menu

Sunday 1 September 2013

ပြိုင်ကားစစ်ဆေးသည့် ရဲဝန်ထမ်းသုံးဦး ယာဉ်တိုက်ခံရ

Sunday, September 1, 2013

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်လမ်းမပေါ် တံတားဖြူ ကားမှတ်တိုင်အနီးတွင် သြဂုတ်လ ၃၀ ရက် ည ၁၂ အချိန်ခန့်က ပြိုင်ကားစစ်ဆေးရေးဂိတ်တွင် ယာဉ်စစ်နေသည့် ရဲတပ်ဖွဲ့ဝင်သုံးဦး ယာဉ်တိုက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း ကမာရွတ်မြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။


စစ်ဆေးရေးဂိတ်တွင် တိုယိုတာကိုရိုလာ အမျိုးအစား အငှားယာဉ်တစ်စီးကို လုံခြုံရေးတာဝန်အရ စစ်ဆေးနေစဉ် ယင်းကား၏ နောက်ပိုင်းကို အရှိန်ဖြင့် မောင်းနှင်လာသည့် Probox အမျိုးအစား ကိုယ်ပိုင်ယာဉ်တစ်စီးက ဝင်တိုက်ခဲ့ရာ ကိုရိုလာ (အငှားယာဉ်) ယာဉ်ရှေ့ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို တိုက်ခဲ့မိခြင်း ဖြစ်ကြောင်း အဆိုပါ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“Probox မောင်းတဲ့ ကောင်လေးက မူးနေတယ်ထင်တယ်။ Taxi ထွက်ခါနီးမှာ နောက်ကနေ တိုက်လိုက်တော့ Taxi က လီဗာကို နင်းမိသွားတယ်ထင်တယ်။ ရဲသုံးယောက်ကို တိုက်ပြီး ပလက်ဖောင်းပေါ် တက်သွားတယ်။ ရဲတစ်ယောက်ကတော့ သတိမေ့သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်မြို့နယ်ရဲစခန်းမှ ရဲတပ်သားနှစ်ဦး၏ မျက်နှာတွင် ပွန်းစုတ်ဒဏ်ရာများနှင့် ခါးနာဒဏ်ရာများရရှိခဲ့ပြီး အဆိုပါရဲစခန်းမှ အသက် ၂၈ နှစ်အရွယ် ရဲတပ်သားအောင်ဇော်၏ မျက်နှာတွင် ပွန်းစုတ်ဒဏ်ရာအပြင် ဦးခေါင်းညာဘက်နောက်စေ့ ပွန်းစုတ်ဒဏ်ရာ၊ ခါးနာ ဒဏ်ရာများ ရရှိခဲ့သောကြောင့် ၎င်းတို့သုံးဦးကို ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိကာ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး ၂၅ (လှည်းတန်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံး) ထံမှ စုံစမ်းသိရှိရသည်။

“Probox က Taxi နောက်ကို တစောင်းတိုက်လိုက်တာ Taxi ရှေ့နားရပ်နေတဲ့ ရဲသုံးယောက်ကို တိုက်မိတယ်။ ပြီးတော့ ပလက်ဖောင်းပေါ်တက်ပြီး ဖုန်းကြိုးတိုင်ကို ဝင်တိုက်ပြီး ရပ်သွားတယ်” ဟု အဆိုပါ ယာဉ်ထိန်းရဲရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

Probox ကိုယ်ပိုင်ယာဉ်ကို မောင်းလာသည့် အသက် ၂၈ နှစ်အရွယ် ဦးဟိန်းမင်းလတ်မှာ အရက်သေစာ သောက်စားထားပြီး အခင်းဖြစ်ပွားသဖြင့် ယာဉ် (ပ) ၄၆/၁၃၊ ပြစ်မှုပုဒ်မ- ၂၇၉၊ ၃၃၇၊ ၃၃၈ ဖြင့် အမှုဖွင့်စစ်ဆေးလျက် ရှိကြောင်း ကမာရွတ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis