menu

Sunday 1 September 2013

Myanmar Newsweek ဂျာနယ်တွင် ဖော်ပြခဲ့သည့် သတင်းဓာတ်ပုံနှင့်ပတ်သက်ရ်ျ ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားထား

သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ" ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြခြင်းခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ် ၃၁ ရက်က ပြောကြားသည်။
"ကျွန်တော့်ပုံကို အကြမ်းဖက်သမားဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို တိုင်ကြားထားပါတယ်" ဟု ကိုသီဟန်က ဆိုသည်။
ယင်းသတင်းဓာတ်ပုံမှာ လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာများတွင် ဖော်ပြထားသည်ကို Myanmar Newsweek ဂျာနယ်မှ သေချာမဆန်းစစ်ဘဲ ဂျာနယ်စာမျက်နှာတွင် ဖော်ပြအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရမိသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။

"အွန်လိုင်းပေါ်က ပုံတစ်ပုံကို အယ်ဒီတာတွေက မရေရာမသေချာဘဲ ဒီလိုပရင့်စာမျက်နှာပေါ်မှာ သုံးလိုက်တဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ နောက်ပြီး ဖော်ပြတဲ့ သတင်းကလည်း သာမန်သတင်း မဟုတ်ဘူးလေ" ဟု ကိုသီဟန်က ဆိုသည်။
ယင်းကဲ့သို့ သတင်းဓာတ်ပုံဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အဆိုပါ Myanmar Newsweek ဂျာနယ်တိုက်သို့ ၎င်း၏ရှေ့နေမှ တစ်ဆင့်ပြောထားပြီး ဂျာနယ်တိုက်ဘက်မှ ပြေလည်အောင် ဖြေရှင်းပေးမည်ဟု ပြန်ပြောခဲ့သည်ဟု ကိုသီဟန်က ဆိုသည်။
ယင်းကဲ့သို့ ဂျာနယ်စာမျက်နှာပေါ်တွင် သတင်းဖော်ပြခံရပြီးနောက်တွင် ၎င်း၏လူမှုဘ၀မှာ လုံခြုံမှု မရှိသကဲ့သို့ ခံစားရပြီး လက်ရှိတွင် အလုပ်မှ ခွင့်ယူထားရပြီး အဆိုပါ သတင်းဓာတ်ပုံနှင့် ပတ်သက်ပြီး ဖြေရှင်းနေရကြောင်းလည်း ၎င်းကပြောကြားသည်။
"ခုဆိုရင် ကျွန်တော့်မှာ လုံခြုံမှုမရှိသလို ခံစားနေရတယ်။ အလုပ်ကလည်း ခွင့်ယူထားရတယ်။ လာသမျှ ဖုန်းတွေလည်း ဒိုင်ခံဖြေရှင်း နေရတယ်" ဟု ဆိုသည်။
Myanmar Newsweek ဂျာနယ်ဘက်မှ အဆိုပါကိစ္စအား ပြန်လည်တောင်းပန်ခြင်း မပြုပါက ရှေ့နေမှတဆင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းလည်း ကာယကံရှင်က သြဂုတ် ၃၁ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။
Myanmar Newsweek ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဘုန်းကျော်က "အမှန်က ဒီသတင်းဓာတ်ပုံကို ဖြုတ်ခိုင်းထားပြီးသားပါ။ Layout သမားတွေ ပေါ့လျော့သွားလို့ ပါသွားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်အပတ်ထွက်မယ့် ဂျာနယ်မှာ တောင်းပန်ကြောင်း ထည့်ပေးမှာပါ။ တောင်းပန်ဖို့လည်း အဆက်အသွယ် လုပ်နေပါတယ်။ အဆက်အသွယ် မရသေးဘူး" ဟု သြဂုတ် ၃၁ ရက် ညနေ ၆ နာရီက The Daily Eleven သို့ ပြောကြားခဲ့သည်။

The Daily Eleven

မှားယွင်းဖေါ်ပြခံရသူ၏ facebook page တွင်လည်းအောက်ပါအတိုင်းရေးသားထားသည်ကိုတွေ့ရပါသည်

Myanmar Newsweek ဂျာနယ် ရဲ့လုပ်ရပ်ကတော်တော်
တရားလွန်သွားပြီဗျာ။ Myanmar Newsweek ဂျာနယ်ရဲ့
အတွဲ(၂) အမှတ် (၉၇) (၂၉.၈.၂၀၁၃)ရက်စွဲ နဲ့ ၂၇.၈.၂၀၁၃
မှာဖြန့်ချီခဲ့တဲ့ သူတို့ရဲ့ဂျာနယ်မှာ ဖော်ပြထားသော
"အကြမ်းဖက် ဖောက်ခွဲရေးသမား(၃)ဦးကို မြိတ်ကျွန်းစု၌
ဖမ်းဆီးရမိ" ဆိုတဲ့သတင်းမှာ ကျနော်ပုံကို အထင်အမြင်
လွဲမှားစေရန် ရည်ရွယ်ပြီး ပုဂ္ဂိုလ်ရေး သိက္ခာကျ ပြဿနာများအောင်
တမင်ကြံစည်ပြီးဖော်ပြတယ်လို့ ထင်မြင်ယူဆမိပါတယ်။

မြင်နေရတဲ့ဖော်ပြပါပုံနဲ့ ယခုစာအောက်ကLink ကပုံနဲ့
နှိုင်းယှဉ်ပြီးလေ့လာကြည့်ပါ။
http://www.imagebam.com/image/fe55de272594914

သတင်းမှားဖြစ်ကြောင်းကျနော်ဖြေရှင်းထားတဲ့ပို့စ်ကပုံကိုမှ
လုပ်ကြံဖန်တီးထားတဲ့ ဓာတ်ပုံအလယ်စာကို ဖျက်ပြီးတော့
အပေါ်အောက်ပြောင်းပြီး ဖြတ်ဆက်ထားတာကိုမြင်တွေ့နိင်ပါတယ်။

ဖော်ပြထားတဲ့သတင်းဖြစ်တဲ့ဖောက်ခွဲရေးသမား သုံးယောက် ဖမ်းမိတယ် ဆိုတဲ့ သတင်းဟာလည်း မဟုတ်မှန်ကြောင်း ရဲတပ်ဖွဲ့က ငြင်းဆိုထားတာ ကြားထားရတဲ့အတွက် ဒီသတင်း ကလဲသတင်းမှားကြီး ဖြစ်ပါတယ်။

အခုလို ပြည်သူလူထုကို ဖြန့်ချိတဲ့ ဂျာနယ်တစ်ခုမှာ ဖော်ပြပြီး လိမ်ညာဖြန့်ချိတဲ့အပြင် တစ်ဖက်သားကို သိက္ခာကျ ပြဿနာများအောင် လုပ်တာမျိုးကတော့ စာနယ်ဇင်း ကျင့်ဝတ်နဲ့ ဘယ်လိုမှ မကိုက်ညီတာ ထင်ရှား ပေါ်လွင်လှပါတယ်။

အခုလိုမမှန်မကန်သတင်းတွေကို ပုံနှိပ်ဖော်ပြတဲ့ Myanmar Newsweek
ဂျာနယ်ရော ဂျာနယ်လစ်ကိုရော အတော်ကိုစိတ်ပျက်မိပါတယ်။

ဖြစ်ရပ်မှန်နဲ့ပက်သက်ပြီးဂျာနယ်တိုက်ကိုလဲ လူကိုယ်တိုင်
သွားရောက်ဖြေရှင်းဦးမယ့်အပြင် ယခုလိုဖြစ်ရပ်မျိုး အပြစ်မရှိတဲ့
တခြားသူတွေဓားစာခံ ထပ်မဖြစ်ရအောင် သက်ဆိုင်ရာ
ဂျာနယ်လစ်အစည်းအရုံး ဂျာနယ်လစ်ကွန်ယက်နဲ့
ပြန်ကြားရေးဝန်ကြီးဌာနကိုပါအသိပေးတိုင်ကြားသွားမှာပါ။

ယခုရေးထားတဲ့စာကို အများပြည်သူသိအောင် ရှဲပေးကြပါရန်
အနူးအညွတ်မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားလျှက်

မောင်စေတန်
 
https://www.facebook.com/mgmgsatan

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis