menu

Friday 19 July 2013

ရွာလည်တဲ့ စာ ( တိုင်းလုံးကျော် )

Photo: ရွာလည်တဲ့ စာ
=========

ခုတလော တိုင်းလုံးကျော်တို့ အပေါင်းအသင်းတွေကြား ရေပန်း စားနေတာကတော့ ဥသြဆွဲခြင်းပါပဲ။ ဥသြဆွဲခြင်းဆို တော့ မထိတ်သာ မလန့်သာ ရင်တုန်ပန်း တုန် ဖြစ်မ သွားကြပါနဲ့ဗျာ။ရန်ကုန်မှာကလည်း ကူးတို့ဆိပ် မီးဘေးကစလို့ မကြာ ခဏ မီးသတ်ဥသြသံတွေ ဟိုနေရာ ကကြား၊ ဒီနေရာကကြားခဲ့ရ တာကတစ် မျိုး။ တစ်ခုခုဆို မီးရှို့တယ် ဆိုတာတွေက ဒီနှစ်ထဲ ရေပန်းစားနေတော့ ဥသြဆွဲခြင်းကို အဓိပ္ပာယ် တစ်မျိုးနဲ့ အဆိုး မတွေးလိုက်ကြပါနဲ့ဗျာတို့။

ဒီလက ဇူလိုင်လ။ ဇူလိုင်ဆိုရင် မြန်မာနိုင်ငံသားအားလုံး အလိုလိုရွတ်မိတဲ့ စကားရှိပါတယ်။ သိကြတဲ့အတိုင်း အထူးတ လည် စဉ်းစားစရာမလိုပါဘူး။ ‘၁၉ ဇူလိုင် မမေ့နိုင်’။ အမှန် ပါပဲဗျာ။ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ ခုနှစ်ထက် ဒီလ ဒီ ရက်ကို အားလုံး အလွယ်တကူ သတိတရရှိနေကြဆဲပါ။ အဲ…သို့သော်လည်းပေါ့လေ။ အသက်အရွယ် နဲ့အတွေ့အကြုံ အရတော့ တန်ဖိုးထား လေးနက်မှု ကတော့ ကွာမှာ သေချာပါတယ်။ တိုင်းလုံးကျော် ဒီလို ဘာဖြစ်လို့ ပြောရလဲဆိုရင် အစကရေးခဲ့တဲ့ ဥသြဆွဲခြင်းကြောင့်ပါပဲ။

အထူးသဖြင့် ၈၈ နှောင်း ပိုင်း မွေးလာကြတဲ့ မျိုးဆက်တွေအတွက်တော့ ဒီဇူုလိုင်လနဲ့ ဥသြဆွဲခြင်းဆိုတာ မယုံရင်ပုံပြင်မှတ် လို့ ဆိုရတော့မယ့် သမိုင်းပဲ မဟုတ်လားဗျာ။ဇူလိုင် ၁၉ ဟာ အာဇာနည်နေ့လို့ အားလုံး သိကြပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ပုဂ္ဂိုလ် ကြီးများ ရက်ရက် စက်စက် လုပ်ကြံခံခဲ့ရတဲ့ သွေး စွန်းသော နေ့ပါ။ ၁၉၄၇ ခုနှစ် ဒီလို မိုးတွေစွေနေ တဲ့ ဇူလိုင်လ ၁၉ ရက်နေ့မှာ သိမ်ဖြူလမ်းပေါ်က အခုဟောင်းနွမ်းနေတဲ့ ဝန်ကြီးများရုံးထဲ နိုင်ငံ လွတ်လပ်ရေး အတွက် အရေးတကြီး စည်းဝေး နေတဲ့ ဗိုလ်ချုပ်နဲ့ တိုင်းပြည်ခေါင်းဆောင်ကြီး များ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခြင်း ခံခဲ့ရပါတယ်။ ဒီ သမိုင်းကတော့ အားလုံးသိပြီးသားမို့ တိုင်းလုံး ကျော် ပြန်ပြောလိုစိတ် မရှိပါဘူး။

အဲဒီ့နောက်ပိုင်း ဒီလို ဇူလိုင်လ အာဇာနည် နေ့ရောက်ပြီဆို မနက်ခင်းမှာ ဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် အာဇာနည်ကြီးများ ကျဆုံးချိန်မှာ သင်္ဘောတွေ၊ ကားတွေကဥသြသံရှည်ကြီးများ ဆွဲကြပါတယ်။ မတူတဲ့ ဥသြသံတွေစုပြီး အသံတစ်ခုတည်း လို ထွက်လာတဲ့အခါ ကြားလိုက်ရတာနဲ့ စိတ်တွေ မှုန်မှိုင်းဆို့နင့်လာပြီး အလိုလိုမျက်ရည်ဝဲ ဝမ်းနည်း မိရတာမျိုးပါ။ အဲဒီအချိန်မှာ လမ်းပေါ်ကကားတွေ၊ ဆိုင်ကယ်၊ စက်ဘီးတွေသာမက လူတွေပါရောက်တဲ့နေရာမှာရပ်ပြီး သတိ အနေအထားနဲ့ ကျဆုံးလေပြီးတဲ့ အာဇာနည်ခေါင်းဆောင်များ ကို စိတ်တွင်းကနေ အလေးဂရုပြုလွမ်း ဆွတ်တမ်းတမိကြပါ တယ်။ တိုင်းပြည်အတွက် နစ်နာလေခြင်း၊ ဖြစ် မှဖြစ်ရလေခြင်း ဆိုတဲ့ခံပြင်း နာကြည်းစိတ်တွေကလည်း တဖွားဖွားပေါ့ဗျာ။

အာဇာနည်ဆိုတာက လွယ်လွယ်ဖြစ်တာမျိုး၊ ပေါ်ပေါက် လာတာမျိုးမှ မဟုတ်တာကလား။ အသက်ကို မပြောနဲ့ ရာထူး စည်းစိမ် အာဏာလောက် ကိုမှ မစွန့်နိုင် တဲ့ခေတ်ကြီးကို အား လုံးဖြတ်သန်းလာခဲ့ပြီးမှတော့ အာဇာနည်ရဲ့ အဓိပ္ပာယ်နဲ့တန် ဖိုးကို ပိုပြီး နားလည်မယ် ထင်မိပါရဲ့ဗျာ။ ဒါပေမဲ့ ဝမ်းနည်းဖို့ ကောင်းတာက ဒီလိုနေ့၊ ဒီလိုသမိုင်းနဲ့ ဒီလို အဓိပ္ပာယ်မျိုးကို နှစ်ပေါင်းများစွာ ဖယ်ရှားပိတ်ဆို့ထားခြင်းခံခဲ့ရ တာပါပဲ။ ဟော ဒီလိုအချိန်မှာပဲ အစိုးရသစ်က ဘွားခနဲပြောင်းပြီးနောက် အာ ဇာနည်နေ့ဆိုတဲ့ အသံတွေနဲ့ အိမ်ခန်းနံရံတွေပေါ်ကနေ ဖြုတ် ပြီး သိမ်းဆည်းထားခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံတွေ လည်း လမ်းဘေးအထိ ပလူပျံခွင့်ရလာပါရော လား။ ဒီတော့ ဟိုးယခင်က အစဉ်အလာအတိုင်း အာဇာနည်နေ့မှာ ဥသြဆွဲ ခြင်းဓလေ့ ပြန်အသက် သွင်းဖို့ဆိုတဲ့ခေါင်းစဉ်က ခုတလော သောသောညံနေတာပေါ့ဗျာ။

တိုင်းလုံးကျော်တို့ရဲ့ ဇာတ်လိုက်ကြီး ဖေ့စ်ဘွတ်တစ်ခွင် မှာလည်း ဒီနေ့မှာ ဥသြဆွဲဖို့အရေး စာကဗျာတွေ ရေးကြ၊ ပေါက်ကွဲကြ၊ ငြင်းခုန်ကြနဲ့။ တိုင်းလုံးကျော်တို့ကလည်း အစွယ် မရှိတဲ့ သူတွေဆိုတော့ ပွဲကြည့် ပရိသတ်ပေါ့လေ။အဟဲ…ဒီလို ဒီလိုတွေ မြင်တော့ တစ်ယောက်သောသူ ကို တိုင်းလုံးကျော် သတိရမိသားဗျာ။ အခုလိုပဲ အာဇာနည်နေ့ မှာ အရင်ကလို တစ်နိုင်ငံလုံး ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြစ် ဥသြသံပေးဖို့အရေး လွှတ်တော်တွင်း ဆွေးနွေးတော့ ထိုတစ်ယောက်သောသူ ဝန်ကြီးတစ်ပါးက ကန့်ကွက်ပုံလေး လွှတ်လှမဟုတ်လားဗျာ။ အဓိက ဆိုလိုရင်းကတော့ဗျာ။ ဘာ တဲ့ ဒီလိုမျိုး ဥသြဆွဲပြီး လမ်းပေါ်သွားနေသောကားများ ရပ် တန့်ထားပါက ယာဉ်ကြောပိတ်ဆို့ပြီး လမ်းသွားလမ်းလာများ အတွက် အနှောင့်အယှက်ဖြစ်မည်စိုး၍ ဆိုသကိုး။

အဲဒီတုန်းကလည်း ဒီပြက်လုံး။ အဲ… ဒီလျှောက်ထုံး တအုန်းအုန်းပွဲ ကျခဲ့ကြပြီး ရွှေဥာဏ်တော်စူးရောက်တဲ့ ဝန်ကြီး ရဲ့ စိတ်ဓာတ် ကို တောက်ခေါက်ခဲ့ကြသေး မဟုတ်လား။ ဘယ့် နှယ်များဗျာ။ ဒီလိုဥသြဆွဲရင်ဖြင့် သွားလေသောကားများသာ မက လူများပါ ရောက် တဲ့နေရာရပ် တန်ဖိုးထား တမ်းတစွာ လေးလေးနက်နက် ဂါရဝပြုရမှာ မဟုတ်လား။ အဲဒီ့အချိန် ဘယ်သကောင့်သားက ရပ်ထားတဲ့ ကားတွေ၊ လူတွေကြား မျက်နှာပြောင်တိုက်ပြီး စပ်ဖြီးဖြီးနဲ့ လမ်းလျှောက်နေပါ့မလား။ သို့သော်လည်း အလျှောက်ကောင်းတော့ အဲဒီအဆိုလည်း နိဋ္ဌိတံ။ ခံလက်စနဲ့ ဆက်ဆက်ခံနေရတဲ့ တိုင်းလုံးကျော်တို့ မြန်မာပြည် သားများလည်း ချော် လဲရောထိုင်၊ ရယ်သလို ချေသလိုနဲ့ ဟပ် ချိုး..ဆိတ်ဖွား အသက်တစ်ရာ အနာမရှိ လုပ်ခဲ့ရတာပါပဲလေ။

တိုင်းလုံးကျော်သဘောကတော့ ဒါဟာနိုင်ငံအတွက်တစ် သက်မှတစ်ခါ ဆိုသလောက် တိုင်းပြည်အတွက် အသက်ကိုပင် ရဲရဲစွန့်သွားနိုင်တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးများကို အလေးဂရုပြု ခြင်းဖြစ်သလို နှစ်ပေါင်းများစွာ သမိုင်းဖျောက်ထားခဲ့ရတဲ့ တန် ဖိုးများအရိုးတွန်ခြင်းလို ခံစားစေနိုင်တာ မို့ ထောက်ခံကြောင်းပါ။အဲ..ထုံးစံအတိုင်း သို့သော်လည်းပေါ့လေ။ တိုင်းလုံး ကျော်တို့ ဘော်ဒါတစ်သိုက် ဥသြဆွဲခြင်းကို အရေး တယူ ဆွေး နွေးနေခိုက်မှာ မျိုးဆက်သစ်မောင်မယ်တစ်စုက နားထောင် ရင်း မိန့်တာက ”ဆရာတို့ကလည်း အဲလိုသာဆို ဒီလောက်ကား တွေများလာရတဲ့အထဲ ဥသြသာအကုန်ဆွဲကြမယ်ဆို ဆူညံ ပွက်လောရိုက်နေတော့မှာပဲ။ နားညည်းလို့ မခံနိုင်ဘဲ ထွက် ပြေးရမှာ” ဟူသတတ်။ ဂဏှာဟိ။ မှတ်လေလော့..။ တိုင်း လုံးကျော်လည်း ရှက်ရှက်နဲ့ ပါးစပ်သာ ပိတ်ထားရတော့သကိုး။ အင်း မိတ်ဆွေ တစ်ယောက် ပြော သလိုပေါ့လေ။

”အဓိက ကတော့ဗျာ။ သမိုင်းတန်ဖိုးကို သိဖို့ပါပဲ။ ဗိုလ် ချုပ်တို့ ပေးခဲ့တဲ့ အသက်သွေးချွေးတွေရဲ့ အရင်းအနှီးကြောင့် လွတ်လပ်ရေးရခဲ့သလို ဘာပဲဖြစ်ဖြစ်နိုင်ငံဟာ သူ့ကျွန်အောက် ကနေ လွတ်ပြီး အသက်ဝဝရှူနိုင် ခဲ့တာကို သတိတရ တန်ဖိုး ထားတတ်ကြဖို့လိုတယ်။ ဥသြဆွဲတာ မဆွဲတာထားပါ။ အခု ခင်ဗျား ဘယ်ရုပ်ရှင် ရုံမှာ နိုင်ငံတော် သီချင်းနဲ့ စဖွင့်သေးလို့လဲ။ ဖွင့်ခဲ့ရင်လည်း အကုန်လုံး သီချင်းဆုံးအောင် မတ်တတ်ရပ်အရို အသေပြုနေဖူးလို့လဲ။ လူမမြင်ရတဲ့ အမှောင်ထဲ မှာတော င် နိုင်ငံတော်အလံကို အလေးပြုဖို့ ကျုပ်တို့လူမျိုးတွေ ရှက်တတ် နေပြီဗျ”တဲ့။

ဒီလို မဖြစ်ချင် ဒါကိုရှောင်ဆိုသလို ဒီလိုဖြစ်အောင် ဒါ တွေ လုပ်ခဲ့တယ်လို့ လက်ညှိုးထိုးရတာများနေတော့လည်း ငယ်ငယ်က ဘူးသီးလက်ညှိုး ထိုးမိရင်ပုပ် တတ်တယ် ဆိုလို့ ကိုယ့် လက်ညှိုးလေးကိုယ်ပြန်ကွေး ထားရသလိုပေါ့လေ။ ခေတ် စနစ်ဆိုးအောက် တန်ဖိုးများပျောက်ခဲ့သည်လို့ပဲ တိုင်းလုံးကျော် ဆိုချင်ပါတော့ တယ်လေ။ ကဲကဲ…အာဇာနည်လွမ်း ဇာတ်တစ်ခန်းရပ်လို့ အုတ် အော်သောင်းတင်း မကောင်းသတင်းနဲ့ အတင်းအဖျင်း မဟုတ် တဲ့ ဖြစ်ရပ်မှန် အထုပ်လေးတွေ လည်း ဖြည်ပါရစေဦး လားဗျာ။

တိုင်းလုံးကျော်လည်း သာမန်ပြည်သူ ပြည်သားဆိုတော့ အများတကာလို လည်း ကျီးလန့်စာစား မနေလိုတာအမှန်။ ဒါ ပေမဲ့ ခေတ်ပြောင်း ပြီ ခေတ်ပြောင်းပြီနဲ့ ဝမ်းသာရမယ်မှ မကြံ သေး။ လူမျိုးရေး၊ဘာသာရေး၊ ဟိုအရေးဒီအရေးတွေက မိုးဦး ကျမှိုတွေလို ပေါက်ဖွားလာလိုက်တာ တိုင်းလုံးကျော်ကတော့ ကန်စွန်းရွက်အနားမရှိလို့ မတို့မထိရဲပေါ့လေ။ ဒါပေမဲ့ တိုင်းလုံးကျော်လည်းနိုင်ငံရေးပရောဟိတ်မဟုတ်ပေမယ့် ရင်စည်း ခံလာရတဲ့အတွေ့အကြုံတွေအရ သုမနကျောကဒဏ်ရာတွေက မတော်တဆလား၊ အထူးပြုလုပ်ချက်လားဆိုတာဇဝေဇဝါပါပဲ။အခုပဲကြည့် မကြာသေးခင်က ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာနေရာဖြစ်တဲ့ ဗုဒ္ဓဂယာမှာ မကြားဝံ့မနာ သာ ဗုံးပေါက်ပါရောလား။ ဘုရားပွင့်တော်မူရာ အရပ်လို အလွန်မြင့်မြတ်တဲ့ အရပ်ဌာနမှာ ဒီလိုယုတ်ယုတ်မာမာ ကြံဝံ့၊ ပြုဝံ့တာကို သတင်းတွေမှာ ကြားရမြင်ရတော့ လူအဖြစ်ရဲ့ မြင့် မြတ်မှုဆိုတာ ရေပေါ်အရုပ်ရေးသလိုလားလို့ တိုင်းလုံးကျော် မေးရတော့မယ်။

သူကိုငါသတ်၊ ငါ့ကိုသူသတ်ဆိုတဲ့ ဇာတ်မျိုးဟာ သံသရာ တစ်ဆုံး နိဂုံးမချုပ်တတ်တဲ့ အမုန်းတရားပါ။ ဒီလိုနေရာမျိုး မှာတောင် ဒီလိုရက်စက်နိုင်မှတော့ တိုင်းလုံးကျော်တို့လို ဘဝ လုံခြုံမှု အာမခံချက် နည်းရှာတဲ့ ပြည်သူများအတွက် ရတက်မ အေး၊ အသက်လေးမှ ဝဝမရှူနိုင်တာ အမှန်ပါပဲဗျာ။ အထူး သဖြင့် အများပြည်သူ လုံခြုံရေးအတွက် ဘယ်သူတွေကိုများ ယုံမှတ်လို့ ပုံအပ်ရပါ့မလဲ။    လူမျိုးဘာသာမရွေး အဆီးအတားမရှိ ဝင်ထွက်ခွင့်ရှိတဲ့ သာသနာ့နယ်မြေ များမှာပါ မလုံခြုံနိုင်တော့တဲ့ အခြေအနေမို့ တိုင်းလုံးကျော်တို့ခေတ်မှာမှ ဘုရားတန်ဆောင်း ဘုန်းကြီး ကျောင်းတွေကို မှတ်ပုံတင်ပြ၊ ထောက်ခံစာပြမှ ဝင်ခွင့်၊ ဖူးခွင့် ကုသိုလ်ပြုခွင့် ရရတော့မှာလား။ လက်ရှိ အစိုးရသက်တမ်း ကလည်း တစ်ဝက်ကျိုး၊ ပထမ အကြိမ်နဲ့ ခတ်ကွင်းမတူတဲ့ ဒုတိယ အကြိမ် ပြည်လုံးကျွတ် ရွေး ကောက်ပွဲကလည်းမဝေးတော့တဲ့ အခြေအနေမှာ မဖြစ်နိုင်ဘူး ဆိုတဲ့ဝေါဟာရ ကျုပ်အဘိဓာန်မှာမရှိဘူး’ ဆိုတဲ့ နပိုလီယံ ကြီးရဲ့စကား တိုင်းလုံးကျော် ကြားယောင်လာသဗျာ။

လွန်တယ် မထင်ပါနဲ့ဗျာတို့၊ ဒီလတွေထဲ ညဘက်တွေမှာ လမ်းပေါ် အကာအရံထား၊ ဖြတ်သွားဖြတ်လာ ကားများကို ရှောင်တခင် စစ်ဆေးနေ တာ တွေ့ရပါတယ်။ တကယ်တော့ဒီ စစ်ဆေးတာမျိုးကို တိုင်းလုံးကျော် ဘဝင်မကျတာ ကြာပါပြီ။ ကြည့်လေ၊ ကားတစ်စီးလာ၊ ယာဉ်မောင်း လိုင်စင်ပြ၊ ကား ထဲဓာတ်မီးနဲ့ထိုး။ ရဲဘော်လေးတွေ ဖြစ်ဖြစ်၊ မီးသတ် ပဲဖြစ်ဖြစ် အိပ်ချင်မူးတူး စူစူပုပ်ပုပ်နဲ့ပါလာတဲ့ ခရီးသည်အရေ အတွက်ကို အော်၊ ကားထွက်စေ သတည်း။ တိုင်းလုံးကျော်လည်း တွေးပါ တယ်။ ပေါင်ပေါ်တင်ထားတဲ့ လွယ်အိတ်ထဲဗုံးတို့၊ ဘိန်းတို့ ပါ လာရင် ဘယ်နှယ်လုပ်ကြမလဲကွယ်တို့လို့။ ဒီလိုစစ်ပုံမျိုးနဲ့ ကား ပေါ် အလောင်းသယ်လာရင်တောင် ရလောက်တယ်လေ။

ဒီကြားထဲ တစ်ည မိတ်ဆွေတစ်ယောက်နဲ့ ကားစပ်တူ ငှားပြန်ကြတော့ ကားဆရာက လမ်းမပေါ်ကနေဖဲ့ဆင်းပြီး လမ်းကြိုလမ်းကြား ကနေ မောင်းပါတယ်။ အကြောင်းရင်းမေး တော့ ပိုက်ဆံတောင်းလို့တဲ့။ တိုင်းလုံးကျော်လည်း နားရွက်တွေ ဘာတွေထောင်ပြီး ရေးကွက်တော့ ရပြီပေါ့လေ။ သေချာမေး တော့မှပဲ လိုင်စင်တို့ ဘာတို့ မပါရင် ပိုက်ဆံတောင်းတာပါတဲ့။အေးပေါ့လေ။ ပါသင့်ပါထိုက်တာ မပါရင်တော့ခံပေါ့။ အဲ….ဒါပေမဲ့ လုံခြုံရေးအတွက် လုပ်နေတာဆိုတော့ တ ကယ်လို့များ မသမာသူတွေကရော ဒီလို လိုင်စင်တို့၊ ဘာတို့ မပါဘဲ မောင်းလာတာတွေ့လို့ ပိုက်ဆံတောင်း ဘာညာညှိပြီး ရပြီဆက်မောင်းလို့ လွှတ်ပေးမိမှဖြင့် အမယ်မင်း-ရွှေသမင်များ အတွက် ထွက်လမ်းပေါပါ့ဗျာလို့သာ ငိုချင်းချရတော့မှာပဲ။

ဒီတစ်ပတ်တော့ တိုင်းလုံးကျော်လည်း ရပ်ထဲရွာထဲလည် ပတ်မိတာ ဆိုတော့ ပြည်သူကြားက ရင်မအေးတဲ့ အကြောင်း များနဲ့ နှစ်ပါးသွား ရတာပေါ့ဗျာ။ တိုင်းလုံးကျော်တို့အမြဲ ဂရုထား ပွားများနေရတဲ့ အင်တာ နက်ဖေ့စ်ဘွတ်ဆိုတာကြီးကလည်း တစ်နေ့တစ်နေ့ တို့မီးရှို့မီး တွေသာမက စိတ်ညစ်စရာသတင်းတွေ၊ ပုဂ္ဂိုလ်ရေးအပုတ်ချ စော်ကားမှုတွေ နဲ့ ဝေလေလေတွေက ပိုများလာနေသလိုမို့ တစ်ခါတစ်ခါလည်း ဒီလိုလေး ရပ်ထဲရွာထဲ ဆင်းရသေးပေါ့ဗျာ။ အဲဒီလိုဆင်းတော့ လည်း အောက်ခြေမှာက ဘဝကိုယ်စီက ထုံး စံမပျက် ရှေ့ဆက်နေတုန်းဗျ။

ဖေ့စ်ဘွတ်နိုင်ငံတော်ကြီးမှာ ပွက်ပွက်ညံနေတာတွေက ပြင်ပကမ္ဘာနဲ့ လားလားမျှမဆိုင်သလိုကြီးဗျာ။ နေမြဲအတိုင်းလူ မျိုးပေါင်းစုံ သူ့အလုပ်နဲ့သူ သူ့ဘဝနဲ့ သူ နေနေကြတာပါပဲ။ အားလုံးက စားဝတ်နေရေးနွံထဲမှာ ကိုယ့်လက်ကိုယ့်ခြေ တစ် နိုင်တစ်ပိုင်ရုန်းကန်နေရတုန်းဗျ။ ဒါကလည်း အထူးအ ဆန်း တော့ မဟုတ်ပါဘူး။ တိုင်းလုံးကျော်တို့လည်း လူလတ်တန်းစား ဆိုပေမယ့် ကာယနဲ့ဥာဏသာ မတူတယ်၊ လက်လှုပ်မှ ပါးစပ် လှုပ်ရတာချင်းအတူတူလေ။ တိုင်းလုံးကျော်နဲ့ နီးစပ်သူအများ စုက ဝန်ထမ်းတွေများတော့ သူတို့တွေရဲ့ ညည်းချင်းပေါင်းစုံ ကိုသာ ဒီရက်ထဲ ပိုပို ကြားနေရသဗျာ။ အားလုံးဆိုကြတာက အဆင်မပြေဘူးဆိုတာပဲ။ အထူးသဖြင့် ပုဂ္ဂလိက ဝန်ထမ်းတွေ။ အလုပ်ကိုသာ သေအောင်ခိုင်းကြ တယ်။ ပေးထားတဲ့ လစာက မလောက်မင။ ဆုကြေးနဲ့ ခံစားခွင့်ကနတ္ထိ။ တိုင်းလုံးကျော်သိတဲ့ ကုမ္ပဏီတစ်ခုက မာကက်တင်းဝန်ထမ်းလေး တွေနဲ့ စကားစပ်မိ ရင်း မေးမိတော့ သူတို့လစာက ငါးသောင်းတည်းပါတဲ့။ ငါး သောင်းဆိုတာက တစ်ရက်ကို ၁၆ဝဝ စွန်းစွန်းလောက်လေးဗျ။

တခြားဘာပေးထားလဲဆိုတော့ ဟင့်အင်းတဲ့။ အလိုဗျာ။ ကော်မရှင်ဆို တာရှိပေမယ့် ဒီအတွက် သတ်မှတ် ထားတဲ့ ဘတ်ဂျက်ကိုရောက်ဖို့ အသေအလဲ ရုန်းရ တာကလား။ ဒီတော့ မလောက်မင၊ မလောက်တော့ အင်း…။ လူတွေရဲ့စာရိတ္တပျက်စီးခြင်းအတွက် မကောင်းဘူး၊ မလုပ်သင့်ဘူးဆိုတဲ့စကားထက် ပိုလက်တွေ့ကျတဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ ပိုလိုအပ်နေပြီလို့ တိုင်းလုံးကျော်တော့ ဆိုချင်ပါ သဗျာ။ ဘာလို့လဲဆို သူတို့ပြောပုံအရဆို ဈေးဖိုး ကြွေးတွေ လိုက်သိမ်းရင်း သုံးမိကြ။ ငွေကများလာမှ စာရင်းကပေါ်။ လျော်မယ်ဆိုပြီး ပြန်မလာတော့တဲ့ ဝန်ထမ်းတွေကြောင့် သူတို့ခမျာ ကြားထဲက ငထွား ခါးနာသလိုကော်မရှင်လည်းမရ၊ အထုအထောင်း လည်း ခံကြရပါသတဲ့ဗျာ။ သူဌေးများ အတွက်ကျ ငကန်းသေ ငစွေလာမဟေ့ဆိုတဲ့ ပုံစံမျိုးကနေ မပြောင်းလဲပါဘူးတဲ့။ ထုံစံအတိုင်း လစာကတော့ တက်မလာဇာတ် ပေါ့လေ။ ဒါဆိုမလုပ်နဲ့ပေါ့ဗျာလို့ ဆိုမိရင်ဖြင့် ဆက်လက်ကြားရမယ့် ဘဝအမောတွေ ကို နားမထောင်ရဲတာကြောင့် တိုင်းလုံးကျော်လည်း ခပ်သုတ်သုတ် စကားဖြတ် လစ်ထွက်ရတာတွေ လည်း များနေပါပြီ။ ဒါနဲ့ လမ်းထိပ်က ကွမ်းယာ ဆိုင်မှာဝယ်ရင်း မနေနိုင်တဲ့ပါးစပ်က စပ်စုမိပြန် ရော။ ကွမ်းရောင်းတာက ကောင်မလေးတွေပါ။ ဆိုင်ခွဲသုံးလေးဆိုင်နဲ့ စီးပွားဖြစ်ထွန်းနေတဲ့ဆိုင် မဟုတ်လား။ ညည်းတို့ အဆင်ပြေလား ဘယ် လောက်ရကြလဲပေါ့။ လစာကလေးသောင်း၊ မုန့်ဖိုး က တစ်နေ့ ငါးရာပေးပါတယ်တဲ့။ ဒီတော့ ငါး သောင်းခွဲပေါ့လေ။ စုမိကြတယ် မဟုတ်လားမေးတော့ ထူး ထူးခြားခြား မကြားဖူးတာ ကြားလိုက်ရပါသကောလားဗျာ။ သူတို့အလုပ်ရှင်က ပိုက်ဆံစုတာ လက်မခံဘူး။ ခွင့်မပြုပါ ဘူးတဲ့။ အလိုဗျာ။ ကြားသားမိုးကြိုး။ ချွေတာစုဆောင်း သူဌေး လောင်းဆိုတာ မလိုအပ်တော့ဘူးလား။ အကြောင်းရင်းမေးမိတော့ ပိုဆိုးသွားရသဗျာ။ အလုပ်သမား တွေ အဲလိုငွေစုထားရင် ထားနိုင်တယ်ဆိုရင် ရောင်းရငွေထဲက ခိုးတယ်လို့ ယူဆပါ သတဲ့။ အင်မတန် အောက် တန်းကျ စွာ စော်ကားခြင်းလို့ပဲ တိုင်းလုံးကျော်တော့ ခံစားလိုက်ရတယ်ဗျာ။ ဒါပေမဲ့ မပြောမိ ပါဘူး။ ပြောမထွက်ပါဘူး။ သူတို့လေးတွေ ဒီလိုအခြေအနေ မျိုးမှာ သူတို့ရိုး သားမှုကို စော်ကားသလို မတွေးမိဘဲ အလုပ် လုပ်နေရတဲ့ နောက်ကွယ်မှာ ဘယ်လိုငဲ့နေရတဲ့ ဘဝတွေရှိနေ မလဲ။ အလုပ်သမားများ ဘဝအဆင်ပြေဖို့ကို အလုပ်ရှင်သူဌေး များ မလိုအပ်ဘူးလား။ မတွေးဘူးလား။ သူတို့အဆင်မပြေလေ ငါတို့ဆီမှာ ကျွန်ခံလုပ်လေလို့များ တွေးမိနေကြသလား။

ငါတို့ကျေးဇူးကြောင့် သူတို့ ဒီလို စားသောက်နေရတာ လို့များ တွေးမိနေကြ သလား။ ဘုရား ဘုရား…။ တိုင်းလုံးကျော် တကယ်ပဲ ဘုရားတ သံဝေဂရမိ ပါတယ်။ တကယ်တော့ ကြား ကြားနေရသလို လူမှောင်ခိုကူးတာတို့၊ လိင်အလုပ်သမအဖြစ် ရောင်းစားခံရတာတို့ကိုသာ ဆိုးတယ်ထင်ကြတာ။ ဒီလိုအဖြစ် မျိုးကမှ လူအခွင့်အရေးနဲ့ လူ့တန်ဖိုးကို ရက်ရက်စက်စက် စော် ကားခံမျက်ကွယ်ပြုခံနေကြရတာပဲမဟုတ်လားဗျာ။ ခေတ်ကြီး ကပြောင်းနေပါပြီတဲ့ ။ လူတွေကလည်းခေတ်ပြောင်း စနစ်ပြောင်း နဲ့ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီနိုင်ငံတော်ကြီးကို လိုချင်နေပါပြီတဲ့။ တိုင်းလုံးကျော်တော့မောတယ်။ အသက် ရှူကျပ်အောင် ကို မောပါတယ်ဗျာ။ ရှေးစကားနဲ့သုံးရရင် ဒီမိုး ဒီလေ ဒီလူ တွေနဲ့ အင်း………..ထူးထူးခြားခြားဗျာ။

တိုင်းလုံးကျော်စိတ်ထဲ ဘာကို တွေးမိလိုက်လဲဆိုရင် ဆိုင်လား မဆိုင်လားတော့မသိ။ ရွှေတိဂုံဘုရားပေါ် လင်းတ ငှက်နားတာကို အလိုလိုသတိရလိုက်မိ တယ် ဗျ။ ခေတ်ဆိုတာက ကာလအပိုင်း အခြားတစ်ခုခုကို သတ်မှတ်ခေါ်ဝေါ်တာဖြစ်သ လို အဲဒီခေတ်ရဲ့အဓိပ္ပာယ် ကိုလည်း လူတွေကသာ ဆေးရောင် ခြယ်စမြဲမို့ လူတွေ ပျက်၊ လူတွေပျက်တော့ ဓာတ်တွေပျက်၊ ဓာတ်တွေပျက်တော့ မှီတင်းနေတဲ့ ကံစိတ် ဥတုအာဟာရတွေ ပျက်… နောက်ဆုံး ခေတ်ပါ ပျက်ရကိန်းဆိုက်တတ်ကြောင်း ကို နှလုံးသွင်းရင်း ဒီတစ်ပတ်တော့ တိုင်းလုံးကျော်လည်း စိတ် ပျက်လက်ပျက်ခြင်းများစွာနဲ့ ဘုရားတက်ပြီး ပုတီးသက်စေ့စိပ် ဖို့ပြင်လို့ ဒီတစ်ပတ်ရွာလည်ခြင်း တရားဓမ္မနဲ့ ပုဒ်မချလိုက်ရ ကြောင်းပါ ဘုရားဒကာတို့။ အားလုံး ဓါးပြ ဓါးပြ အဲ မှားလို့ ဗျာ…အမျှ အမျှ အမျှ ….ပါဗျို့ ။

တိုင်းလုံးကျော်

https://www.facebook.com/PopularNewsJournal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis