menu

Wednesday 9 January 2013

မအူပင်မြို့၌ NLDညီလာခံကျင်းပမည့်နေ့တွင် ဆန္ဒပြရန်ရှိနေ

Photo: မအူပင်မြို့၌ NLDညီလာခံကျင်းပမည့်နေ့တွင် ဆန္ဒပြရန်ရှိနေ

မအူပင် ၊ ဇန်နဝါရီ၊ ၉ ။

ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
(NLD)ပါတီမှ မြို့နယ်ညီလာခံကျင်းပပါက ဆန္ဒပြကြမည်ဟု ပါတီဝင်အဖြစ်မှ ယာယီထုတ်ပယ်ခြင်းခံထားရသူ ဦးအောင်ကြီးက ဇန်နဝါရီလ ၊ ၈ ရက်နေ့
တွင် ပြောကြားသည် ။

" အဓိကကတော့ မဖွဲ့ရသေးတဲ့ ရပ်/ကျေးညီလာခံတွေကို ပြန်ဖွဲ့ပေးဖို့ ၊ ထင်သာမြင်သာရှိတဲ့ မြို့နယ်ညီလာခံ ကျင်းပဖို့နဲ့ ယာယီအထုတ်ခံထားရတဲ့ (၂၆)ဦးကို ပြန်လည် အရွေးချယ်ခံခွင့် ပေးဖို့ပါ ။ လောလောဆယ်တော့ မြိ့နယ်ညီလာခံ လုပ်မယ့်နေ့မှာ ဆန္ဒပြမယ် ။ ဒီနေ့လည်း ညီလာခံလုပ်မယ် ကြားလို့ အယောက်(၂၅၀)ဆန္ဒဖော်ထုတ်မယ်လို့ ခွင့်ပြုမိန့် တောင်းထား
တာပါ ။ ဒီနေ့ညီလာခံမလုပ်လို့ မပြပေမယ့်လည်း နောက်နေ့တွေအတွက် ဆန္ဒထုတ်ဖော်ဖို့ ခွင့်ပြုမိန့်ကို ဆက်တိုက်တောင်းသွားမှာပါ " ဟု ၎င်းကပြောသည် ။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၊ ၃ရက်နေ့က NLD မြို့နယ်ညီလာခံ
ကျင်းပရေးကော်မရှင်ကို ပါတီဝင်(၂၅၀)က ဆန္ဒပြသခြင်းနှင့်ပက်သက်၍ မြို့နယ်ကိုယ်စားလှယ်လောင်း (၂၆)ဦးအားဗဟိုမှညီလာခံ ကျင်းပ
ပြီးစီးချိန်အထိ ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရခြင်းဖြစ်ပြီး ၎င်းတို့ထဲမှ (၅)ဦးကိုလည်း ဒီဇင်ဘာလ(၂၇)ရက်နေ့နှင့် (၂၈)ရက်နေ့များက ခွင့်ပြုမိန့်မရရှိပဲ ဆန္ဒပြခဲ့သည့်အတွက် မအူပင်မြို့နယ်ရဲတပ်ဖွဲ့မှ ပုဒ်မ(၁၈)နှင့် တရားစွဲဆိုထားကြောင်း ဆက်လက်ပြောကြားသည် ။

ပါတီဝင်အဖြစ်မှ ယာယီရပ်စဲခြင်း ခံထားရသည့်အပြင် ပုဒ်မ(၁၈)နှင့်ပါ အမှုရင်ဆိုင်နေရသူ တစ်ဦးဖြစ်သော ဦးဇော်မင်းဦးက "ပါတီဝင်အဖြစ်ကနေ ရပ်ဆိုင်းတဲ့စာကို ဗဟိုကနေ ဒီဇင်ဘာ(၁၈)ရက်နေ့က ထုတ်ပေးထားတာ ၊ ကျွန်တော်တို့ဆီကို (၂၆)ရက်နေ့မှရောက်ပြီးသိရတာ ၊ ညီလာခံက (၂၈)ရက်နေ့ဆိုတော့ အရမ်းကပ်နေပြီ၊ဆန္ဒပြဖို့ခွင့်ပြုမိန့်တောင်းလိုက်ပေမယ့် မမီတော့ဘူး ။ ဒီတော့ ဆန္ဒလည်းပြရော ခွင့်ပြုမိန့်မရှိတော့ ပုဒ်မ(၁၈)နဲ့ အစွဲခံရတယ် ။ သူတို့လည်း အဲဒီ(၂၈)ရက်နေ့က ညီလာခံမလုပ်ဖြစ်
တော့ဘူး ။ ဗဟိုဦးစီးစနစ်ဆိုတာကတော့ ရှိသင့်ပါတယ် ။ ဒါပေမယ့် လိုအပ်တာထက် ပိုနေရင်တော့ မကောင်းပါဘူး " ဟု ပြောကြားသည် ။

အဆိုပါကိစ္စများနှင့်ပက်သက်၍ မအူပင်မြို့နယ် NLDညီလာခံ
ကျင်းပရေးကော်မရှင်ဥက္ကဌ ဦးဝင်းရွှေက ရပ်/ကျေးညီလာခံ
ကျင်းပမှုတွင် ကျေးရွာအုပ်စု (၈၈)အုပ်စုအနက် (၆၉)အုပ်စုကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြို့နယ်ညီလာခံကိုလည်း ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဧရာဝတီတိုင်း
ဒေသကြီး ၊ NLDညီလာခံ ကျင်းပရေးကော်မရှင်ဥက္ကဌ ဒေါက်တာအေးကြူ
ကလည်း " ညီလာခံကျင်းပပြီးစီးဖို့အတွက် ဦးတို့ဘက်ကနေ လိမ္မာပါးနပ်စွာ ကိုင်တွယ်သွားမှာပါ ။ ဒီတိုင်းပြည်က မင်းမဲ့တိုင်းပြည်မှ မဟုတ်ပဲ ။
မအူပင်က သက်ဆိုင်ရာအာဏာပိုင်တွေနဲ့လည်း သဘောတူညီထား
ပြီးသားပါ။ သူတို့ဆီကနေ နှုတ်ကတိ ရထားပါတယ် ။ ဦးတို့ကို ညီလာခံကျင်းပလို့ရအောင် ကာကွယ်ပေးပါမယ်တဲ့  ။ အခုအခြေအနေ အတိုင်းဆို အာဏာပိုင်တွေကို နောက်ထပ် အကြောင်းကြားရပါ့မယ် ။ မအူပင်မှာတင် မရရင်တိုင်းဝန်ကြီးချုပ်အထိ တတ်တိုင်သင့်ရင် တိုင်ရမယ် " ဟု ပြောကြားခဲ့သည် ။

မအူပင်မြို့တွင် ကြားဖြတ်ရွေးကောက်ပွဲပြီးစီးချိန်မှစ၍ NLD ပါတီတွင်း
မကျေလည်မှုများစတင်ခဲ့ခြင်းဖြစ်ပြီး ဗဟိုမှ ကိုင်တွယ်စီမံမှု ညံ့သောကြောင့် ယခုကဲ့သို့ ပြဿနာများ ကြီးထွားလာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက
၎င်း၏အမြင်ကို ပြောကြားသည် ။

ထက်နောင်နောင်

အေးချမ်းမွန်မှ  The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်

The Myanma Age

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis