menu

Friday 19 July 2013

နိုင်ငံတော်လုပ်ကြံမှုကြီး (သို့မဟုတ်) မမေ့နိုင်သော ဖြစ်ရပ်တစ်ခု(Written by တင်နိုင်တိုး)

7.18.22
၁၉ ဇူလိုင် ၁၉၄၇ တွင် ဂဠုန်ဦးစောနှင့် အပေါင်းပါတို့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသည်။ နှစ်ပေါင်း ၆၆ နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် မမေ့နိုင်သော ဖြစ်ရပ်တစ်ခုအဖြစ် အမှတ်ရနေဆဲ ဖြစ်သည်။
လုပ်ကြံရန် အကြံအစည်
ဂဠုန်ဦးစောသည် ၂၁ စက်တင်ဘာ ၁၉၄၆ တွင် ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)အား တွေ့ဆုံပြီးအပြန် မြေနီကုန်း စိန့်ဗင်းဆင့် ဘုရားကျောင်းရှေ့၌ သေနတ်ပစ်ခံ ခဲ့ရသည်။ ယင်းဖြစ်ရပ်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ပယောဂ ပါသည်ဟု မှတ်ယူကာ ဗိုလ်ချုပ်အပေါ် ရန်ငြိုးထားခဲ့သည်။ စက်တင်ဘာ ၂၆ ရက်တွင် ဦးစော ပညာရေး ၀န်ကြီးရာထူး ခန့်အပ်ခံရသည်။ သို့သော် ဦးစောသည် မည်သည့်အခါမျှ အတွင်းဝန်ရုံးတွင် ရုံးထိုင်ခဲ့ခြင်း မရှိဟု ဆိုပါသည်။ ဗိုလ်ချုပ်အား လုပ်ကြံရန် အကြံအစည်ရှိသော ဦးစောသည် ဇနီးနှင့်သမီးတို့အား အင်းစိန်ဘက်သို့ ပို့ထားကာ စနစ်တကျ စီစဉ်တော့သည်။

ပထမအကြိမ် လုပ်ကြံမှု
ဗိုလ်ချုပ်အပေါ် အငြိုးထားခဲ့သော ဦးစောသည် မျိုးချစ်ပါတီနှင့် ဂဠုန်အဖွဲ့ဝင်များထဲမှ လက်ရဲဇက်ရဲရှိသူ လူငယ်လေးဦးကို ရွေးချယ်ကာ ညစာစားပွဲ တစ်ခု၌ ဗိုလ်ချုပ်ကို သွားရောက် လုပ်ကြံစေခဲ့သည်။ သို့သော် ထိုနေ့က ဗိုလ် ချုပ်၏ကားကို ရှာမတွေ့ကြသဖြင့် ပြန်လာခဲ့ ကြရသည်။
ပထမအကြိမ်တွင် အထမမြောက်ခဲ့သည့် ဂဠုန်ဦးစောသည် နယ်မှမျိုးချစ်လူငယ် ၃၀ ခန့်ကို ရှာဖွေစုဆောင်း ခဲ့ပြန်သည်။ ဦးစော နယ်မှပြန်လာသောအခါ အတိုင်ပင်ခံဝန်ကြီး ရာထူးပြုတ်သွားပြီ ဖြစ်သဖြင့် သက်တော်စောင့် လူယုံတော် ရင်ဖေနှင့် မောင်သန်းကြီးတို့လည်း ရာဇ၀တ်အုပ် ဘ၀မှ လျောကျသွားတော့၏။
လုပ်ကြံမှုအတွက် ပြင်ဆင်ခြင်း
ဤတစ်ကြိမ်တွင် ဦးစောက ဗြိတိသျှလူမျိုး ရာဇ၀တ် ၀န်ထောက်တစ်ဦး၏ အကြံဥာဏ်နှင့် အကူအညီအရ စာရွက်စာတမ်းများ အတုလုပ်ကာ အေအိုဒီမှ လက်နက်များ ထုတ်ယူရန် စီစဉ်သည်။ နယ်မှစည်းရုံး ခေါ်ဆောင်လာသော ဘညွန့်ကို ၂၁ ဇွန် ၁၉၄၇ တွင် တောင်ပိုင်း စစ်ဌာနချုပ်မှ လက်မှတ် သွားထိုးခိုင်းကာ ဇွန် ၂၄ ရက်တွင် ဘရင်းဂန်း လက်နက် ၂၀၀ အား ထုတ်ယူခဲ့သည်။ ထို့နောက် တပည့်များထဲမှ လက်ရွေးစင် လူငယ်အချို့ကို ပြင်ဆင်ကာ ဗိုလ်ချုပ်တို့အား လုပ်ကြံရန်အတွက် ဇူလိုင် ၁၉ ရက် စနေနေ့ကို ရွေးချယ်လိုက်သည်။

မကြာမီ ဗိုလ်ချုပ်တစ်ဦးတည်း ဖိုင်ကိုကိုင်လျက် လှေကားမှ တက်လာသည်။ တိုက်ပုံ အင်္ကျီအဖြူ၊ နံသာရောင် ပိုးပုဆိုးဖြင့် ဗိုလ်ချုပ်၏ဟန်က ထူးခြားနေသည်။ ခါတိုင်း စစ်ဝတ်စုံ ၀တ်လေ့ရှိသော်လည်း ယင်းနေ့တွင်မှ တိုင်းပြု ပြည်ပြု လွှတ်တော် တက်စဉ်က အ၀တ်အစားများ ၀တ်လာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်က သတင်းထောက်များ အခန်းမှ ဖြတ်သွားစဉ် သတင်းထောက်များအား ပြုံးပြသွားသည်...
သတင်းထောက်များ
၁၉ ဇူလိုင် ၁၉၄၇ နံနက်ပိုင်းတွင် မိုးကတဖွဲဖွဲ ရွာနေသည်။ နံနက် ၉ နာရီခန့်တွင် အတွင်းဝန်ရုံးတွင်းသို့ သတင်းထောက်အချို့ ရောက်ရှိလာကြသည်။ ယမန်နေ့ ညနေ ရုံးဆင်းချိန်ကပင် ဗိုလ်ချုပ်က နောက်နေ့ ကက်ဘိနက် အထူးအစည်းအဝေး ရှိကြောင်း ပြောလိုက်သဖြင့် သတင်းထောက်အချို့ ကြိုတင် လာရောက်ကြခြင်း ဖြစ်သည်။ အစောဆုံး ရောက်ရှိလာကြသူများမှာ ကိုသန်းညွန့် (မြန်မာ့အလင်း)၊ ဦးကျော်မြင့်(ရန်ကုန်)၊ ဦးသန်း (စီးပွားရေး)တို့ ဖြစ်ကြသည်။ သတင်းထောက်များက သီးသန့် သတင်းထောက် အခန်း၌ စောင့်ဆိုင်းနေကြသည်။
ဗိုလ်ချုပ်နှင့် ၀န်ကြီးများ
မကြာမီ ဗိုလ်ချုပ်တစ်ဦးတည်း ဖိုင်ကိုကိုင်လျက် လှေကားမှ တက်လာသည်။ တိုက်ပုံ အင်္ကျီအဖြူ၊ နံသာရောင် ပိုးပုဆိုးဖြင့် ဗိုလ်ချုပ်၏ဟန်က ထူးခြားနေသည်။ ခါတိုင်း စစ်ဝတ်စုံ ၀တ်လေ့ရှိသော်လည်း ယင်းနေ့တွင်မှ တိုင်းပြု ပြည်ပြု လွှတ်တော် တက်စဉ်က အ၀တ်အစားများ ၀တ်လာခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်က သတင်းထောက်များ အခန်းမှ ဖြတ်သွားစဉ် သတင်းထောက်များအား ပြုံးပြသွားသည်။
မရှေးမနှောင်းပင် ၀န်ကြီးအချို့ ရောက်ရှိလာကြသည်။ ပညာရေးဝန်ကြီး ဆရာကြီး ဦးရာဇတ်က ထုံးစံအတိုင်း ဥရောပ ၀တ်စုံဖြင့် စီးကရက်သောက်ရင်း လျှောက်သွားသည်။
အစည်းအဝေးခန်း
အစည်းအဝေးကို ဗိုလ်ချုပ်၏ အခန်း၌ ကျင်းပခြင်း ဖြစ်သည်။ မင်းစေကိုသောင်းစိန်က အခန်းတွင်းသို့ ၀င်လိုက် ထွက်လိုက်ဖြင့် အလုပ်ရှုပ်နေသည်။ အခန်းဝတွင် ကိုသောင်းစိန်ထိုင်သော ခွေးခြေ တစ်လုံးသာရှိပြီး အစောင့်အရှောက်ဟူ၍ မည်သူမျှ မရှိပေ။ ရုံးဝင်းအတွင်း မည်သည့် တားမြစ်ချက်မျှ မရှိဘဲ မည်သူမဆို အလွယ်တကူ ၀င်ထွက်သွားလာ နိုင်သည့် အနေအထား ရှိနေသည်။ တားမြစ်ချက်ဟူ၍ အလုပ်လုပ်နေသော ရုံးဝန်ထမ်းများ အနှောင့်အယှက် ဖြစ်မည်စိုး၍ ''ဤဆင်ဝင်အောက်၌ မော်တော်ဆိုင်ကယ် စက်မနှိုးရ'' ဟု အင်္ဂလိပ် ဘာသာဖြင့် ရေးထားသော စာတမ်းသာ ရှိပါသည်။
သတင်းထောက်များ အခြေအနေ
နံနက် ၁၀ နာရီတွင် အစည်းအဝေး စတင်ပါသည်။ ထိုစဉ် ၀တ်ဆင်နေကျ ပြည်သူ့ရဲဘော်ဝတ်စုံ ၀တ်ထားသော ၀န်ကြီးဦးရာဇတ်၏ သက်တော်စောင့်က အစည်းအဝေးခန်းနှင့် မလှမ်းမကမ်းရှိ သတင်းထောက်များ အခန်းသို့ ရောက်လာသည်။ ထိုနေ့က ၀န်ကြီးဦးရာဇတ်၏ အပါးတော်မြဲ ဦးချစ်ဆွေ မြို့တွင်း၌ အခြားကိစ္စ ရှိနေသဖြင့် စနေ နေ့တစ်ဝက် ရုံးမတက်ပါ။ သို့ဖြင့် ရဲဘော်ကိုထွေးက သတင်းထောက် ကိုသန်းညွန့်ကို ဦးချစ်ဆွေအခန်း ခေါ်သွားပြီး ယမန်နေ့ညက ကြည့်လာသည့် ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ ခုနစ်စဉ်ကြယ် ရုပ်ရှင်ဇာတ်ကား အကြောင်း ပြောနေသည်။
ကုန်းလမ်းပို့ဆောင်ရေး စီမံကိန်း
အစည်းအဝေး စတင်ပြီး မိနစ်အနည်းငယ် အကြာတွင် ကုန်းလမ်း သယ်ယူပို့ဆောင်ရေး စီမံကိန်းကိစ္စကို ဗိုလ်ချုပ်အား ရှင်းလင်း ပြောကြားရန်အတွက် အတွင်းဝန် ဦးအုန်းမောင် အစည်းအဝေးခန်းတွင်းသို့ ၀င်လာကာ သခင်မြဘေး၌ ထိုင်လိုက်သည်။ စင်စစ်အားဖြင့် ပထမ အတွင်းဝန်ဦးစိုးတင့် (ညိုမြ၏အစ်ကို)က တင်ပြရန် ဖြစ်သော်လည်း ဗိုလ်ချုပ်က မရှင်းလင်းသဖြင့် ဦးအုန်းမောင်အား ခေါ်ဆိုခိုင်းခြင်း ဖြစ်သည် ဆိုသည်။ ဦးအုန်းမောင် ကုလားထိုင်၌ ထိုင်လိုက်ပြီး နှစ်မိနစ်၊ သုံးမိနစ်ခန့် အကြာတွင် သေနတ်သံများ ဆူညံသွားကာ ကမ္ဘာပျက်သည့်အလား သိမ့်သိမ့်တုန်သွားတော့သည်။
ပစ်ခတ်မှုများ
အစည်းအဝေးခန်းအတွင်း စားပွဲသုံးလုံးကို 'ဂ' ငယ်ပုံသဏ္ဌာန် စီစဉ်ထားပြီး စားပွဲထိပ်၌ ဗိုလ်ချုပ်က ထိုင်သည်။ ဗိုလ်ချုပ်လက်ဝဲဘက် ထိပ်တွင် အတွင်းဝန် ဦးရွှေဘော်ထိုင်ပြီး အစဉ်လိုက်အဖြစ် ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြ၊ မိုင်းပွန်စော်ဘွားတို့ ထိုင်ကြသည်။ ဗိုလ်ချုပ်၏ လက်ယာဘက်တွင် အတွင်းဝန် ဦးအုန်းမောင်၊ သခင်မြ၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ ဦးဘ၀င်း၊ မန်းဘခိုင်တို့ အစဉ်လိုက် ထိုင်ကြသည်။
အမှတ် ၁၂ ခြင်္သေ့တံဆိပ်တပ် ယူနီဖောင်းဝတ် လူသတ်သမားများက 'ဂ'ငယ်သဏ္ဌာန် စားပွဲထိပ်ဝအထိ ၀င်လာကာ အနီးကပ် ပစ်ခတ်ခဲ့ကြသည်။ ဗိုလ်ချုပ်က ၎င်းတို့အပြုအမူကို သတိပြုမိဟန်ဖြင့် မတ်တတ်ရပ်ပြီး လက်ဝါးကာပြကာ တစ်စုံတစ်ရာ ပြောမည် ပြုလိုက်သည်။ ထို့နောက် ကြမ်းထက်သို့ လဲကျသွားတော့သည်။ လူသတ်သမားများက လဲကျသွားသူများ၊ လှဲချသူများကိုပင် ဒူးထောက်ကာ သဲကြီးမဲကြီး ပစ်ခတ်ခဲ့ကြသည်။
ကျဆုံးသွားကြသူများ
ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘ၀င်း၊ မန်းဘခိုင်၊ ဦးရာဇတ်တို့ ကျဆုံးခဲ့ကြပြီး မိုင်းပွန်စော်ဘွား၊ ဒီးဒုတ်ဦးဘချိုတို့က ဆေးရုံတွင် သုံးနာရီခန့် အကြာ၌ ကွယ်လွန်ခဲ့ကြသည်။ သေနတ်သံ ကြားသဖြင့် သတင်းထောက် ကိုသန်းညွန့်နှင့် စကားပြော နေရာမှ ထွက်သွားသော ရဲဘော်ကိုထွေးမှာ လှေကားထိပ်၌ပင် ကျဆုံးသွားရသည်။ လူသတ်သမားများက ပစ်ခတ်ပြီး လှေကားမှ အပြေးဆင်းသွားကြကာ အရန်သင့် ထိုးဆိုက်လာသော ဂျစ်ကားထက်သို့ တက်ရောက်ပြီး စပတ်လမ်း (ဗိုလ်အောင်ကျော်လမ်း) မှ ထွက်ခွာသွားကြသည်။
နိုင်ငံတော်ဈာပန
ကျဆုံးသွားကြသည့် အာဇာနည် ခေါင်းဆောင်ကြီးများအား ဂျူဗလီဟော (ယခု စစ်သမိုင်း ပြတိုက်နေရာ) တွင် ပြည်သူအများ၏ အရိုအသေပြုမှုကို ခံယူခဲ့သည်။ သို့သော် ၀န်ကြီးဦးရာဇတ်နှင့် ရဲဘော်ကိုထွေးတို့မှာ အစ္စလာမ် ဘာသာဝင်များ ဖြစ်ကြသဖြင့် ထုံးတမ်းစဉ်လာအရ နေ့ချင်းပင် တာမွေသင်္ချိုင်း၌ ဂူသွင်း သင်္ဂြိုဟ်ခဲ့ကြသည်။ မိုင်းပွန်စော်ဘွားကြီး၏ ရုပ်ကလာပ်ကို မိုင်းပွန်သို့ ပြန်လည် သယ်ဆောင်ခဲ့သည်။ ၁၁ ဧပြီ ၁၉၄၈ တွင် အာဇာနည် ခေါင်းဆောင်ကြီးများအား အာဇာနည်ကုန်းသို့ ပို့ဆောင်ကာ ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။
ကျမ်းကိုး
၁။ခေါင်းဆောင်ကြီးများ ကျဆုံးရစဉ်က (ဦးဘဂျမ်း) မြ၀တီ ၁၉၅၃ ဇူလိုင်
၂။ ဂဠုန်ဦးစော၏ လုပ်ကြံမှုကြီး မြ၀တီ ၁၉၅၆ ဇူလိုင်
Copy From http://news-eleven.com/opinion/21240

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis