menu

Tuesday 5 November 2013

ဘူးသီးတောင် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သတိပေး


နေပြည်တော်၊ နိုဝင်ဘာ ၎

ရခိုင်ပြည်နယ်၏ အမျိုးသား အကျိုးစီးပွားအတွက် ရှေးရှုသည့်အနေနှင့် ဘူးသီးတောင်၊ မောင်တောဒေသတွင် လုံခြုံရေး၊ လူဝင်မှုကြီးကြပ်ရေး၊ အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် ကောင်းမွန်အောင် အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို ကန့်ကွက်သည့် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီကြောင်း သတိပေးသည်။

ယင်းအဆိုကို ရသေ့တောင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက နိုဝင်ဘာ ၄ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်သွင်းခြင်းအပေါ် ဦးရွှေမောင်က ကန့်ကွက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်နယ်စပ် တစ်ဖက်နိုင်ငံအတွင်း ဖွင့်လှစ်ထားသော လူဦးရေ သိန်းဂဏန်းရှိသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်သည့် လူလတ်ပိုင်း အရွယ်များကို ရခိုင်ပြည်နယ်အား တိုက်ခိုက်ရန် အစွန်းရောက် အဖွဲ့များက သိမ်းသွင်းပြီး သင်တန်းများ ဖွင့်လှစ်ထားသည့်အပြင် လူမျိုးရေး၊ ဘာသာရေး အမည်ခံ အဖွဲ့များက ကူညီထောက်ပံ့မှုများ ပေးနေကြောင်း၊ ယင်းကြောင့် ရခိုင်ပြည်နယ် အမျိုးသား အကျိုးစီးပွားကို ရှေးရှုသည့်အနေနှင့် အုပ်ချုပ်ရေး အစီအမံများကို ယခင်ကထက် ကောင်းမွန်အောင် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ကို တိုက်တွန်းသည့် အဆိုကို ဒေါ်ခင်စောဝေက တင်သွင်းခဲ့ခြင်း ဖြစ်သည်။


“အမျိုးသား အကျိုးစီးပွားအတွက် ဦးစားပေးပြီး လုပ်သင့် လုပ်ထိုက်တာကို အထက်က ညွှန်ကြားမှ မဟုတ်ဘဲ ပြည်နယ် အကျိုးအတွက် ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ လုပ်ဆောင်ဖို့ အချိန်ကျရောက်နေပြီ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကမူ ယင်းအဆိုသည် အချက်အလက် ခိုင်မာမှု မရှိသည့်အတွက် အမျိုးသား အကျိုးစီးပွားအတွက် မဖြစ်နိုင်သည့်အပြင် နိုင်ငံတော် အတွက်လည်း အကျိုးမရှိသည့် အဆိုဖြစ်သဖြင့် လွှတ်တော်က မှတ်တမ်းတင်ရန် ခွင့်မပြုသင့်ကြောင်း ကန့်ကွက်ခဲ့သည်။
“အနောက်တံခါး ကျိုးပျက်ဖို့ မတရား ခိုးဝင်လာတယ်တို့ ပြောနေတဲ့ဟာက လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတာနဲ့ တခြားစီပဲ” ဟု ၎င်းက ကန့်ကွက်သည်။

ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်၏ ကန့်ကွက်မှုသည် လွှတ်တော်တွင် ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ကိုက်ညီမှု မရှိကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုသည်။
“အဆိုကို ခွင့်ပြုတယ်၊ မပြုတယ်က လွှတ်တော် ဥက္ကဋ္ဌက ဆုံးဖြတ်ရမှာပါ။ ကန့်ကွက်ချင်တယ် ဆိုရင် အဆိုရှင် တင်သွင်းနေတဲ့အချိန် မတ်တတ်ထပြီး ကန့်ကွက်လို့ ရပါတယ်။ အဆိုရှင် တင်သွင်းတာကို သက်ဆိုင်ရာ ဝန်ကြီးဌာနက ရှင်းလင်းပြီးမှ ခွင့်မပြုသင့်ဘူးလို့ ကန့်ကွက်တာဟာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီဘူး” ဟု ၎င်းကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များသည် လွှတ်တော်က ပြဋ္ဌာန်းထားသော ဥပဒေ၊ နည်းဥပဒေများကို ပြဋ္ဌာန်းရန် လိုအပ်သကဲ့သို့ အခြားတည်ဆဲ ဥပဒေများကိုလည်း သိရှိရန် လိုအပ်သည့်အပြင် သာမန်ပြည်သူထက် ပိုမိုလိုက်နာ သိရှိရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis