menu

Wednesday 9 January 2013

လိုအပ်ချက်များစွာရှိနေသည့် ရေတံခွန်တောင်ဘုန်းတော်ကြီးသင်ကျောင်း

Photo: လိုအပ်ချက်များစွာရှိနေသည့် ရေတံခွန်တောင်ဘုန်းတော်ကြီးသင်ကျောင်း

မောင်ယဉ်ကျော်-မန္တလေး(မြစ်မခ)

မန္တလေးမြို့အရှေ့ဘက် ရေတံခွန်တောင်အနီးရေကြည်ကျေးရွာ၌ တည်ရှိသော ရွှေဘုံသာဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် စာသင်ခန်းလိုအပ်ချက်များရှိကြောင်း သိရှိရသည်။
 
 အဆိုပါ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာ ကျေးရွာ(၅)ရွာမှ မူလတန်းအလယ်တန်း ကျောင်းသားများ အားထားပြုနေရသည့် ကျောင်းလည်း ဖြစ်သည်။
 
“အခက်အခဲတွေအများကြီးပါပဲ၊ ဘုန်းကြီးတို့မှာ စာသင်ခန်းမလုံလောက်တာ ဆရာ၊ဆရာမ အင်အားနည်းတာ၊ သင်ကြားရေး အထောက်အကူ ပစ္စည်းတွေ မပြည့်စုံတာတွေအခက်အခဲရှိပါတယ်၊ အရင်(ရှိုင်းဟုတ်)ကုမ္ပဏီက ထောက်ပံ့ပေးပေမယ့် ဒီနှစ်က နောက်ဆုံး ထောက်ပံ့ခြင်းဖြစ်တဲ့အတွက် ငွေအား အရမ်းလိုပါတယ်”ဟု အလှူရှင်များလိုအပ်လျှက်ရှိနေကြောင်း ဆရာတော် ဦးပညိန္ဒမှမိန့်ကြားသည်။
 
 အဆိုပါ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၁၉၉၆ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ရေကြည်ရွာ၊သရက်တောရွာ ၊ရွေးစုရွာ၊ရွင်တော်ကုန်းရွာလိမ်ပင်ရွာ၊စသည့်နေရာများမှကျောင်းသားများ လာရောက်ပညာသင်ကြားလျှက်ရှိသည်။
 
ရေကြည်ကျေးရွာအနီးဝန်းကျင်၌ အစိုးရကျောင်းများရှိသော်လည်း ရွှေဘုံသာဘုန်းတော်ကြီး ကျောင်းလောက် လူဦးရေမများကြောင်း၊ မူလတန်းအဆင့်အထိသာ ရှိကြောင်း ရေကြည်ရွာခံများ ထံက သိရသည်။
 
 “မန္တလေးမြို့နဲ့အနီးဆုံးကျေးရွာတွေမှာ လုံလောက်တဲ့ပညာသင်ကြားမှု မရှိဖြစ်နေတာ အရမ်းအံသြမိပါတယ် ။ မြန်မာနိုင်ငံရဲ့  လက်ရှိပညာရေးအဆင့်မြှင့်တင်ဖို့ များစွာ လိုအပ်နေပါသေး တယ်။”ဟု မန္တလေးမြို့ခံ ကျောင်းဆရာတစ်ဦးက ပြောသည်။
 
အဆိုပါကျောင်း၌ ကျောင်းသားဦးရေ(၅၀၀)နီးပါးရှိသော်လည်း ဆရာ၊ဆရာမအင်အား စုစုပေါင်း (၂၂)ဦးသာ ရှိကြောင်း အဆိုပါ ဆရာ၊ဆရာမများအား ဘုန်းတော်ကြီးမှ လစာပေးထားရကြောင်း သိရသည်။
 
ရွှေဘုံသာဘုန်းတော်ကြီး ကျောင်းသို့ လှူတန်းလိုသူများ ဖုန်းနံပါတ်09-2011730သို့ ဆက်သွယ် လှူဒါန်းနိုင်သည်။
 
အေးချမ်းမွန်မှ  Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

  Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis