menu

Thursday 24 January 2013

ကူရာမဲ့တို့အတွက် မျှော်လင့်ချက် ရောင်နီဦး

Photo: ကူရာမဲ့တို့အတွက် မျှော်လင့်ချက် ရောင်နီဦး

ရန်ကုန်၊ ဇန်နဝါရီ ၂၃။

သာယာဖို့ကောင်းသော နံနက် ၇ နာရီခန့်အချိန်တွင် ကိုမြင့်လွင် တစ်ယောက် ရွာထိပ်သို့ တစ်ရွေ့ရွေ့လမ်းလျှောက်လာခဲ့သည်။ ရာသီသည် ဆောင်းရာသီဖြစ်သည့်တိုင် သူ့တွင် အနွေးထည်နှင့်
တူသော အဝတ်အစား ဝင်ဆင်မလာခဲ့။ အသက် ၄၄ နှစ်အရွယ်
ဆိုသည်မှာ သန်မာလျက်ရှိသော လူရွယ်တစ်ယောက် ဖြစ်သော်
လည်း သာမန်လူတစ်ယောက်နှင့် မတူသော သူ့အဖို့ ရွာထိပ်သို့ မနည်းလျှောက်လာခဲ့ရသည်။

သူသည် ၁၉၉၁ ခုနှစ်တွင် ပဲခူရိုးမသစ်တောတွင်းသို့ ဝင်၍
မိသားစုအတွက် သစ်ကောက်ရင်း မိုင်းနင်းမိကာ ယခုကဲ့သို့ မသန်စွမ်းဘဝသို့ ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြသည်။

"အဲဒီတုန်းက လူပျိုလေးပေါ့။ စားဝတ်နေရေး နည်းနည်း ကျပ်တည်းနေတော့ တောထဲ ထင်းသွားကောက်ရင်း
မိုင်းနင်းမိပြီး ညာဘက်ခြေထောက်ဖြတ်လိုက်ရတာပဲ"ဟု
ပြောကြားသည်။

ဖြူးမြို့လူထု၏ လှုပ်ရှားမှုသည် ပိုမိုဆူညံလာသည်။ လူအများ
မျှော်လင့်စွာ စောင့်စိုင်းနေသော အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိပြီ
ဖြစ်ကြောင်း သိလိုက်ရသည်။

"ကျွန်တော့် တစ်သက်နဲ့ တစ်ကိုယ် သူ့ကို ဒါပထမဦးဆုံး
မြင်ဘူးတာ" ဟု ကိုမြင့်လွင်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ကြားဖြတ်ရွေး
ကောက်ပွဲ ပြီးနောက်တွင် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှ
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ် ရွေးကောက်ခြင်း
ခံရသူဖြစ်ပြီး မြန်မာနိုင်ငံ၏ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်
အောင်ဆန်း၏ သမီးလည်းဖြစ်သည်။

ဒေါ်စုသည် ဖြူးမြို့နယ်မှ စတင်ကာ ပဲခူးတိုင်းနှင့် ကရင်
ပြည်နယ် နယ်စပ်ရှိ ကျောက်ကြီးမြို့နယ်သို့ သွားရောက် မည်ဖြစ်သည်။ ကျောက်ကြီးမြို့နှင့် မုန်းမြို့တွင် ယခင်
ပြည်တွင်းစစ်များ ဖြစ်ပွားစဉ်က ထောင်ထားခဲ့သော
မြေမြုပ်မိုင်းများကြောင့် ယခုအချိန်ထိ ပြည်သူများ ထိခိုက်
မှုများ ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်လေ့လာ
သော ခရီးစဉ်ဖြစ်ကြောင်း ၎င်း၏ ပါတီတွင်းမှ မရမ်းကုန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်မေဝင်း မင့်က ပြောကြားသည်။

"မြေမြုပ်မိုင်းကြောင့် ဒီမှာရှိတဲ့ ပြည်သူတွေ ဒုက္ခအတော်
ရောက်နေတယ်။ သူတို့အတွက် စားဝတ်နေရေး အခက်
အခဲတွေလည်း ရှိတယ်။ ဆင်းရဲကြတဲ့အပြင် မသန်းစွမ်း
ဘဝက ဝင်ငွေရှာဖို့မလွယ်ဘူး" ဖြုးမြို့နယ်ရှိ အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီဝင်တစ်ဦးက ဆိုသည်။

ဆွမ်ဇာလန် အခြေစိုက် နိုင်ငံတကာ မြေမြုပ်မိုင်း တားဆီး
ရေး ICBL က မြန်မာနိုင်ငံတွင်း ဒေသ ၄၈ ခုလောက်မှာ
မြေမြှုပ်မိုင်း အန္တရယ် ရင်ဆိုင်နေရသည်ဟု ယမန်နှစ်က
ထုတ်ပြန်ထားသည်ကို တွေ့ရသည်။

"မြေမြှုပ် မိုင်းရဲ့ အကျိုးဆက်တွေဟာ လူသားတွေအားလုံး
ခံရတာမို့ ဒီကိစ္စကို အာရုံစိုက်ဖို့ လိုအပ်တယ်"ဟု ယမန်နှစ်က
ရန်ကုန်မြို့တွင် ပြုလုပ်သော ၂၀၁၂ မြေမြှုပ်မိုင်း လေ့လာ
စောင့်ကြည့်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ Moserက ပြောခဲ့သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တို့ ငြိမ်းချမ်းရေး
ဖော်ဆောင်နေစဉ်ကာလအတွင်း မြေမြှုပ်မိုင်း မသုံးစွဲရေး
ကိစ္စတွေကို လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိသင့်တယ်
လို့လည်း ICBL အဖွဲ့က တိုက်တွန်းထားသည်။

"မုန်းမှာ ဆိုလိုရှိရင် ငြိမ်းချမ်းရေး မရှိခြင်းကို အကြောင်ပြုပြီး
မြေမြုပ်မိုင်းတွေထောင်ခဲ့တာကြောင့် ပြည်သူတွေ ထိခိုက်တယ်။ မသန်စွမ်းတဲ့ သူတွေ ဒုက္ခိတ ဖြစ်နေတဲ့သူတွေ တော်တော်များ များ တွေ့ရပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည်က မုန်းမြို့နယ်
ဒေသခံများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။

မုန်းမြို့နယ်နှင့် ဆက်လျက်ရှိသော ကျောက်ကြီးမြို့နယ်တွင်း
တွင်လည်း ယခင် ပြည်တွင်းစစ်လက်ကျန် မြေမြုပ်မိုင်းများအား ရှင်းလင်းနိုင်မှု အားနည်းခြင်းကြောင့် ၂၀၁၀ ခုနှစ်အထိ ထိခိုက်
သူများ ရှိခဲ့သည်။

ဒေသနှစ်ခု၏ လူဦးရေ ၈၀ ရာခိုင်နှုန်းခန့်သည် မြေမြှုပ်မိုင်း
များကြောင့် မသန်စွမ်းများဖြစ် ခဲ့ကြပြီး သေဆုံးမှုနှုန်းလည်း
မြင့်တက်ခဲ့သည်ဟု ဒေသခံ ကြက်ခြေနီတပ်ဖွဲ့မှ တာဝန်ရှိသူ
က ထုတ်ဖော်ပြောသည်။

ကမ္ဘာ့နိုင်ငံစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းလောက်သည် မြေမြှုပ်
မိုင်းတားဆီးရေး သဘောတူစာချုပ်မှာလက်မှတ်ထိုးထား
သော်လည်း ယခုအချိန်ထိ မြန်မာနိုင်ငံမှ လက်မှတ်ထိုးခြင်း
မရှိသေးကြောင်းICBL ကထုတ်ပြန်ထားပြီး ၂၀၁၂ နှစ်ဆန်း
ပိုင်းတွင် သမ္မတဦးသိန်းစိန်က မြေမြှုပ်မိုင်း ကူညီရှင်းလင်းပေးဖို့ ဥရောပသမဂ္ဂအဖွဲ့များအား အကူအညီတောင်းထားသည်။

"အမေရိကန်နိုင်ငံကလည်း မြန်မာနိုင်ငံရဲ့ မြေမြှုပ်မိုင်းတွေ
ကူညီရှာဖွေ ရှင်းပေးဖို့ သဘောတူထားတယ်"ဟု ICBL မှ
မစ္စတာ Yeshua Moser က ယမန်နှစ်တွင် ရန်ကုန်၌
ပြောခဲ့သည်။

ကရင်၊ ကယား၊ ချင်း၊ ပဲခူးတိုင်းနှင့် စစ်ကိုင်းတိုင်းတို့တွင် အများဆုံး တွေ့ရကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံတကာမှ အကူအညီများအပြင် ပြည်တွင်းမှ စေတနာရှင်
အချို့၏ အကူအညီများဖြင့်မသန်စွမ်းဖြစ်ခဲ့သူများကို ခြေတုံ
လက်တု တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးခဲ့ရသော်လည်း
၎င်းတို့ မိသားစု၏ ဘဝအခက်အခဲများကို မူဖြေရှင်းနိုင်ပေးခြင်း
မရှိခဲ့ပေ။

"ကျွန်တော်မှာက မိသားစု ၄ ယောက်ရှိတယ်။ အမေ အပါအဝင် ၅ ယောက်ပေါ့။ တစ်ခြားကလေးတွေက ငယ်သေးတယ်။
ကျွန်တော် မိုင်းထိသွားတော့ မိသားစုရဲ့လက်တစ်ဖက် ပြုတ်
သွားရတာပဲ" ဟု အသက် ၁၈ နှစ်အရွယ်ရှိ ဖြူလေးက မိသားစုတွင်း စီပွားရေးကျပ်တည်းသွားပုံကို ပြောကြားသည်။

သူသည် အသက် ၁၆ နှစ်အရွယ် ၂၀၁၀ ခုနှစ်က ပိုက်ကွန်
ပစ်သည့်အချိန်တွင် မိုင်းထိခြင်းဖြစ်ကြောင်း ပြောပြသည်။

"အခု အမေစုလာတဲ့အခါ ကျွန်တော်တို့အတွက် မျှော်လင့်တာ
ကတော့ လုပ်ငန်းလေးတစ်ခုပါပဲ။ တစ်ချို့က ထောက်ပံ့ကြေးတွေ ရလိမ့်မည်လို့ ပြောကြတယ်။ ဒါပေမယ့် အပြည့်အစုံကြီးရယ် လို့တော့ မျှော်မှန်းမထားဘူး"ဟု သူ၏ မျှော်လင့်ချက်ကို
ပြောပြသည်။

မိုင်းများအား ရှင်းလင်းနေသော အဖွဲ့အစည်းများကလည်း
ပြီးပြည့်စုံအောင် ရှင်းလင်းနိုင်ခြင်းမရှိသေးသည့်အပြင် မိုင်းအား အသက်ဝင်စေခဲ့သော ကေအန်မ်ယူ အဖွဲ့အစည်းများ
ကိုယ်တိုင်က သူတို့၏ မိုင်းမြေပုံအား မှတ်မိခြင်းမရှိတော့ကြောင်း မသန်စွမ်းများအား ကူညီလုပ်ကိုင်ပေးနေသော ဒေသခံ လူမှု အဖွဲ့အစည်းတစ်ခုက ဆိုသည်။

"မိုင်းတွေကို ရှင်းတော့ လူအရပ် ခါးလယ်လောက်ရှိတဲ့ အပုံ
ကြီးတွေ အများကြီးဘဲ။ နောက်ဆုံး သူတို့ ရိက္ခာပို့တဲ့ လမ်း
ကြောင်းကနေပဲ ပြည်သူတွေကို ဈေးလာရောင်းခိုင်းတာတို့
သွားလာခွင့်ပေး ရတာတို့ လုပ်ရတယ်"ဟု အဆိုပါ လူမှုအဖွဲ့
အစည်းမှ တာဝန်ရှိသူက ပြောကြားသည်။

ကမ္ဘာ့ကြက်ခြေနီနှင့် အခြား လူမှုအဖွဲ့အစည်းများက မြေမြှုပ် မိုင်းထိသူများကို ၅ နှစ် တစ်ကြိမ် ခြေတုလက်တု လဲလှယ်ပေး
ခြင်းနှင့် ဆေးဝါးအကူအညီများ ပေးအပ်ကြောင်းလည်း
ဆက်လက်ပြောသည်။

"အစိုးရဆီက ဘာအကူအညီမှ မရဘူး။ ကြက်ခြေနီအဖွဲ့က
ပေးတဲ့ ခြေတုပဲ ရတယ်။မျှော်လင့်တာတော့ အများကြီး
မမျှော်လင့်ဘူး။ ဒါပေမယ့် ကျွန်တော်တို့အတွက် အလုပ်
အကိုင်က မရှိသလောက်ရှားတယ်။ ဒါကို ဖြေရှင်းပေးစေချင်
တယ်" ဟု ညိုညစ်နေသောခြေတုကို ပိုင်ဆိုင်ထားသူ ကိုမြင့်လွင်က ပြောကြားသည်။

ထို့အပြင် "ကျွန်တော်ဆို ဆေးရုံတက်တုန်းက ၅ သိန်းလောက်
ကုန်တယ်။ ဘယ်သူကမှ အလကား မပေးခဲ့ဘူး။ စီးပွားရေး ကျပ်တည်းလွန်းလို့ မြေကွက်အသေးလေးကို ရောင်းလိုက်ရ
တယ်" ဟု ၂၀၁၀ ခုနှစ်အတွင်း မြေမြုပ်မိုင်းကြောင့် ဘယ် ဘက်ခြေထောက်ဖြတ်လိုက်ရသူ တစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကျောက်ကြီးမြို့နယ်သို့
ရောက်ရှိခဲ့စဉ်တွင် ဒေသခံပြည်သူများနှင့် အုပ်ချုပ်ရေး မှူးရုံးတွင် တွေ့ဆုံခဲ့သည်။ သူမအား ကျောက်ကြီးမြို့နယ်
ပတ်ဝန်းကျင်ရှိ ကျေးရွာအသီးသီးမှ မသန်စွမ်းပြည်သူများ
ကလည်း လမ်းမထက်တွင် စောင့်ဆိုင်းနေသည်။

"အမေ ကျောက်ကြီးကို နောက်တစ်ခါ လာအုံးမှဖြစ်မှာ
နော်" ဟု ဆိုင်းဘုတ်ကိုင်ဆောင်ထားသော မသန်စွမ်းသူ
တစ်ဦးက "ကျွန်တော်တို့က သူကိုအားကိုးတယ်။
ကျွန်တော်တို့အတွက် လိုအပ်ချက်တွေကို သူဖြည့်
ပေးနိုင်မယ်လို့ထင်တယ်" ဟုသူ၏ မျှော်လင့်ချက်အား
ပြောပြ သည်။

အော်ဟစ်သံများ ဆူညံလာခဲ့သည်။ မသန်စွမ်းသူများသည်
၎င်းတို့၏ အားကိုးအားထားပြုရာ ဂျိုင်းထောက်များကို လက်ဖြင့် ကိုင်ဆောင်ကာ ဒေါ်စုကို ကြိုဆိုခဲ့ကြသည်။

မြေမြှုပ်မိုင်းများအား အစိုးရနှင့် ကေအန်မ်ယူ လက်နက်ကိုင်တို့ အပစ်အခတ်ရပ်စဲရေး သဘောတူမှုများ ရရှိခဲ့ပြီးနောက် ရှင်းလင်း
ရေးများ လုပ်တောင်ခဲ့သော်လည်း ယခုတိုင်အပြည်အစုံ ရှင်းလင်း မှုများ ပြုလုပ်နိုင်ခြင်း မရှိသေးပေ။

ကျောက်ကြီးမြို့နယ်တွင်း မြေမြှုပ်မိုင်းများကြောင့် မသန်စွမ်း
ဖြစ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ၆၀၀ ခန့်ရှိကြောင်း လူမှုအဖွဲ့
အစည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ်အထိ ခြောက်နှစ်တာကာလတစ်လျှောက်
မြေမြုပ်မိုင်းများကြောင့် မြန်မာနိုင်ငံအတွင်း သေကြေ
ဒဏ်ရာရသူ စုစုပေါင်းလူဦးရေ (၃၀၀၀)ကျော် ရှိခဲ့ပြီး
နိုင်ငံတကာတွင်မြန်မာနိုင်ငံသည် ထိခိုက်ဆုံးရှုံးမှု တတိယ
အများဆုံး နိုင်ငံတစ်ခု ဖြစ်သည်ဟု နိုင်ငံတကာ
မြေမြုပ်မိုင်း တားဆီးရေး ICBL က ဆိုခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်နေ့သည် ပဲခူးတိုင်းအတွင်း မြေမြှုပ်မိုင်း
များကြောင့် ထိခိုက်မိခဲ့သောမသန်စွမ်းသူများ၏ နေ့တစ်နေ့
ဖြစ်သည့်တိုင် သာမန်ပြည်သူများအတွက်လည်း မျှော်လင့်
နေသော ရက်တစ်ရက်ဖြစ်ကြောင်း မသန်စွမ်းသူများက ဆိုကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ထိုနေ့ညနေတွင်ပင် ကျောက်ကြီး
မြို့နယ်ရှိ ကေအန်မ်ယူဆက်ဆံရေးရုံးမှ တာဝန်ရှိသူများနှင့် မိုင်းရှင်းလင်းရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

"အဓိကတော့ မိုင်းရှင်းလင်းရေးမှာ ပူးပေါင်းပါဝင်ကြဖို့နဲ့
ဒီမိုင်းတွေကြောင့် မသန်စွမ်းဖြစ်ခဲ့သူတွေအတွက် အကူအညီ ဘယ်လိုပေးမလဲဆိုတာတွေ ဆွေးနွေးဖြစ်ကြတာပါ"ဟု
ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိဖြစ်သူ ပြည်သူ့
လွှတ်တော် ကိုယ်စားလှယ်ဖြိုးဇေယျသော်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ထိုနေ့နံနက်ပိုင်းတွင် မုန်းမြို့သို့ ရောက်ရှိစဉ်၌ "ဒီနိုင်ငံတွင်းမှာ ငြိမ်းချမ်းရေး မရသေးတဲ့ အတွက်ထိခိုက်မိတဲ့ ပြည်သူတွေ အများကြီးရှိတယ်ဆိုတာ သိလို့ လာခဲ့တာပါ" ဟုပြောခဲ့သည်။

ဖြူးမြို့နှင့် မုန်းမြို့သည် ၂ နာရီခန့် သွားလာရသော ဖုန်ထူသော
လမ်းဖြစ်ပြီး မုန်းမှတစ်ဆင့်ကျောက်ကြီးမြို့သို့ စစ်တောင်းတံတား အား ဖြတ်ကူးကာ သွားလာရန် ခက်ခဲသော မြို့နယ်များ ဖြစ်သည်။

ညမှောင်ချိန် ရောက်သည့်တိုင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသော ဒေသခံတို့သည်နေမြဲဖြစ်သည့် ရွာအဝင်ဝများတွင် မီးတုတ်များကိုင်ဆောင်ကာ စောင့်နေကြသည်။သူတို့၏ အပြုံး၊
သူတို့၏ မျှော်လင့်ချက်သည် ဓါတ်ပုံများတွင်သာ တွေ့မြင်ဖုး
သ်ာလည်း အနာဂတ်အလင်းရောင်ဖြစ်သည့် ဒေါ်အောင်ဆန်း
စုကြည်ကို မျှော်လင့်နေသည်။

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ် နယ်စပ်အတွင်းရှိ မသန်စွမ်း
ဖြစ်ခဲ့သူများနှင့် ဒေသခံများအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်
သည် သူတို့၏ ဖုန်ထူသော ကျေးရွာများအတွက် ဖွံဖြိုးမှုနှင့်
စီးပွားရေး တိုးတက်မှုတို့အတွက် မျှော်လင့်ချက်အလင်းရောင်
ပင်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။

စူးရှ

အေးချမ်းမွန်မှ The Myanma Age  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

The Myanma Age 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis