menu

Friday 16 August 2013

" ရွှေနန်းတော့ ထိုက်စေချင် "

Photo: " ရွှေနန်းတော့ ထိုက်စေချင် "
================

(၁)
ယခုအခါ ပညာရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် စေတနာကောင်းဖြင့်ဝိုင်း ဝန်း ပြောဆိုချက်များ ပေါ်ထွက်လာနေ သည်မှာ ဝမ်းမြောက်စရာပင် ဖြစ်သည်။ ပညာရေးအပေါ် လူအများက စိတ်ဝင် တစားရှိကြပြီး တိုင်းပြည်၏အကျိုးစီးပွား သည် ပညာရေးတွင်မူတည်နေကြောင်း လက်ခံထားကြသည်မှာ ကောင်းသော လမ်းစပင်ဖြစ်သည်။ ယင်းသို့ ဝိုင်းဝန်း ပြောဆိုမှုများထဲမှ အခြေခံအကျဆုံးအ ချက်မှာ သင်ကြားရေးရာ လိမ္မာသည့် အပြင် စေတနာရင့်မာပြီး ဝါရင့်ဆရာ များအား ဆွဲဆောင်ထားနိုင်ရေးနှင့် ထို ဆရာများ အနားမယူမီ ကြားကာလတွင် အလားတူဆရာများ (သို့မဟုတ်) ပိုမို ထူးချွန်သူဆရာများ နောက်ထပ် ပေါ် ထွက်လာစေရန် ဆရာငယ်အ သစ်များ နှင့်အ တူတွဲဖက်လုပ်ကိုင်ရေးတို့ပင် ဖြစ် သည်။

(၂)

သင်ကြားရေးရာ လိမ္မာသည့် အ ပြင်စေတနာရင့်မာပြီး ဝါရင့်ဆရာများ အားဆွဲဆောင်ထားနိုင်ရေး ဆိုရသည် မှာ အတိတ်ကာလနှင့် ဆက်စပ်နေပါ သည်။ အတိတ်ကာ လက ဆိုးဝါးလှသော ဖိအားများကြောင့် အလုပ်ခွင်ပြင်ပသို့ ရောက်ရှိသွားကြသော အဖိုးတန်ဆရာ ဆရာမများရှိခဲ့ဖူးသည်။ ဥပမာအားဖြင့် နည်းပညာ တက္ကသိုလ်တစ်ခုမှ ဆရာ တစ်ယောက်အကြောင်း တင်ပြလိုပါ သည်။ သူသည် G.T.I  ဆင်းတစ်ဦးသာ ဖြစ်ပါသည်။ သို့သော် ကျောင်းသားများ ကို စာတွေ့ရောလက်တွေ့တွင်ပါ တတ် မြောက်အောင်သင်ကြားပေးနိုင်သူ တစ် ဦးဖြစ်ပြီး အင်ဂျင်နီယာနှင့် ပတ်သက် သည့် ကိုယ်ပိုင်လုပ်ငန်းတစ်ခုကိုပင် ထူ ထောင်ထားပြီး ဦးစီးဆောင်ရွက်နေသူ တစ်ဦး ဖြစ်သည်။ တပည့်များက ချစ် ကြောက်ရိုသေသူတစ်ဦးလည်း ဖြစ်သည်။ သူသင်ကြားပေးလိုက်သော တပည့်များ မှာယခုအခါနိုင်ငံခြားကုမ္ပဏီများ၊ အစိုးရ ဌာနများ တွင် တာဝန်ကြီးများ ထမ်း ဆောင်နေကြပြီဖြစ်သည်။

သို့သော် G.T.I  များကို GTC, TU အစရှိသဖြင့် အဆင့်မြှင့်တင်လိုက်သည့်အခါ လူငယ်မျိုးဆက်သစ်ဟု ခေါ်ဆိုသော မဟာဘွဲ့ရ ဒေါက်တာဘွဲ့ရများ အများအပြားရောက် ရှိလာပါသည်။  ထို လူငယ်ကလေးများ တွင် သူ့တပည့်အရွယ်များပါသလို သူ့ တပည့်များလည်း ပါသည်။ သူတို့သည် ဌာနမှူးတာဝန်၊ ဒု ကျောင်းအုပ်တာဝန် စသည်တို့ကို လက်ထောက်ကထိက ရာ ထူးဖြင့်ယူကြရပြီး အထက်မှ ချမှတ်ပေး သောအမိန့်အာဏာများဖြင့် တက္ကသိုလ်၊ ကောလိပ်တို့ကို စီမံခန့်ခွဲကြသည်။ လူ ငယ်ကလေးများသည် ဝန်ထမ်းသင်တန်း သားများအဖြစ် ပညာသင်ကြားရင်း ပညာသင်ကာလများကိုပါ ဝန်ထမ်းလုပ် သက်အဖြစ် ရယူလာကြသူများဖြစ်၍ စာသင်သက် စီမံခန့်ခွဲသက်များ မရှိကြ ပါ။ မိုးကျရွှေကိုယ်များဟုပင် ဆိုနိုင် လောက် ပါသည်။ သူတို့အများစုမှာ တာဝန်ကြီး များရယူထားကြသော်လည်း အထက်မှ ချပေးလိုက်သော အမိန့်များ ကိုသာ တစ်သဝေမတိမ်း ကြောက်လန့် တကြီးဆောင်ရွက်တတ်ကြသည်။

အဘ မှတစ်ပါး အခြားမရှိကြသူများဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးတွင် ဆရာ၊ ဆရာမများအား ကြီးငယ်မရွေး ဂိတ် စောင့်တာဝန်၊ စာသင်ခန်းများအား အ လှည့်ကျလိုက်လံစစ်ဆေးရသောတာဝန် စသည့် သင်ကြားရေးနှင့် မပတ်သက် သည့် တာဝန်များအပြင် တစ်နေ့လျှင် လက်မှတ်သုံးကြိမ်ထိုးရခြင်း တို့ကိုပါ ဆောင် ရွက်စေတော့သည်။ အကြောင်း ကြောင်းကြောင့် လက်မှတ်ထိုးပျက် ကွက်လျှင်လည်း လစာဖြတ်တောက် ခြင်းဖြင့် အပြစ်ပေး အရေးယူသည်။ ဧရာဝတီတိုင်းတွင် နာဂစ်မုန်တိုင်းတိုက် ခတ်ပြီးတစ်ရက်နှစ်ရက်တွင် ဆရာဆရာမ များသည် ကိုယ်ရေးကိုယ်တာအကြောင်း များကြောင့် တစ်နေ့ သုံးကြိမ်လက်မှတ် ထိုးရန်ပျက် ကွက်ကြသည်။ သုံးကြိမ်အ ပြည့်မထိုးနိုင်ကြ။

ယင်းကို အကြောင်း ပြု၍ လစာဖြတ်သည့်အခါ ဆရာလည်း လစာ အဖြတ်ခံရသူထဲတွင်ပါသွားသည်။ ဆရာသည် စားဝတ်နေရေးအတွက် ဆရာလုပ်နေသူမဟုတ်ပါ။ ကိုယ်ပိုင် လုပ်ငန်းဖြင့် ထည်ထည်ဝါဝါ ရပ်တည် နိုင်သူဖြစ်ပါသည်။ ဆရာဘဝကိုမက် မောသောကြောင့် သင်ကြားရသည်ကိုစွဲ လမ်းသောကြောင့် ဆရာလုပ်နေသူ သာ ဖြစ်သည်။ လုပ်သက် ၂၉ နှစ်ကျော်ပြီဖြစ် သော်လည်း အသက် ၆ဝ မပြည့်သေး၍ သင်ကြားရေးတွင် မွေ့ပျော်နေသူဖြစ် သည်။

”ဖြတ်လိုက်တဲ့လစာက မဖြစ် လောက် ပါဘူး။ တကယ်ဆို အရေးယူ ချင်ရင် ခွင့်တင်ခိုင်းတာတို့ ဘာတို့လုပ် ခိုင်းသင့်တာပေါ့။ ခုတော့ ဝန်ထမ်းသက် ၃ဝ နီးနီးမှာ တစ်ခါမှ အပြစ်ပေးအရေး ယူမခံရဖူးဘဲ အခုမှ ဘာမဟုတ်တာ လေးနဲ့ အရေးယူခံရတယ်”ဟုဆိုကာ လ အနည်းငယ်အတွင်း ပင်စင်တင်လိုက်ပါ သည်။ ဆရာပင်စင်ယူ လိုက်ပြီးနောက် ဆရာအငယ်များသာ ကျန်ရစ်သော သူတာဝန်ထမ်းဆောင်ရာ ဌာနတွင် လက်တွေ့သင်ကြားရေးအခက်အခဲများ နှင့် ရင်ဆိုင်နေရသည်မှာ ယနေ့တိုင် ဖြစ် သည်။ ဆရာငယ်ကလေးများမှာ အတတ်ပညာအတွေ့အကြုံများ မရ လိုက်ကြ။ 

ထိုကဲ့သို့ပင် မြန်မာနိုင်ငံတွင် အတိတ်ကာလဆီက ဝါရင့်ဆရာအ မြောက်အမြား နည်းမျိုးအသွယ်သွယ် ဖြင့် ဆုံးရှုံးခဲ့ရသည့်အတွက် ယခုအခါ စာတွေ့လက်တွေ့ သင်နိုင်သူဆရာများ ရှားပါးလာခဲ့ရသည်။ ဆရာအငယ်များ သည် ဝါရင့်ဆရာများနှင့် တွဲဖက်လုပ် ကိုင်ရင်း အတွေ့အကြုံအတတ်ပညာ များကို ရယူကြရသည်ကို လူလား မြောက်ခဲ့သူ ဆရာတိုင်းအသိပင်ဖြစ် သည်။ လူငယ်မျိုးဆက်သစ်များ မွေး ထုတ်ရာ တွင် အမှန်တကယ်ထူးချွန်သူ များ ဖြစ်ရန်လိုအပ်သည့်အပြင် ဝါရင့် ဆရာကြီးများ၏ ဆုံးမသွန်သင်မှုနည်း ပေးလမ်းပြမှုတို့ဖြင့် ဆရာဘဝကို ဖြည့် တင်းရသည် ကိုမမေ့ အပ်ပါ။ ထို့အတွက် အကြောင်းအမျိုးမျိုးကြောင့် ပညာဆက် မသင်နိုင် ဘွဲ့ကြီးများမယူနိုင်သော် လည်း အတွေ့အကြုံရှိပြီး ဝါရင့်ဆရာ ကြီးများ၏ ဘဝကိုစာ နာထောက်ထား အသိအမှတ်ပြုပြီး ထူးချွန်သူ ဆရာငယ် များကို ဆရာဂုဏ်ရည်ပြည့်ဝလာစေရန် မွေးထုတ်ခြင်းဖြင့် တဖြည်းဖြည်း အစား ထိုးခြင်းသည်သာ သင့်တော်မည်ဟု ထင်ပါသည်။

(၃)
ထူးချွန်၍ စေတနာပါသော လူ ငယ်များ ပေါ်ထွက်လာရေးမှာလည်း အနာဂတ်အတွက် အရေးကြီးလှသည်။ တစ်ခါက ဝန်ကြီးဌာနတစ်ခု၏ လက် အောက်ခံ တက္ကသိုလ်၊ ကောလိပ်များ တွင် ”အပြင်မှာ အလုပ်ရှာမရ၊ ဆရာဝင် လုပ်ကြ”ဟု ပြောရလောက်အောင်ပင် ဆရာ၊ ဆရာမအလုပ်များ လွယ်ကူခဲ့ ဖူးပါသည်။ ယင်း၏အကျိုးသက်ရောက် မှုကို ယနေ့တိုင် နင့်နင့်နာနာ ခံစားနေရ ဆဲပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ”တပည့်မကောင်း ဆရာ့ခေါင်း”ဟူသည့် ဆိုရိုးပေါ်လာသည် အထိပင် ဆရာ၏ အခန်းကဏ္ဍသည် အရေးပါအရာ ရောက်လှပါသည်။ ထို့ကြောင့် ဆရာ တို့သည် ”ကောင်းရာညွှန်လတ် အတတ် သင်စေ”ဟူသည့်တာဝန်ကို မိရိုးဖလာ ရယူထားသူများဖြစ်ကြသည့်အတွက် တာဝန်ကြီးလှသည်။ ထူးချွန်သူ စေတနာကောင်းသူ ဆရာများပေါ်ထွက် လာဖို့လိုနေသည်။ သို့သော် လက်တွေ့ တွင် ထူးချွန်သူ၊ တော်သူများမှာ အခြား အလုပ်အကိုင်များဆီသို့ စီးဆင်းသွားကြ ပြီး ကျန်အနည်းငယ်မျှကိုသာ ဆရာ လောက က ရရှိလိုက်သည်မှာ စိုးရိမ် ဖွယ်ရာပင်ဖြစ်သည်။

 အချို့တော်သူ ထူးချွန်သူများမှာ ဝါသနာမပါသော်လည်း ဆရာအလုပ် တွင် အစမ်းသဘောမျိုး ဝင်လုပ်ကြည့် ကြရာမှ စေတနာပေါက်သွားသော အ ဖြစ်လည်း ရှိတတ်ကြသည်။ စေတနာ ဓာတ်ခံရှိသူများမှာ ဝါသနာမပါသော် လည်း ပညာဖြန့်ဝေပေးရသည့်အလုပ်ကို စွဲသွားတတ်ကြသည်။ စားဝတ်နေရေး တစ္ဆေခြောက်နေသော ယနေ့ခေတ် ပညာရေးလောကတွင် စေတနာ၊ ဝါသ နာနောက်မှ အနစ်နာဖြုတ်နိုင်မှသာ ထူးချွန်သော လူငယ်မျိုးဆက် ဆရာများ ရရှိလာနိုင် မည်ဖြစ်သည်။ အများစု သည်မိမိတို့ဘဝ  အဆင့်ရှိရှိနေနိုင်သော လမ်းကိုရွေးချယ်ကြမည်သာဖြစ်သည်။ အခြားသော တိုးတက်သည့်နိုင်ငံများ တွင် ဆရာ တစ်ယောက်၏ လစာခံစား ခွင့်တို့မှာ အမြင့်ဆုံးဖြစ်ပြီး ဆရာဖြစ်ရန် လည်း မလွယ်၊ ဂုဏ်သိက္ခာလည်းကြီး ကြသည်ဟု ကြားဖူးပါသည်။

 မြန်မာ နိုင်ငံတွင် တပ်မတော် သားများသည် တပ်မှ ပင်စင်ယူပြီးသည့်တိုင်အောင် နောက်ထပ်အစိုးရခန့်အလုပ်တစ်ခု ထပ်လုပ်ခွင့်ရှိပြီး ပင်စင်နှစ်ခုလည်း ခံစားခွင့်ရှိနေကြသည်။ အခြားဝန်ထမ်း များထက်လည်း လစာရိက္ခာ၊ ခံစားခွင့် ဆေးကုသခွင့်များရရှိကြသည်။ တိုင်း ပြည်အတွက် စွန့်လွှတ်အနစ်နာခံကြသူ များဖြစ်သောကြောင့် ခံစားခွင့်ရှိကြ သည်ဟုဆိုလျှင်လည်း ဥပဒေပြဋ္ဌာန်း ပြီးဥပဒေနှင့်အညီ ခံစားရမည်ဖြစ်သည်။ သို့သော် ဆရာများအတွက် ထိုနည်းတူ အခွင့်အလမ်းများ ပေး၍မရဘူးလား၊ မ ပေးလိုဘူးလား ဟု မေးစရာရှိပါသည်။

နိုင်ငံ တိုးတက်လာသည့်အခါ ပေးမှာ ပေါ့ဟုဆိုလျှင် နိုင်ငံတိုးတက်အောင် လုပ်ပေးနေသည့်သူများကို ချီးမြှောက် ပေးလျှင် မြန်မြန်တိုးတက်မည်ဟု ဆို ချင်ပါသည်။ တပ်မတော်က တိုင်းပြည် ကို ကာကွယ်ပြီး ဆရာတို့က တိုင်းပြည် ကို တိုးတက်အောင်လုပ်နေကြခြင်းဖြစ် သည်။ တပ်သားအစ တပ်မှူးအလယ် ဗိုလ်ချုပ်မှူးကြီးအဆုံး လွှတ်တော်အမတ် အစ ဝန်ကြီးဝန်ကလေးအလယ် သမ္မတ အဆုံး ဆရာများ၏တပည့်ဖြစ်ခဲ့ဖူးသူ များသာ ဖြစ်သည်။ 

ပညာရေးဖြင့် လူ လားမြောက်ပြီး ပညာရေးကောင်းကြောင်း ပြောနေကြသူများသာ ဖြစ်ကြသော် လည်း ဆရာများအား လစာအမြင့် ဆုံးပေးရန်၊ အခမဲ့ဆေးကုသခွင့် ရရန်၊ အိုမင်းနာမကျန်း ရန်ပုံငွေ တစ်ရပ်ထူ ထောင်ပေးရန် မည်သည့်လွှတ်တော် ကိုယ်စားလှယ်ကမျှ အဆိုများဥပဒေ ကြမ်းများ တင်သွင်းကြသည်ကို မတွေ့ ဖူးသေးပါ။ ဆရာများ၏ဘဝအာမခံချက် နှင့် အခွင့်အလမ်းများ ပေါ်ထွက်လာ သည့်အခါ ထူးချွန်သောလူငယ်များကို ဆွဲဆောင် ရရှိလာနိုင်ပါသည်။ သို့မှသာ ဆရာကောင်းတပည့် ပန်းကောင်းပန်ကြ ရပါလိမ့်မည်။

(၄)

ပညာရေးအတွက် ဝိုင်းဝန်းဆွေး နွေးအကြံပေးကြသည်မှာ ဝမ်းသာစရာ ကောင်းပါသည်။ သို့သော် အကြံများ ချည်းဖြင့်တော့ အလုပ်မဖြစ်နိုင်ပါ။ တာ ဝန်ရှိသူ လုပ်ပိုင်ခွင့်ရှိသူ အပေါင်းက တာဝန်ယူလိုစိတ်ဖြင့် အကြံပြုချက်များ ကို စိစစ် စဉ်းစားအကောင်အထည်ဖော်ကြမှသာ 
ပညာရေးတိုးတက်လာနိုင်မည် ဟု မျှော်မှန်းရနိုင်ပါ လိမ့်မည်။

စည်သူငြိမ်း

 https://www.facebook.com/PopularNewsJournal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis