menu

Tuesday 12 November 2013

တစ်နိုင်ငံလုံးတွင် ၁၃၀၀ ပြည့်အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပရန် လွှတ်တော်အတည်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၁၁

တပ်မတော်အစိုးရ လက်ထက်က ပိတ်ပင်ထားခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံ အခမ်းအနားကို တစ်နိုင်ငံလုံး၌ ကျင်းပရန် နိုဝင်ဘာလ ၁၁ ရက်နေ့က ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အတည်ပြုလိုက်သည်။

ချောက်မြို့နယ် မဲဆန္ဒနယ်မှ ဦးသိန်းလွင်က မြန်မာနိုင်ငံ၏ လွတ်လပ်ရေး သမိုင်းဝင် (၇၅) နှစ်မြောက် ရေနံမြေ ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ကျင်းပရန် အရေးကြီးအဆို တင်ပြခြင်းကြောင့် ပြည်သူ့ လွှတ်တော်က ယင်းသို့ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
“၁၃၀၀ ပြည့် အရေးတော်ပုံဟာ ချောက်ရေနံမြေကနေ စတင်တာမို့ ချောက်မြို့ ဒေသခံတွေ အရမ်းတန်ဖိုး ထားကြတယ်” ဟု ၎င်းကဆိုသည်။

၁၃၀၀ ပြည့် အရေးတော်ပုံသည် ရေနံမြေ လုပ်သားများ၊ တောင်သူ လယ်သမားများ၊ ကျောင်းသားများ၊ သံဃာများ၊ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများနှင့် ပြည်သူများ ပါဝင်သော နိုင်ငံရေး တက်ကြွစေသည့် လှုပ်ရှားခဲ့သော လွတ်လပ်ရေး သမိုင်းဝင် လှုပ်ရှားမှု ဖြစ်သောကြောင့် စိန်ရတု အခမ်းအနား ကျင်းပသင့်ကြောင်း ၎င်းကရှင်းပြသည်။


တစ်နိုင်ငံလုံးတွင် ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနား ကျင်းပမည် ဆိုပါက လွှတ်တော် ကိုယ်စားလှယ်များ အနေနှင့် မြို့နယ်အလိုက် ဖွဲ့စည်းထားသော စီမံခန့်ခွဲမှု ကော်မတီ၊ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၊ လူမှုရေး အဖွဲ့အစည်းများ အပါအဝင် မြို့မိမြို့ဖများနှင့် ပူးပေါင်းကာ ဥပဒေ လုပ်ထုံးလုပ်နည်းများအတိုင်း ကျင်းပရန် လိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေး တိုက်ပွဲ သမိုင်းတစ်လျှောက် အကြီးမားဆုံးလူထု လှုပ်ရှားမှုကြီးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် ၁၃၀၀ ပြည့် အရေးတော်ပုံ စိန်ရတု အခမ်းအနားကို ဒီဇင်ဘာလအတွင်း အရေးတော်ပုံ အစပြုရာ ချောက်မြို့နှင့် ရန်ကုန်မြို့တို့တွင် ကျင်းပမည် ဖြစ်ကြောင်း ၁၃၀၀ ပြည့် ချောက်ရေနံမြေ အရေးတော်ပုံ စိန်ရတု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဌေးမောင် (စာရေးဆရာနတ်မှူး) က ပြောကြားထားသည်။

ဗြိတိသျှပိုင် ဘီအိုစီ ရေနံကုမ္ပဏီကို ဆန့်ကျင် ဆန္ဒပြသည့် ရေနံမြေ သပိတ်တပ်ဖွဲ့ဝင်များ ချောက်မြို့မှ ရန်ကုန်မြို့သို့ စတင်ချီတက်သည့် နတ်တော်လဆန်း ၉ ရက်နေ့ကို စိန်ရတုနေ့အဖြစ် ရွေးချယ် သတ်မှတ်ထားပြီး ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်မည် ဖြစ်ကြောင်း ၎င်းကထပ် လောင်း ပြောကြားသည်။

ချောက်မြို့၌ ကျင်းပရန် စီစဉ်ထားသည့် ၁၃၀၀ ပြည့် အရေးတော်ပုံမှာ မြန်မာတစ်နိုင်ငံလုံးနှင့် သက်ဆိုင်သည့်အတွက် ရန်ကုန်မြို့မှ စာပေ၊ ရုပ်ရှင်၊ နိုင်ငံရေး နယ်ပယ်အသီးသီး အပါအဝင် ချောက်မြို့သူ မြို့သားများနှင့် ညှိနှိုင်းပြီး ရန်ကုန်မြို့၌ တစ်ပြိုင်နက် ကျင်းပရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စိန်ရတု အခမ်းအနားကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပရန် လျာထားပြီး အရေးတော်ပုံ အောက်မေ့ဖွယ်နှင့် စာပေဟောပြောပွဲများ ပါဝင်မည်ဖြစ်ကာ ရေနံမြေ သပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သူ သခင်ဖိုးလှကြီး ကြေးရုပ်ကို ချောက်မြို့၌ ဖွင့်လှစ်နိုင်ရန် စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဒေါက်တာမောင်မောင်ကျော်က ပြောဆိုသည်။

ဘီအိုစီ ရေနံကုမ္ပဏီက လုပ်သားများ၏ ဘာသာရေး အလုပ်ပိတ်ရက် လျှော့ချခြင်း၊ တောင်းဆိုချက်များ မလိုက်လျောပေးခြင်းနှင့် ဘီအိုစီ မော်တော်ယာဉ်ဌာနမှ သခင်ခင်ကို အလုပ်ထုတ်ပစ်ခြင်း တို့ကြောင့် ၁၉၃၈ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် ဘီအိုစီ ရေနံမြေ သပိတ်ကြီး ပေါ်ပေါက်ခဲ့ကာ ၁၃၀၀ ပြည့် အရေးတော်ပုံအဖြစ် ကမ္ပည်းတင်ခဲ့သည်။
 
The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis