menu

Monday 11 November 2013

တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲ ကြည့်ရှုသူများအား ပြုံးယမ်းအစိုးရက ကွပ်မျက်



တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲ ကြည့်ရှုသူများအား ပြုံးယမ်းအစိုးရက ကွပ်မျက် ကွပ်မျက်ခံရသူ အများအပြားမှာ တရားမဝင် တင်သွင်းလာသော တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲများကြည့်ရှုမှု စွဲချက်ကြောင့်ဖြစ်

မြောက်ကိုရီယားအစိုးရသည် ယခုလ အစောပိုင်းက လူ ၈၀ ဝန်းကျင်ကို အများပြည်သူ မြင်ကွင်းရှေ့တွင် ကွပ်မျက်လိုက်ကြောင်းနှင့် ကွပ်မျက်ခံရသူ အများအပြားမှာ တရားမဝင် တင်သွင်းလာသော တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲများကြည့်ရှုမှု စွဲချက်ကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယား သတင်းစာတစ်စောင်က ယနေ့ ပြောကြားလိုက်သည်။ ပြုံးယမ်းအစိုးရ၏ ပြည်ထဲရေးဌာနနှင့် နီးစပ်ပြီး မကြာသေးမီက မြောက်ကိုရီးယားမှ ပြန်လည်ရောက်ရှိလာသော သတင်းရင်းမြစ်ကို ကိုးကား၍ တောင်ကိုရီးယား နေ့စဉ်ထုတ်သတင်းစာ JoongAng Ilbo က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်းစာတွင် ရေးသေားဖော်ပြချက်အရ မြောက်ကိုရီးယား အာဏာပိုင်တို့သည် လူ ၈၀ ဝန်းကျင်ကို မြို့ကြီး ၇ မြို့တွင် နိုဝင်ဘာ ၃ ရက်က ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းကမ်းခြေမြို့ ဝန်ဆန်ရှိ အားကစားကွင်းတစ်ခုတွင် ဒေသခံ ပြည်သူ ၁၀,၀၀၀ ကို စုစည်းစေပြီးနောက် သေနတ်သမား ၈ ဦးက သေမိန့်ကျခံရသူများကို ပစ်ခတ်သတ်ဖြတ်နေမှုအား ကြည့်ရှုစေခဲ့ကြောင်း
မျက်မြင်တစ်ဦးက JoogAng Ilbo ၏ သတင်းရင်းမြစ်ကို ပြောကြားကြောင်း သိရသည်။ ကွပ်မျက်ခံရသူ အများစုမှာ မြောက်ကိုရီးယားအစိုးရက ဥပဒေဖြင့် ပိတ်ပင်တားမြစ်ထားသည့် တောင်ကိုရီးယား ဒရာမာဇာတ်လမ်းတွဲများ ကြည့်ရှုမှုကြောင့်ဖြစ်ပြီး အချို့မှာမူ ပြည့်တန်ဆာမှုကြောင့် ဖြစ်သည်။

မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူတစ်ဦး ပိုင်ဆိုင်သော တောင်ကိုရီးယားမြို့တော် ဆိုးလ်အခြေစိုက် Daily NK သတင်းဝက်ဘ်ဆိုက်ကမူ ယခု ကွပ်မျက်မှုနှင့်ပတ်သက်၍ သတင်းမရရှိခဲ့ကြောင်း ပြောကြားသည်။ သို့သော် North Korea Intellectual Solidarity (NKIS) သတင်းဝက်ဘ်ဆိုက်က ယခုကဲ့သို့ အများပြည်သူမြင်ကွင်းတွင် ကွပ်မျက်မှုများနှင့် ပတ်သက်၍ လအတန်ကြာကတည်းက ပြင်ဆင်မှုများရှိခဲ့ကြောင်းကို ၎င်း၏သတင်းရင်းမြစ်က ပြောကြားခဲ့သည်ဟုဆိုသည်။ NKIS သည်လည်း Daily NK ကဲ့သို့ပင် မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူ ပိုင်ဆိုင်သော သတင်းဝက်ဘ်ဆိုက်ဖြစ်သည်။ မြောက်ကိုရီးယားအစိုးရအနေဖြင့် ပြည်သူတို့၏ ခံယူချက် အတွေးအခေါ်များ ပြောင်းလဲလာခြင်းကို အလွန်းစိုးရိမ်ပြီး ပြည်သူများ၏စိတ်တွင် အကြောက်တရား လွှမ်းမိုးစေရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း NKIS မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မြောက်ကိုရီးယားနိုင်ငံတွင် ခွင်ပြုမထားသော နိုင်ငံခြားရုပ်ရုပ်နှင့် တီဗီဇာတ်လမ်းတွဲများ ကြည့်ရှုမှုကို ရာဇာဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ အထူးသဖြင့် တောင်ကိုရီးယားမှ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းမှာ မြောက်ကိုရီးယားတွင် ကြီးလေးသည့် ရာဇာဝတ်မှုဖြစ်သည်။ မြောက်ကိုရီးယားအစိုးရ အနေဖြင့် ထိုသို့ ပိတ်ပင်တားမြစ်ထားမှုများ၊ ပြစ်ဒဏ်များ တင်းကျပ်ပြင်းထန်စွာ ချမှတ်လုပ်ဆောင်နေသော်လည်း DVD, Flash Drive နှင့် MP3 ကဲ့သို့ အသုံးအဆောင်များ တရားမဝင် တင်သွင်းမှုမှာ မြင့်တက်လျက်ရှိသည်။

Planet Myanmar Network

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis