menu

Thursday 17 October 2013

ဟုမ္မလင်းမြို့တွင် ရွှေမျှောလုပ်ကွက်အင်းကြီးအတွင်း လူနှစ်ဦးပြုတ်ကျ၍ သေဆုံး


ကိုတိုးကြီး | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၇ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၅၃ မိနစ်

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ နောင်ကင်းနားကျေးရွာအနီးရှိ ရွှေသတ္တုတူးဖော်ရေး လုပ်ကွက်တစ်ခုတွင် အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က ရွှေသတ္တုတူးဖော်ရေး လုပ်သားနှစ်ဦးသည် လုပ်ငန်းခွင်ရှိ သဲအင်းကြီးအတွင်းသို့ ပြုတ်ကျခဲ့ရာ လူနှစ်ဦးစလုံး သေဆုံးခဲ့ရကြောင်း သောင်သွပ်နယ်မြေ ရဲစခန်းက ဆိုသည်။

အဆိုပါ မှတ်တမ်းများတွင် ရွှေသတ္တုတူးဖော်ရေးလုပ်ငန်းပိုင်ရှင် ကိုအောင်လှိုင်မင်းဆိုသူ၏ လာရောက် တိုင်တန်းချက်များအရ သောင်သွပ်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဝင်းမောင်းနှင့်အဖွဲ့သည် ရွှေသတ္တုတူးဖော် ရေး လုပ်ငန်းခွင်၌ လူနှစ်ဦး သေဆုံးခဲ့ရသည့် နေရာသို့ သွားရောက်စစ်ဆေးသည့်အခါ လူနှစ်ဦးသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ရဲဝန်ထမ်း တစ်ဦးမှ အတည်ပြုပြောကြားသည်။


သေဆုံးသူ လူနှစ်ဦးမှာ တမူးမြို့နယ်၊ နောင်ကတ်ကျေးရွာတွင် နေထိုင်ကျသည့် ကိုပိန်ကျော် အသက် (၂၇)နှစ်၊ ဖခင်အမည် ဦးသိန်းလှဆိုသူနှင့် ကိုသိန်းတန်ဝင်း အသက်(၃၁)နှစ် ဖခင်အမည် ဦးဘညိုဆိုသူ တို့နှစ်ဦးဖြစ်သည်။

ထိုသူနှစ်ဦးသည် ရွှေတူးဖော်ရေးလုပ်ငန်းသုံး အင်ဂျင်စက်ကြီးပျက်သွားသဖြင့် ကုန်းပေါ်သို့ ချိန်းဘလောက် ၀န်ချီစက်ဖြင့် ဆွဲတင်ခဲ့ရာ ချိန်းဘလောက်ကြိုးဖြင့် ရိုက်ခတ်မိသည့် ကိုပိန်ကျော်မှ အော်ဟစ်နေသည့်အတွက် ကိုသိန်းတန်ဝင်းမှ သွားရောက် ကယ်ဆယ်ခဲ့ရာတွင် ထိုသူနှစ်ဦးစလုံး သဲအင်းကြီးအတွင်းသို့ ပြုတ်ကျပြီး သဲများ ဖုံးလွှမ်းကာသေဆုံးခဲ့ရခြင်းဖြစ်သည်။

အဆိုပါ လူသေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ သောင်သွပ်နယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂ /၂၀၁၃ အရ အမှုရေးဖွင့်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်တွင် ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းခွင်းများ၌ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေး ဆောင်ရွက်ထားရှိခြင်း အလွန်နည်းပါးခဲ့သည့်အတွက် ယခုနှစ်အတွင်း ရွှေလုပ်ငန်းခွင်းများ၌ သေဆုံးသူ ရွှေလုပ်သားဦးရေမှာ လူပေါင်း ငါးဆယ်ကျော်ခန့် ရှိနေပြီးဖြစ်ကြောင်း သတင်းမှတ်တမ်းများအရ သိရှိရသည်။

Mizzima News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis