုင်ငံရဲ့ အင်တာနက်ဆက်သွယ်ရေးအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပေမဲ့ အခု လက်ရှိမှာ ပိုမိုပွင့်လင်းလွတ်လပ်လာတဲ့အပေါ်မှာ အသိအမှတ်ပြု ပြောဆိုတာတွေကိုလည်း တွေ့မြင်လာနေရပါတယ်။

ဦးစံမိုဝေ (ဗွီအိုအေ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis