menu

Thursday 17 October 2013

SEA Games ကာလ ရန်ကုန်မြို့တွင်း ငါးနေရာ WIFI အခမဲ့သုံးနိုင်မည်

Photo: SEA Games ကာလ ရန်ကုန်မြို့တွင်း ငါးနေရာ WIFI အခမဲ့သုံးနိုင်မည်

ရန်ကုန်၊ အောက်တိုဘာ ၁၆ 

(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် အားကစားနည်း ခုနစ်မျိုး လက်ခံကျင်းပမည့် ရန်ကုန်မြို့တွင်း ငါးနေရာတွင် နိုဝင်ဘာလ တတိယပတ်မှ စတင်၍ ကြိုးမဲ့ အင်တာနက်စနစ် (WIFI) အခမဲ့ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းအင်တာနက် ဆက်သွယ်မှု ဝန်ဆောင်ပေးမည့် Red Link ကုမ္ပဏီမှ ဒုတိယ အထွေထွေမန်နေဂျာ ဦးမျိုးမြင့်ညွန့်က ပြောကြားသည်။

အသုံးပြုနိုင်မည့် နေရာများမှာ ကမ်ပို (ဂျပန်ရိုးရာ ကိုယ်ခံပညာ) ပြိုင်ပွဲ ကျင်းပမည့် သုဝဏ္ဏ အားကစားရုံ၊ အလေးမနှင့် ဟော်ကီပြိုင်ပွဲ ကျင်းပမည့် သိမ်ဖြူကွင်းနှင့် အားကစားရုံ၊ ကာယဗလပြိုင်ပွဲ ကျင်းပမည့် မြန်မာကွန်ဗင်းရှင်း စင်တာ၊ သေနတ်ပစ် ပြိုင်ပွဲ ကျင်းပမည့် မြောက်ဒဂုံ သေနတ်ပစ်ကွင်း၊ အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များ ကျင်းပမည့် သုဝဏ္ဏ အားကစားကွင်းတို့ ဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းအပြင် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများဖြစ်သည့် ရန်ကုန်တက္ကသိုလ်၊ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်၊ ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ရွှေတိဂုံစေတီတော်၊ ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့တွင်လည်း ပြည်သူများ WIFI အခမဲ့ အသုံးပြုနိုင်ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။ 

လက်ရှိအချိန်၌ အင်တာနက် အမြန်နှုန်း ရရှိရေးအတွက် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက တာဝန်ယူ လုပ်ဆောင်လျက်ရှိရာ SEA Games ကာလအတွင်း WIFI စနစ် အသုံးပြုနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် Red Link ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားပြီး နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် SKY Net ကုမ္ပဏီက လုပ်ကိုင်ခွင့် ရရှိထားသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis