သမ္မတအဖြစ် ပြန်လည်အရွေးခံရတဲ့ သမ္မတအိုဘားမား ပြီးခဲ့တဲ့ ဇန်န၀ါရီလ
၂၁ရက်နေ့က ဒုတိယအကြိမ်အဖြစ် ကျမ်းသစ္စာကျိန်ဆို သွားရာမှာ I do solemnly
swear that I will faithfully execute the Office of President of the
United States, and will to the best of my Ability, preserve, protect and
defend the Constitution of the United States. လို့ ဆိုပြီးတဲ့နောက်
နောက်ဆုံးပိတ် စကားလုံးအဖြစ် နိုင်ငံတော် တရားသူကြီးချုပ်က ကျမ်းစာထဲမှာ
မပါတဲ့ So help me God. ဆိုတဲ့ စာသားကို ထည့်ပြီး ရွတ်ဆိုရာမှာ
အိုဘားမားကလည်း နောက်ကနေ လိုက်ဆိုသွားခဲ့ပါတယ်။
နိုင်ငံတကာက နိုင်ငံရေးလောကမှာ ခုလိုသိပ္ပံပညာ အလွန်တိုးတက်တဲ့
ခေတ်ကြီးထဲမှာတောင် ဘာသာရေးကို ပစ်ပယ်ထားလေ့ မရှိကြသေး ဘူး ဆိုတာကို
တွေ့နေရပါတယ်။ ရှေးယခင်ကတော့ တချို့နိုင်ငံတွေရဲ့ အုပ်စိုးသူတွေအနေနဲ့
သူတို့ကို ဘုရားသခင်က စေလွှတ်ပေးထားတာ ဖြစ်တယ်လို့ ပြည်သူလူထုကို
ဝါဒဖြန့်ထားလေ့ ရှိကြပါတယ်။
ဒါမှလည်း နိုင်ငံတစ်နိုင်ငံကို စစ်ကြေညာတာ
အပါအ၀င် တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့နေရာမှာ ပြည်သူက သူတို့ကို
အမြင်ကြည်လင်ကြမှာ မဟုတ်လား။ အဲဒီလို သူတို့ဘုရင် ဒါမှမဟုတ် သူတို့
သက်ဦးဆံပိုင်ကို ဘုရားသခင်က စေလွှတ်ပေးထားတယ် ဆိုတာကို တကယ်ပဲ ယုံကြည်ကြတဲ့
ပြည်သူတွေလည်း အများကြီး ရှိခဲ့ကြပါတယ်။အခုခေတ်မှာလည်း ယဉ်ကျေးတဲ့
နိုင်ငံတွေမှာတောင် ဒီအယူအဆ ဒီသဘောတရားကို မစွန့်လွှတ်ချင်သေးတဲ့ နိုင်ငံတွေ
ရှိနေဆဲပါပဲ။
ဒါ့ကြောင့် စစ်တိုက်ဖို့ စစ် ကြေညာဖို့ ဆိုတဲ့ကိစ္စဟာ တကယ်တော့
သိပ်လွယ်လှတာ မဟုတ်ဘူး။ရှေးယခင်က ဘာသာရေးကို ကျောထောက်နောက်ခံ
ပြုလိုက်တာနဲ့ ဒီကိစ္စဟာ အလိုလို ပြေလည်ကောင်း ပြေလည်သွားနိုင်ပေမယ့်
ခုခေတ်မှာတော့ စစ်ပွဲ တစ်ပွဲကို ကောက်ကာငင်ကာ ထတိုက်ဖို့ဆိုတာ
သိပ်မလွယ်တော့ပါဘူး။ အလွန်လိုအပ်မှ အလွန်တရားမျှတမှ စစ်ကြေညာလို့
ရနိုင်ပါတယ်။ လူတွေ အသိဉာဏ် ရင့်သန်လာကြတာနဲ့အတူ စစ်ကို အတတ်နိုင်ဆုံး
နီးစပ်မှန်ကန်အောင် အဓိပ္ပာယ် ဖွင့်ဆိုလာနိုင်ကြတာကိုလည်း တွေ့ရပါတယ်။
ဒါ့ကြောင့် နိုင်ငံတစ်နိုင်ငံထဲမှာ နေနေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့
ဒီကနေ့ကမ္ဘာမှာ လူတွေ အဓိပ္ပာယ်ဖွင့်ဆိုနေကြတဲ့ 'တရားသောစစ်'ဆိုတာ
ဘာကိုခေါ်တာလဲ ဆိုတာကို သိချင်လို့ အဲဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကို
လိုက်လေ့လာမိပါတယ်။ တရားသောစစ်ဆိုတာ ဘာလဲဆိုပြီး အခု ပေါ်ထွက်နေတဲ့
ခေတ်ပြိုင် အယူအဆတစ်ခုမှာ စစ်ပွဲတစ်ပွဲဟာ အချက် ၆ချက်နဲ့ ကိုက်ညီရင်
တရားမျှတတယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။ နောက်ပြီး ဒီသီအိုရီကလည်း
စစ်ပွဲတွေကို လိုက်ကြည့်ပြီး ဒီစစ်က တရားတယ်၊ ဟိုစစ်က မတရားဘူး စသဖြင့်
ဆုံးဖြတ်နိုင်အောင် ပြုစုထားတာ မဟုတ်ဘူး၊ စစ်ပွဲတွေကို ဟန့်တားနိုင်အောင်
ဖော်ထုတ်ထားတာသာ ဖြစ်တယ်လို့ ဆိုထားပြန်တာမို့ ပိုပြီး လေ့လာချင်စိတ်တွေ
ဖြစ်ပေါ်လာမိပါတယ်။ ပထမအချက်ကတော့ စစ်ဖြစ်ရတဲ့ အကြောင်းရင်းက တရားမျှတရင်
ဒီစစ်ပွဲက တရားသောစစ်လို့ ဆိုနိုင်တာပါပဲတဲ့။ နိုင်ငံတစ်နိုင်ငံပဲဖြစ်ဖြစ်
လူတစ်စုပဲ ဖြစ်ဖြစ်တစ်ဦးချင်း တစ်ယောက်ချင်းစီကပဲ ဖြစ်ဖြစ်
အကြမ်းဖက်ခံရတော့မယ့် အရိပ်အယောင်ကို တွေ့နေရရင် ခုခံကာကွယ်ပိုင်ခွင့်
ရှိတယ်လို့ ဆိုလိုတာပါ။
ဒုတိယအချက်ကတော့ တရားသဖြင့် ရွေးကောက် တင်မြှောက်ခံထားရတဲ့ အာဏာပိုင်ကသာ
ဥပဒေနဲ့ လျော်ညီစွာ စစ်ကြေညာရမှာ ဖြစ် ပါတယ်။ လူတစ်စုရဲ့သဘောတစ်ခုတည်းနဲ့
စစ်ပွဲတစ်ခုကို ဖန်တီးချင်လို့ မရနိုင်ပါဘူး။ ဒါ့ကြောင့် တကယ်
လိုအပ်တယ်လို့ ယုံကြည်လို့ တိုက်ပါတော့လို့ ပြည်သူလူထုက တောင်းဆိုမှ
တိုက်ရမှာ ဖြစ်ပါတယ်။
'စစ်မြေပြင်ကို သွားရတော့မယ့် ဒီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာ
ပါဝင်ထမ်းဆောင်ဖို့ သားအရွေးချယ်ခံရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိတာကတော့
အမှန်ပါပဲအမေ၊ ဒါပေမယ့် အမေ့ကိုသတိရပြီး သားငိုမိပါတယ်။
သားရဲ့အနာဂတ်အပေါ်မှာ အမေမျှော်လင့်ချက်တွေ ဘယ်လောက်ပဲ ထားခဲ့ထားခဲ့
အမေ့ပျော်ရွှင်မှု အမေ့မျှော်လင့်ချက် မှန်သမျှတွေကို ဘာတစ်ခုမှ
ရောင်ပြန်ဟပ်မပေးနိုင်ဘဲ လူ့လောကထဲကနေ ထွက်ခွာသွားရတော့မယ့် သားရဲ့အဖြစ်ကို
သတိရမိလို့ပါ အမေ''...
|
တတိယအချက်ကတော့ စစ် တိုက်ရတဲ့ ရည်ရွယ်ချက်ဟာ ကောင်းမွန်ရမယ်လို့
ဆိုပါတယ်။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းဖို့၊ အမှားလုပ်နေတာတွေကို
မှန်သွားအောင် ပြုပြင်ပေးနိုင်ဖို့၊ အပြစ်မဲ့သူတွေအပေါ်
အန္တရာယ်မကျရောက်စေဖို့ နိုင်ငံတစ်နိုင်ငံအနေနဲ့ စစ်ကြေညာပိုင်ခွင့်
ရှိတယ်။ လိုရင်းပြောရမယ်ဆိုရင်တော့ အပြစ်မဲ့လူသားတွေ အစုလိုက် အပြုံလိုက်
အသတ်ခံနေရတာကို လက်ပိုက်ကြည့်မနေဘဲ ၀င်ပြီးဟန့်တားပေးနိုင်အောင်
စစ်ပွဲဆင်နွှဲတာမျိုး၊ ဥပမာအားဖြင့် နေတိုးနဲ့ အမေရိကန်တို့
ဘော့စနီးယား(Bosnia) မှာ ၀င်တိုက်ခဲ့တာမျိုးဟာ တရားတယ်လို့ ဒီအချက်က
ဥပမာပေးပြီး ဆိုထားပါတယ်။ စတုတ္ထအချက်ကတော့ အခုတိုက်မယ့်စစ်ဟာ
နောက်ဆုံးရွေးချယ်စရာ နည်းလမ်းဖြစ်ရပါမယ်။ ကျန်စေ့စပ်ဆွေးနွေးစရာ နည်းလမ်း
ဘာမှ မကျန်တော့မှ တိုက်ရမှာ ဖြစ်ပါတယ်။ သဘောကတော့
ကိုယ်ကတွေ့ဆုံဆွေးနွေးပါရစေလို့ ဘယ်လောက်ပဲ မေတ္တာရပ်ခံရပ်ခံ၊ဘယ်လောက်ပဲ
ကမ်းလှမ်း ကမ်းလှမ်း၊ တစ်ဖက်က ကိုယ့်ကမ်းလှမ်းချက်ကို လက်မခံတော့မှ
တိုက်ရမှာ ဖြစ်ပါတယ်။
ပဉ္စမအချက်ကတော့ စစ်တိုက်တော့မယ်ဆိုရင် တိုက်လို့ နိုင်နိုင် မနိုင်နိုင်
အရင်စဉ်းစားရပါမယ်။ ဘယ်လောက်ပဲ လိုအပ်နေပါစေ တိုက်လို့
မနိုင်နိုင်မှန်းသိရင် အရှုံးခံအမိုက်ခံပြီး မတိုက်သင့်ဘူးလို့ ဆိုလိုတာပါ။
စစ်ဆိုတာ လူ့အသက်တွေကို စတေး ရတာပါ။အသက်တွေပေးပြီး အမြတ်ရဖို့
သိပ်မသေချာဘူးဆိုရင် မတိုက်ရပါဘူး။ဒီစစ်က ဘယ်လောက်တရားတယ် ပြောပြော
ဘာအမြတ်မှမရဘဲ ရှုံးဖို့ သေချာနေပြီး အကုန် ဒုက္ခရောက်ကုန်နိုင်တယ်ဆိုရင်
တိုက်ဖို့ ဆုံးဖြတ်လို့ မရဘူးလို့ ဆိုလိုတာပါ။ ကိုယ့်ကို အမြောက်နဲ့
ပစ်နေရုံသာမက စက်သေနတ်နဲ့ ကိုယ့်ရင်ဝကိုပါ ချိန်ထားတဲ့ ရန်သူကို
မြင်းစီးပြီး ဓားနဲ့ အတင်းဝင်ခုတ်တာမျိုး လုပ်လို့မရဘူးလို့ ဥပမာ
ပေးထားပါတယ်။ စစ်တိုက်ပြီဆိုရင် အင်အားရှိရပါမယ်။ ရေရှည်တိုက်နိုင်တဲ့ အရည်
အချင်းလည်း ရှိရပါမယ်။ အခု တိုက်ချင်စိတ်တွေ သိပ်ပြင်းထန်နေတဲ့အတွက်
ရေရှည်မှာ နိုင်နိုင်မနိုင်နိုင် မစဉ်းစားဘဲ စိတ်လိုက်မာန်ပါ
ထလုပ်တာမျိုးတွေဟာ နောက်ဆုံးအရှုံးနဲ့ ရင်ဆိုင်ရတာတွေချည်းပါပဲ။
ဒီသာဓကမျိုးကို ကမ္ဘာ့သမိုင်းမှာ ဘယ်နေရာမှာ ကြည့်ကြည့် လက်ညှိုး
ထိုးမလွဲ တွေ့နိုင်ပါတယ်။အခု တိုက်ချင်လွန်းလှချည်ရဲ့ဆိုပြီး လက်သီး
လက်မောင်းတန်းပြနေတဲ့ အဖိုးကြီးတွေ နောက်၆ လလောက်ကြာတဲ့အခါ
မျက်ရည်သုတ်နေကြတာကို သတင်းဓာတ်ပုံတွေထဲမှာ မတွေ့ ချင် မမြင်ချင်မှ
အဆုံးပါပဲ။
ဒုတိယကမ္ဘာစစ်အတွင်းမှာ အမေရိကန်ဟာ တင့်ကားတွေ စစ်လေယာဉ်တွေကို
လိုရင်လိုသလို ဝေါခနဲဝေါခနဲနေအောင် အချိန်မီ
ထုတ်လုပ်နိုင်ခဲ့ပါတယ်။အရည်အချင်း ပြည့်ဝတဲ့ ပိုင်းလော့တွေကိုလည်း
အချိန်နဲ့ တစ်ပြေးညီ အဆက်မပြတ် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဂျပန်မှာ
ကာမီကာဇီ လေသူရဲဆိုတာ ရှိခဲ့ပါတယ်။လေယာဉ်ပေါ်မှာ ဗုံးတွေအပြည့်တင်ပြီး
ရန်သူ့လေယာဉ်တင်သင်္ဘော ဒါမှမဟုတ် တခြားစစ်သင်္ဘော အမျိုးမျိုးတွေပေါ်ကို လူရော
လေယာဉ်ပါ တစ်ခါတည်း ထိုးချလိုက်ရတဲ့ လေယာဉ်မျိုးကို မောင်းတဲ့လေသူရဲတွေကို
ခေါ်တာပါ။ ဒါပေမယ့် အဲဒီလို လေယာဉ်တွေကိုရော လေသူရဲတွေကိုပါ အလျံပယ်
ဖြုန်းတီးပစ်နိုင်လောက်အောင် ဂျပန်မှာ စွမ်းဆောင်ရည် မရှိခဲ့ပါဘူး။
ဆိုလိုတာက လေယာဉ်နဲ့ လေသူရဲအလုံအလောက် မထုတ်လုပ်နိုင်ခဲ့ပါဘူး။
လေယာဉ်တွေကို ဂိုဒေါင်ထဲက အင်ဂျင်အဟောင်းတွေနဲ့ ကိုယ်ထည်ကို သစ်သားတွေ
သုံးပြီးအဖြစ်သဘောမျိုးနဲ့ပဲ အမြန် ထုတ်လုပ်ခဲ့ရတာပါ။ နောက်ပြီး
လေယာဉ်ဘီးတွေ ထုတ်လုပ်ရတာ သက်သာမယ့် နည်းလမ်းတစ်မျိုးကိုလည်း
တီထွင်ခဲ့ကြပါသေးတယ်။ အဲဒါကတော့ လေသူရဲတွေ လေယာဉ်ကွင်းကတက်ပြီး
လေယာဉ်ပြေးလမ်းထိပ်က လေထဲရောက်တာနဲ့ ခလုပ်ကိုနှိပ်ပြီး လေယာဉ်ဘီးတွေကို
ဖြုတ် ချပစ်ခဲ့ကြရတာဖြစ်ပါတယ်။ နောက်မှ အဲဒီဘီးတွေကို လိုက်ကောက်ပြီး နောက်
ကာမီကာဇီလေယာဉ်တစ်စင်းကို ပြန်တပ်ပေးကြရတာပါ။လေသူရဲလေးတွေကိုလည်း
ကောင်းကောင်းမွန်မွန် လေ့ကျင့်မပေးနိုင်ခဲ့ကြပါဘူး။ အသက် ၂၀ ၀န်းကျင်
ကျောင်းသားလေးတွေ လူငယ်လေးတွေကို အဖြစ် လေ့ကျင့်ပေးပြီး
လေထဲတင်လွှတ်လိုက်ကြရတာပါပဲ။ အဲဒီလူငယ်လေးတွေဟာ လေ့ကျင့်သား ပြည့်ဝနေတဲ့
အမေရိကန်လေသူရဲတွေကို ဘယ်လိုမှ ယှဉ်မတိုက်နိုင်ပါဘူး။ ဒါ့ကြောင့်
အစပိုင်းအကြောင်း မသိလို့ ခံလိုက်ရပေမယ့် နောက်ပိုင်းမှာ အဲဒီကာမီကာဇီ
လေယာဉ်တွေ တက်လာပြီဆိုရင် ၀ါရင့်အမေရိကန် လေသူရဲတွေက အဲဒီ လေယာဉ်တွေ သူတို့
စစ်သင်္ဘောတွေအနား ချဉ်းကပ်မလာနိုင်ခင်မှာဘဲ အလွယ် တကူ
ပစ်ချနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ပမာခိုင်းရမယ်ဆိုရင်တော့ လိပ်ဥက ပေါက်ခါစ
လိပ်ကလေးတွေ သဲသောင်ပြင်ကိုဖြတ်ပြီး ပင်လယ်ထဲမဆင်းနိုင်ခင် ကျီးကန်းတွေ
ဝိုင်းသုတ်ကြတာမျိုးနဲ့ ဆင်ဆင်တူပါတယ်။ ဒီ ကာမီကာဇီ လေသူရဲတွေအကြောင်း
ပြောထားတဲ့ ဇာတ်လမ်းတွေကတော့ အများကြီးပါပဲ။ အဲဒီအထဲက ကာမီကာဇီလေသူရဲတစ်ဦး
နောက်ဆုံးအခေါက် လေထဲပျံမတက်ခင် သူ့အမေဆီရေးခဲ့တဲ့
စာလေးတစ်စောင်အကြောင်းကို မျှဝေပေးလိုက်ချင်ပါတယ်။
'စစ်မြေပြင်ကို သွားရတော့မယ့် ဒီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ထဲမှာ
ပါဝင်ထမ်းဆောင်ဖို့ သားအရွေးချယ်ခံရတဲ့အတွက် ၀မ်းသာဂုဏ်ယူမိတာကတော့
အမှန်ပါပဲအမေ၊ ဒါပေမယ့် အမေ့ကိုသတိရပြီး သားငိုမိပါတယ်။
သားရဲ့အနာဂတ်အပေါ်မှာ အမေမျှော်လင့်ချက်တွေ ဘယ်လောက်ပဲ ထားခဲ့ထားခဲ့
အမေ့ပျော်ရွှင်မှု အမေ့မျှော်လင့်ချက် မှန်သမျှတွေကို ဘာတစ်ခုမှ
ရောင်ပြန်ဟပ်မပေးနိုင်ဘဲ လူ့လောကထဲကနေ ထွက်ခွာသွားရတော့မယ့် သားရဲ့အဖြစ်ကို
သတိရမိလို့ပါ အမေ'' (အီချီဇိုဟာယာရှီ)
တကယ်တော့လည်း ဒီလိုကလေးမျိုးတွေ စစ်မြေပြင်မှာ အများကြီး ရှိကြမှာပါပဲ။
တကယ်လို့ အခုနေ ငါသေသွားရင် အမေဂုဏ်ယူပျော်ရွှင်နိုင်ပါ့မလားဆိုတာဟာ
သူတို့ကိုသူတို့ နေ့စဉ်ထုတ်နေကြတဲ့ မေးခွန်းပဲ ဖြစ်ပါလိမ့်မယ်။
လူ့ဘ၀ကနေကိုယ်စွန့်ခွာ ထွက်သွားရတာဟာ အမေ့ရဲ့
လိုအပ်ချက်ဖြစ်နေမယ်ဆိုရင်တော့ ဖြေသာနိုင်ဦးမှာ ဖြစ်ပေမယ့် ဒါဟာလည်း
ခုခေတ်မှာ ဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ဒါ့ကြောင့်လည်း လူ့အသက်တွေဟာ
အင်မတန်မှ တန်ဖိုးရှိတယ်ဆိုတာကို စစ်တိုက်ဖို့ ဆုံးဖြတ်ခွင့်ရှိတဲ့လူတွေ
သိနေကြဖို့ လိုပါတယ်။ ဒါကလည်း ပြောသာ ပြောရတာပါ။ ဘယ်တုန်းကမှ အဲဒီလို
အသိမျိုး ရှိခဲ့ကြတာလည်း မဟုတ်ပါဘူး။ ဂျပန် ဒုတိယကမ္ဘာစစ်ထဲ ၀င်တိုက်ဖို့
အမှန်တကယ် ဆန္ဒပြင်းပြခဲ့တဲ့ ဂျပန်အာဏာပိုင် ပုဂ္ဂိုလ် အရေအတွက်ဟာ ၂၃
ယောက်ထက် မပိုဘူးလို့ ပြောနေကြတဲ့ သမိုင်းသုတေသီတွေလည်း ခုချိန်ထိ
အများကြီးရှိနေဆဲပါပဲ။ တန်ဖိုးကြီးမားတဲ့ အသက်တွေကို စစ်နိုင်မယ်ဆိုတာ
သေချာမှသာ စွန့်စားသင့်ပါတယ်။ ဒါ့ကြောင့် ဘယ်လောက်ပဲ တရား တရား ဘယ်လောက်ပဲ
လိုအပ်လိုအပ် ရေရှည်တိုက်လို့ မနိုင်နိုင်မှန်းသိနေရင် အမိုက်ခံပြီး
ဆက်မတိုက်သင့်ဘူးလို့ ဒီအချက်က ဆိုလိုတာပါ။
ဆဋ္ဌမအချက်ကတော့ စစ်ပွဲတစ်ပွဲကို စီးပွားရေးဆန်ဆန် တွက်ချက်ပြီး
တိုက်တဲ့နည်းပါပဲ။ အလွယ် တကူ နားလည်အောင် ပြောရရင် တန်မှ တိုက်သင့်တယ်လို့
ဆိုလိုတာ ဖြစ်ပါတယ်။ အသက်ကယ်ရမှာက လူ ၁၀ ယောက်၊ ဒီ ၁၀ ယောက် အသက်ကယ်ဖို့
ပေးဆပ်ရနိုင်တဲ့ အသက်က ၂၀။ အိုးပစ်အိမ်ပစ်နဲ့ ဒုက္ခရောက်ရမယ့်သူက ၁၀၀ ဖြစ်နေ
ရင် မတိုက်သင့်ပါဘူး။ နိုင်ငံတစ်နိုင်ငံ ဒါမှမဟုတ် လူမျိုးစုတစ်စုဟာ
စစ်တိုက်သင့်တဲ့ အခြေအနေမျိုးကို ရောက်နေပြီဆိုရင် ကံသိပ်မကောင်းတော့ဘူး
ဆိုတာကတော့ သေချာနေပါပြီ။မကောင်းတော့တဲ့ အခြေအနေ ထဲကနေ အသက်သာဆုံး
အခြေအနေကို ရွေးကြရတာဖြစ်ပါတယ်။ စစ်တိုက်လိုက်လို့ ဒုက္ခတွေ
ပိုရောက်သွားရတာမျိုး ဖြစ်သွားမယ့်အစား စစ်တိုက်လိုက်တဲ့အတွက် ဒုက္ခတွေ
ပိုနည်းသွားမှာ သေချာမှ တိုက်ရမယ်လို့ ဒီနောက်ဆုံးအချက်က ဆိုလိုတာ
ဖြစ်ပါတယ်။ ဒါကတော့ တရားသောစစ်ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေပါပဲ။
ဒါ့ကြောင့် စစ်ပွဲတစ်ပွဲကို အစပျိုး တိုက်ခိုက်ဖို့ထက်
ကိုယ်တိုက်ချင်တဲ့ စစ်ဟာ ဘယ်လိုစစ်ပွဲမျိုးလဲ ဆိုတာကို အရင်သိအောင်
လုပ်ထားဖို့က ပိုအရေးကြီးပါတယ်။ အဲဒီလို သိအောင် လုပ်မထားဘဲ ထစ်ခနဲရှိ
စစ်နဲ့ဖြေရှင်း ထစ်ခနဲရှိစစ်နဲ့ဖြေရှင်း မလုပ်သင့်ပါဘူး။ ကိုယ့်ရင်ထဲမှာ
စစ်နဲ့ ဖြေရှင်းမှရမယ်လို့ ထင်နေတဲ့ ပြဿနာကို တခြားနည်းလမ်းပေါင်းစုံနဲ့
ဖြေရှင်းဖို့ အရင်စဉ်းစားကြရမှာပါ။ အိုဘားမား ဒုတိယအကြိမ်
ကျမ်းသစ္စာကျိန်ဆိုတုန်းက 'ဘုရားသခင် ကူမတော်မူပါ'လို့ နောက်က
လိုက်ဆိုခဲ့ပေမယ့် တကယ့် အမေရိကန်ပြည်ထောင်စုရဲ့ ပြဿနာပေါင်းစုံကို
သူ့အစိုးရနဲ့ သူ့ကိုယ်သူကိုယ်ပဲ အားကိုးပြီး ဖြေရှင်းရမယ်ဆိုတာကို
သမ္မတအိုဘားမားကိုယ်တိုင် အဲဒီ အချိန်ကတည်းက သူ့ဟာသူတော့ သိနေခဲ့မှာပါ။
ကိုယ်တို့လည်း ကိုယ်တို့ ပြဿနာကို ကာယကံရှင်ဖြစ်တဲ့ ကိုယ်တို့နှစ်ဦးကပဲ
တစ်ဦးအပေါ်တစ်ဦး ယုံကြည်အားကိုးပြီး ဖြေရှင်းမှရမယ် ဆိုတာနဲ့ တရားသော
စစ်ဆိုတာ ဘာလဲဆိုတာကို သက်ဆိုင်သူတွေ အမြန်သတိရလာကြစေဖို့ 'ဘုရားသခင်
ကူမတော်မူပါ'လို့ ဆုတောင်းနေမိရတော့တာပါပဲ။
EMG |
No comments:
Post a Comment