menu

Tuesday 5 November 2013

နိုက်ဂျီးရီးယားတွင် မင်္ဂလာဆောင်ယာဉ်တန်း တိုက်ခိုက်ခံရမှု လူ ၃၀ ကျော်သေဆုံး

နိုက်ဂျီးရီးယား နိုင်ငံတွင် မင်္ဂလာဆောင် ယာဉ်တန်းတစ်ခုကို သေနတ်သမားများက စီးနင်းပစ်ခတ်သဖြင့် လူ(၃၀)ကျော် သေဆုံးခဲ့ကြောင်း သိရှိရသည်။ ဘော်နိုပြည်နယ်ရှိ ဘာမာနှင့် ဘန်ကီကြား ဆက်သွယ်သော လမ်းပေါ်တွင် ယခုကဲ့သို့ အကြမ်းဖက်မှုမျိုး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ပြည်နယ်မြို့တော် မိုင်ဒူဂူရီ အရှေ့ဘက်ရှိ အဆိုပါ ဒေသသည် ယခင်ကတည်းက အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် နာမည်ဆိုး ထွက်ခဲ့ပြီးဖြစ်သည်။ ယခုတိုက်ခိုက်မှုသည် အစ္စလာမ်မစ် စစ်သွေးကြွ အစွန်းရောက် တပ်ဖွဲ့ဖြစ်သည့် ဘိုကိုဟာရမ်တို့၏ လက်ချက်ပင် ဖြစ်နိုင်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ မေလကတည်းက နိုက်ဂျီးရီးယား အရှေ့မြောက်ပိုင်းကို အရေးပေါ် အခြေအနေ ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း ဘိုကိုဟာရမ်တို့၏ သောင်းကျန်းမှုများကို မတားဆီးနိုင်သေးချေ။

ယခုတိုက်ခိုက်မှုအတွင်း သေဆုံးသူများအနက် သတို့သားလည်း ပါဝင်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ (၂၀၀၉)ခုနှစ်က ဘိုကိုဟာရမ်တို့ ဖွဲ့စည်းခဲ့ပြီး တစ်စထက်တစ်စ အားကောင်းလာရာ ယင်းဒေသတွင် နိုက်ဂျီးရီးယား စစ်တပ်က အင်အားတိုးချဲ့ နေရာယူထားရသည့်တိုင် ဘိုကိုဟာရမ်တို့အပေါ် အသာစီး မယူနိုင်သေးချေ။ အထူးသဖြင့် အကြောင်းအမျိုးမျိုးဖြင့် တိုက်ခိုက်ခံရသည့် အရပ်သား အရေအတွက် တိုးပွားလာနေခြင်းမှာ အစိုးရအတွက် ခေါင်းခဲစရာ ပြဿနာတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်ကလည်း ဒါမန်တူရူမြို့တွင် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ရာ လူအများအပြား သေဆုံးပြီး စစ်တပ် အဆောက်အအုံနှင့် ရဲစခန်းတို့ မီးတင်ရှို့ခြင်း ခံခဲ့ရသည်။


AFPသတင်းဌာနက မင်္ဂလာဆောင် ယာဉ်တန်းတွင် သေကြေခဲ့သူများနှင့် ထိခိုက်ဒဏ်ရာ ရထားသူများ၏ ပုံရိပ်အချို့ကို ပြသခဲ့သည်။ "သေနတ်သမားတွေက အားလုံးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာပါ။ ကျွန်တော်နဲ့ ခရီးသည်တွေက အဝေးပြေးလမ်းပေါ်မှာ အလောင်းတွေ ပြန့်ကျဲနေတာကို မြင်ရတော့ အရမ်းကို တုန်လှုပ်ခဲ့မိတယ်"ဟု ဘတ်စ်ကား ဒရိုင်ဗာ တစ်ဦးက ပြောကြားခဲ့သည်။ ယခုဖြစ်စဉ် နောက်ဆက်တွဲတွင် သတို့သမီး ဖြစ်သူနှင့် သူမ၏ မိသားစုများ မည်သို့သော ကံကြမ္မာမျိုး ရှိနေသည်ကို တိတိကျကျ မသိရသေးကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis