menu

Friday 16 August 2013

တပ်သိမ်းမြေကိစ္စ အငြင်းပွားမှုကြောင့် ဆက်မဆွေးနွေးရန် သူရဦးရွှေမန်း တားမြစ်

Photo: တပ်သိမ်းမြေကိစ္စ အငြင်းပွားမှုကြောင့် ဆက်မဆွေးနွေးရန် သူရဦးရွှေမန်း တားမြစ်
Friday, August 16, 2013

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ (၃) နှင့် ပတ်သက်ပြီး ဆွေးနွေးချိန်တွင် အငြင်းပွားမှု ဖြစ်ပေါ်သဖြင့် တပ်မတော်က သိမ်းယူထားသည့် လယ်ယာမြေများကိစ္စ ဆက်လက် ဆွေးနွေးခြင်း မပြုရန် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက တားမြစ်လိုက် သည်။

သြဂုတ်လ ၁၅ ရက်နေ့တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ အဆိုပါ အစီရင်ခံစာကို ဆွေးနွေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်တို့ အငြင်းပွားမှု ဖြစ်ပွားခဲ့သောကြောင့်
ပြည်ထောင်စုလွှတ်တော် နာယကက ယင်းသို့ တားမြစ် ခဲ့ခြင်း ဖြစ်သည်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှိန်က သံတွဲမြို့
နယ် ဇီးကုန်းကျေးရွာတွင် တပ်မတော်က သိမ်းဆည်းထားသော မြေ များကြောင့် ပြည်သူများ ဒုက္ခရောက်နေကြောင်း လွှတ်တော်သို့ ဆွေးနွေး တင်ပြနေစဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ကန့်ကွက်သည့်အတွက် တပ်မတော်က သိမ်းယူထားသည့် မြေယာ ကိစ္စများ ဆက်မဆွေးနွေးရန် သူရဦးရွှေမန်းက တားမြစ်လိုက်ခြင်း ဖြစ်သည်။

တပ်မတော်က အုန်းခြံမြေများ သိမ်းဆည်းလိုက်သည့်အတွက် ဒေသခံ
ပြည်သူများ နစ်နာမှုများကို စာနာပြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေး ကော်မရှင်က စိစစ်နိုင်ရန် တင်ပြခြင်း ဖြစ်ကြောင်း ဦးဘရှင်က သတင်း မီဒီယာများ နှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“တပ်မတော်ကို မနာလို မရှုစိမ့်လို့ ပြောတာ မဟုတ်ပါဘူး” ဟုလည်း ၎င်းက ဆိုသည်။

“အစီရင်ခံစာ အပိုင်း(၃) နဲ့ တိုက်ရိုက် မသက်ဆိုင်ဘဲ ဆွေးနွေးမှုများဟာ တပ်မတော်နဲ့ ပြည်သူ အကြား သွေးခွဲတဲ့ သဘောမျိုး ဖြစ်နေတဲ့အတွက် နာယကကြီး အနေနဲ့ တားမြစ်ပေးရန်နဲ့ ဆွေးနွေးမှု ကို မှတ်တမ်း မတင်ပေး ရန် တောင်းဆိုပါတယ်” ဟု ဗိုလ်မှူးချုပ် ကျော်ဦးလွင်က ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဦးဘရှိန်၏ ဆွေးနွေးမှု သည် တပ်မတော်ဘက်မှ ဂုဏ်သိက္ခာ ထိခိုက်စေမည့် ထင်ယောင် ထင်မှား ဖြစ်အောင် ပြောဆိုမှုများ ဖြစ်သောကြောင့် ဦးဘရှိန် အနေနှင့် ဆက်လက် ဆွေးနွေးခြင်း မပြုရန် တားမြစ်လိုက်ခြင်း ဖြစ်သည်။

“ဦးဘရှိန် ဆွေးနွေးတာကလည်း အမှန်ပါပဲ။ တပ်မတော်သား ကိုယ်စားလှယ် ဆွေးနွေးတာလည်း ဒီလိုသာ ဆက်ဆွေးနွေးနေရင် တပ်မတော်အပေါ် ပြည်သူတွေ အထင်မှားမယ်။ ပြည်သူတွေကို ကာကွယ် စောင့်ရှောက်နေတဲ့ တပ်မတော်က သိက္ခာကျတယ် ဆိုရင် ရှေ့ဆက်လုပ်မယ့်ဟာ လုပ်ငန်းစဉ်တွေ ခက်တယ်။ အဲဒါလဲ မှန်တယ်” ဟု သူရ ဦးရွှေမန်းက ဆိုသည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာ အပိုင်း (၃) ကို လွှတ်တော် ကိုယ်စားလှယ်များ မဆွေးနွေးမီ သူရဦးရွှေမန်းက ခွင့်ပြု ထားခြင်း မရှိသော၊ ဆုံဖြတ်ချက် မပြုနိုင်သော တင်ပြချက်များ မဆွေးနွေးရန် သူရဦးရွှေမန်းက သတိပေး ထားမြစ်ခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ဇူလိုင်လအတွင်း ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တပ်မတော်ကို ပုတ်ခတ် စော်ကားသည့် စကားလုံးများ အသုံးပြုပြီး အဆိုတင်ခြင်း၊
ဆွေးနွေးခြင်းမပြုရန် တားမြစ်ခဲ့ဖူးသည်။

အေးချမ်းမွန် Credit To >The Voice Weekly Thanks
Re-posted By ACM 16-8-2013
https://www.facebook.com/excellencemedia

The Voice Weekly 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis