menu

Thursday 24 January 2013

ကချင်ဒုက္ခသည်စခန်းများတွင် ၀မ်းလျှောရောဂါဖြစ်ပွား၊ ကလေး ၇ ဦး သေဆုံး

Photo: ကချင်ဒုက္ခသည်စခန်းများတွင် ၀မ်းလျှောရောဂါဖြစ်ပွား၊ ကလေး ၇ ဦး သေဆုံး

နန်းမြနဒီ DVB ၂၀၁၃ ဇန်န၀ါရီလ ၂၄ ရက်

ကချင်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ထိန်းချုပ်ရာ လိုင်ဇာဒုက္ခသည်စခန်းမှာ ဒီတပတ်ထဲ ၀မ်းလျှောရောဂါ ဖြစ်ပွားပြီး ကလေးငယ် ၇ ဦး သေဆုံးခဲ့ပါတယ်။

ခုလပိုင်းအတွင်း လိုင်ဇာ ပြည်သူ့ဆေးရုံကြီးမှာ ဒုက္ခသည်စခန်းက ရောက်ရှိလာတဲ့ လူနာတွေထဲ ၀မ်းလျှောရောဂါ အဖြစ်များတာတွေ့ရှိရပြီး ကလေး ၇ ဦး သေဆုံးသွားခဲ့တယ်လို့ လိုင်ဇာပြည်သူ့ဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန် ဒေါက်တာ အဲင်ခုံဆိုင်းမိုင်က ဒီဗွီဘီကို ပြောပါတယ်။

“ဒုက္ခသည်စခန်းမှာတင်မကဘူး၊ လိုင်ဇာအနီးတ၀ိုက်က ကလေးတွေအားလုံးမှန်သမျှပေါ့။ ၁ ပတ် ၁၀ ယောက်နှုန်း ဆေးရုံရောက်နေတယ်။ ၁၀ ယောက် အားလုံးက အထက်လှန်အောက်လျှောဖြစ်တယ်။ ၀မ်းလျှောရောဂါခံစားရပြီး အချိန်မမီလိုက်တာများနေတယ်။ ဒါနဲ့ ဆုံးပါးသွားတာက ၁ လအတွင်း ၇ ယောက်လောက်ရှိပြီ။”

ဝမ်းလျှောရောဂါကြောင့် ဆေးရုံကို ရောက်လာသူတွေဟာ လိုင်ဇာမြို့အနီး ဒုက္ခသည်စခန်း ပေါင်း ၅ ခုကနေ ရောက်လာကြတာ ဖြစ်ပါတယ်။

ဒေါက်တာအဲက်ခုံဆိုင်းမိုင်က ပတ်ဝန်းကျင် ညစ်ညမ်းမှုတွေကြောင့် အခုလိုဝမ်းရောဂါတွေ ဖြစ်ပွားတာ ဖြစ်နိုင်တယ်လို့ ခန့်မှန်းပြီး ယခင်က ဆေးဝါးတွေနဲ့ ကုသလိုက်ရင် ပျောက်ကင်းသွားပေမယ့် ဒီတခေါက်ဖြစ်ပွားမှုမှာ ကလေးတွေဟာ ရက်ပိုင်းအတွင်း သေဆုံးသွားလို့ ထူးခြားမှု ရှိနေတယ်လို့ ပြောပါတယ်။

“လေထုညစ်ညမ်းမှုတွေ၊ ဗုံးတွေ ပေါက်ကွဲမှုကြောင့် ခံနိုင်ရည်အားမရှိတဲ့ ကလေးတွေက အဖြစ်များပြီး လူကြီးတွေကတော့ တယောက်စ၊ နှစ်ယောက်စဖြစ်ပြီး အသက်သေဆုံးမှုထိတော့ မရှိဘူး။ နံပါတ် ၂ အချက်က စစ်ပြေးဒုက္ခသည်တွေများပြီး လူထူထပ်နေတဲ့အတွက် တဦးချင်းရဲ့ ကိုယ်ကာယမသန့်ရှင်းမှု၊ ပတ်ဝန်းကျင်မသန့်ရှင်းမှုကြောင့် ဖြစ်မယ်လို့လည်းထင်တယ်။ နံပါတ် ၃ က ရာသီဥတု အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်တယ်။”

အလားတူ လိုင်ဇာချောင်းအနီး ဒုက္ခသည်စခန်းအမှတ် ၃ မှာလည်း အသက် ၁၀ နှစ် အောက် ကလေးငယ် ၁၁ ဦးလောက် ၀မ်းလျှောရောဂါ ဖြစ်ပွားနေပြီး မနေ့ညက ၁ နှစ် အောက် ကလေးငယ် ၁ ဦး သေဆုံးခဲ့တယ်လို့ စခန်းကို ရောက်ရှိခဲ့တဲ့ ခရစ်ယာန်ဘုန်းတော်ကြီး ဦးဇော်မင်းလတ်က ပြောပါတယ်။

ဒါ့အပြင် ဒီလဆန်းပိုင်းကမှ လိုင်ဇာမြို့က ကက်သလစ်ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ထွက်ပြေးခိုဝင်လာတဲ့ မိသားစုတွေထဲက ကလေးငယ်တချို့လည်း ၀မ်းလျှောရောဂါဖြစ်နေတယ်လို့ ဆိုပါတယ်။

အဲဒီဒုက္ခသည်တွေ နေထိုင်တဲ့နေရာ ၂ ခုလုံးဟာ လိုင်ဇာချောင်းဘေးနားမှာ တည်ရှိပြီး အဓိကကတော့ သောက်သုံးရေ မသန့်ရှင်းမှုနဲ့ တကိုယ်ရေ မသန့်ရှင်းမှုတွေကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အေးချမ်းမွန်မှ  DVB TV News  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်
https://www.facebook.com/excellencemedia

DVB TV News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis