menu

Sunday 3 February 2013

"ဗြောသံ" ပျောက်တဲ့နှစ်



ha-23-1-5
ထွန်မည်ယက်မည်၊ စိုက်ပျိုးမည်နှင့်၊ ရိတ်မည်နယ်မည်၊ လှေ့သိမ်းမည်ဟု၊ တိုင်းပြည်အကျိုး၊ သူမျှော်ကိုး၍...
                                                                                                            မင်းသုဝဏ်
မိခင်နယ်မြေသို့ ခဏတာ ပြန်ရောက်စဉ်က တောင်သူများ စိုက်ပျိုးထားကြသည့် လယ်ယာမြေများကို ငေးရီကြည့်မိရင်း ကဗျာဆရာကြီး မင်းသုဝဏ်၏ ကဗျာလေးတစ်ပိုင်းတစ်စကို သတိရ ရေရွတ်မိလိုက်သည်။
နှစ်စဉ် မိုးရေစက်များ၏အောက်တွင် ကျွဲ၊ နွားများနှင့်အပြိုင် ထွန်ယက်စိုက်ပျိုးကြ၊ ဆောင်းနှင်းမှုန်တွေရဲ့ အကြားမှာ စပါးတွေကို အပြိုင်ရိတ်သိမ်းကြနဲ့ မမောမပန်းနိုင်တဲ့ အညာမြေဆီက တောင်သူများ ယခုနှစ်မှာတော့ ကိုရွှေမိုးက ရက်စက်ပြခဲ့တော့ သူတို့တတွေရဲ့ ရင်ထဲမှာက သောကအပူတွေ တောက်လောင်နေကြရပြီ။ မိုးရေကိုပဲ အဓိကအားထား စိုက်ပျိုးနေကြရတဲ့ တောင်သူများမှာ မိုးရချိန်လက်မ နည်းပါးခဲ့သောကြောင့် စပါးပင်များ ပျက်စီးဆုံးရှုံးကြရပြီး အထွက်နှုန်းပါ လျော့ကျသွားရတော့သည်။
စိုက်ပျိုးရေးလုပ်ငန်းကို အဓိကအားထား စိုက်ပျိုးကြသည့် မြန်မာနိုင်ငံမှာက ဆန်စပါးကို အများဆုံး ထုတ်လုပ်စိုက်ပျိုးကြခြင်းလည်း ဖြစ်သည်။ နိုင်ငံတော်၏ ဆန်လိုအပ်ချက်၊ ပြည်သူပြည်သားမှ အစိုးရအဆုံး တောင်သူများ စိုက်ပျိုးကြသည့် ဆန်စပါးကို အဓိကအားထား စားသုံးနေကြရသည်။ တောင်သူများ၏ စီးပွားရေး ထိခိုက်ပါက နိုင်ငံတော်၏ စီးပွားရေးကို ထိခိုက်မှုတစ်ခုလည်း ဖြစ်ပါသည်။

"ဒီနှစ်ကတော့ စပါးမရတော့ပါဘူးဗျာ။ မိုးဦးအစလေးမှာ မိုးရေလေးရလိုက်လို့ စိုက်ထားတဲ့ စပါးတွေက အောင်တဲ့စပါးက နည်းပါတယ်။ စပါးပင်တွေလည်း ပျက်စီးတယ်၊ အထွက်နှုန်းတွေလည်း လျော့သွားတယ်။ ဘေးပတ်ဝန်းကျင်က ရွာတွေကတော့ စိုက်ပြီးမိုးမရွာလို့ စပါးပင်တွေ သေကုန်ကြတယ်။ နွားစာတောင် ရှားပါးသွားလို့ တခြားရွာတွေဘက်ကို သွားတောင်းယူနေရပါတယ်" ဟု ခင်ဦးမြို့နယ်အတွင်းမှ တောင်သူတစ်ဦးက  စပါးရိတ်သိမ်းနေရင်း ပြောပြခဲ့လေတော့ ယခုနှစ် အညာတောင်သူများ၏ဘ၀ကား မှန်းချက်နှင့် နှမ်းထွက်မကိုက် ဖြစ်ရတော့မည်ဟု ထင်မိပါသည်။
အထက်အညာဒေသ တစ်ခုဖြစ်သည့် ခင်ဦးမြို့နယ်တွင် မိုးရွာသွန်းမှု နည်းပါးခြင်းကြောင့် တောင်သူအများစုမှာ စိုက်ပျိုးချိန် နောက်ကျခဲ့ကြပြီး စိုက်ပျိုးပြီးခဲ့သော်လည်း အောင်ရေဟုခေါ်သည့် နောက်ဆုံးမိုးရေ မရရှိသည့်အတွက် စပါးပင်များ ပျက်စီးဆုံးရှုံးခဲ့ရသည့်အပြင် မျိုးစရိတ်၊ ဓာတ်မြေသြဇာစရိတ်၊ အလုပ်သမားစရိတ် အစရှိသည့် စရိတ်ပေါင်းများစွာလည်း ဆုံးရှုံးသွားခဲ့ကြရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများကြောင့် မိုးခေါင်မှု၊ ရေကြီးမှုများကို နေရာဒေသအနှံ့ တွေ့ကြုံခံစားခဲ့ကြရသည်။ ရေကြီးသည့် နေရာဒေသများတွင် စပါးပင်များ ရေနစ်သေဆုံးကြရပြီး မိုးခေါင်သောဒေသများ၌ မိုးရေမသောက်ရသောကြောင့် စပါးပင်များ ရေငတ်သေဆုံးကြရသည်။
"စပါးမရကြတဲ့နှစ်မှပဲ စပါးဈေးတွေက ကောင်းနေတယ်။ စပါးရတဲ့နှစ်မှာတော့ ဈေးကဘာမှမရှိဘူး။ ဒီနှစ်စပါးများများရကြတဲ့ သူတွေကတော့ ကံကောင်းတာပေါ့ဗျာ" ဟု ခင်ဦးမြို့နယ် ပင်တင်းကျေးရွာမှ တောင်သူ ဦးတိုးစိန်က ပြောပြခဲ့သည်။
စပါးဈေးနှုန်းများမှာလည်း ဘေးကြားစပါးမှာ ကျပ်ရှစ်သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ဒေသခံတောင်သူများက ပြောပြခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလှသည့် ကျေးလက်ဒေသနေ တောင်သူများအား ယခုနှစ်ကဲ့သို့ မိုးခေါင်မှု၊ ရေကြီးမှုများနှင့် ကြုံတွေ့လာရပါက အခြားအစားထိုးသီးနှံများကို စိုက်ပျိုးရန်အတွက် နိုင်ငံတော်မှ အကြံဥာဏ်များ ပေးအပ်သင့်ကြောင်းကို ရွှေဘိုမြို့မှ ဆန်ကုန်သည်တစ်ဦးက သူ၏အမြင်ကို ပြောပြသည်။
"နှစ်စဉ်စပါးရိတ်သိမ်းပြီးကြရင် ကျွန်တော်တို့တောင်သူတွေ အရင်ဆုံးစဉ်းစားကြတာက ကိုယ့်ရဲ့သားသမီးတွေကို သာသနာ့ဘောင်ကို သွတ်သွင်းပြီး ရှင်ပြုနားသပေးကြတယ်လေ။ ဒီနှစ်မှာတော့ ကျွန်တော်မှန်းထားတဲ့ ရည်မှန်းချက်လေး ပျက်သွားခဲ့ပြီ" ဟု တောင်သူတစ်ဦးက ရင်ဖွင့်ပြောပြခဲ့သည်။
စပါးကိုသာ အဓိကအားထားနေကြရသည့် တောင်သူများမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိသည့် ကိစ္စရပ်များအတွက် နှစ်စဉ်စိုက်ပျိုးထားကြသည့် လယ်တောမှ စပါးရခြင်း၊ မရခြင်းကသာ သူတို့၏ ဘ၀အဆုံးအဖြတ်များ ဖြစ်ကြလေသည်။
နှစ်စဉ် မိုးစပါးပေါ်ချိန် ကာလများဖြစ်သည့် တပို့တွဲ၊ တပေါင်းလများတွင် တောင်သူများမှာ သားကို ရှင်ပြု၊ သမီးကို နားထွင်း စသည့်ကုသိုလ်ဒါနများကို ဗြောစည်တီး၍ တစ်ရွာလုံးမီးခိုးတိတ် အလှူကြီးများ ပေးလှူကြသည့် ဓလေ့က ရှိနေဆဲဖြစ်သည်။ မိမိ၏ သားသမီးများအား ရှင်ပြုအလှူ မပေးနိုင်သေးပါက အိမ်ထောင်ဦးစီးများမှာလည်း တာဝန်မကျေသေးဟု မှတ်ယူထားကြသည်။ ထို့ကြောင့် စပါးပေါ်ချိန်ကို မိုးဦးကျအချိန် ကာလမှစတင်ပြီး တောင်သူများ ရင်တမမနှင့် စောင့်မျှော်ခဲ့ကြသည်။ ယခုနှစ်တွင်ကား သူတို့မျှော်လင့်ထားသလို ဖြစ်မလာခဲ့။ ကိုရွှေမိုးက ဘယ်လိုအငြှိုးနှင့် ရက်စက်သွားခဲ့သည် မသိ။ မိုးနှင့်တောင်သူ၊ တောင်သူနှင့်မိုးက ဘယ်လိုမှကင်းကွာလို့တော့ မရ။ ယခုနှစ် မိုးခေါင်သော်လည်း နောင်နှစ်မှာလည်း ဆက်ပြီးမိုးခေါင်ဦးမည်ဟု မည်သူမှ မတွေးချင်ကြ။ သို့သော် ယခုနှစ်တွင် မိုးကားခေါင်ခဲ့သည်။ ကိုတောင်သူတို့ မျှော်လင့်သလို ဖြစ်မလာခဲ့။ သူတို့ ကြားချင်သည့် ဗြောစည်သံက ယခုနှစ်မှာ ဆိတ်သုန်းပျောက်ကွယ်တော့မည်ကို သူတို့စိုးရိမ်နေကြသည်။ ဗြောစည်သံပေးပြီး လှူဒါန်းကြမည့် တောင်သူများကတော့ လက်တော့လျှော့ကြလိမ့်မည် မထင်မိ။ ယခုနှစ် မကြားရပါက နောင်နှစ်....နောင်နှစ် မကြားရပါက ရှေ့တစ်နှစ်... ဆက်လက်ကြိုးစားကြဦးမည်ဟု ထင်မိပါသည်။ နောင်နှစ်နှင့် ရှေ့နှစ်များက ဝေးပါသေးသည်၊ ယခုနှစ်အတွင်းပင် ဗြောစည်သံ သောသောညံနိုင်ပါစေဟု . . . .မိခင်မြေမှ အပြန်လမ်းတွင် တစ်ယောက်တည်း ရေရွတ်ညည်းတွားမိလိုက်သည်။ အမိမြေတစ်ဝှမ်းလုံး ဗြောစည်သံများ သောသောညံနိုင်ပါစေဟု...။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis