menu

Monday 26 March 2012

တရံရောအခါက ကျောင်း(Written by Issac Asimov)





မာဂီလေးတစ်ယောက် အဲဒီနေ့ ညက သူမရဲ့ ဒိုင်ယာရီထဲမှာကို ထည့်ရေးခဲ့ပါတယ်။
မှတ်မှတ်ရရ - ၂၁၅၇ ခုနှစ်၊ မေလ ၁၇ ရက်နေ့ ရက်စွဲနဲ့ပါ။
“တော်မီ… ဒီနေ့ စာအုပ်စစ်စစ် တအုပ်တွေ့တယ်” တဲ့။
“စာအုပ်ကတော့ အရမ်းအရမ်းကို ဟောင်းနေပါပြီရှင်လို့ ပြောရမှာပဲ။ မာဂီရဲ့ အဖိုး တစ်ခါ ပြောဖူးတာကတော့ သူတို့ ဟိုးငယ်ငယ်လေး (အဖိုးကလေးဘ၀) တုန်းက၊ သူ့ရဲ့အဖိုး (မာဂီ အဖိုးရဲ့အဖိုး) က ပြောဖူးခဲ့တယ်ဆိုပဲ၊  ပုံပြင်တွေအားလုံးကို တကယ့် စာရွက်စက္ကူပေါ်မှာ ရိုက်နှိပ် ထားခဲ့တယ်တဲ့။”
ကလေးနှစ်ယောက်သား အတူတူ စာရွက်တွေကို လှန်ကြည့်ကြတယ်။ စာရွက်တွေက ဝါကျင့် ကျင့် ကျွတ်ဆတ်ဆတ်နဲ့ပေါ့။ သိတဲ့အတိုင်းပဲ စာကြောင်းတွေ၊ စာလုံးတွေက သင်ပုန်းကြီးTablet  မျက်နှာပြင်မှာ ရွေ့လျားနေရမှာကို မရွေ့ဘဲ ဒီအတိုင်း ရပ်နေတာမြင်ရတော့ ရယ်ဖို့တောင် ကောင်းသေးတော့။ ဒီစာမျက်နှာကို တစ်ခါပြန်လှန်တော့လည်း ပထမဆုံး ဖတ်တုန်းက အတိုင်းပဲ စာသားတွေက ရှိနေသေးတယ်။
“ဟင်… တကယ်လား” တော်မီက ပြောပါတယ်။
“ဒါသက်သက် ဖြုန်းတီးတာပဲနော်။ စာအုပ်ကို ဖတ်ပြီးသွားတာနဲ့ လွှင့်ပစ်လိုက်ရမှာပဲ။ ငါတို့အိမ်က၊ XXXPad စခရင်ကြီးဆိုရင် စာအုပ်တစ်သန်းလောက် ရှိလိမ့်မယ်။ နောက်ထပ် အများကြီးလည်း ထပ်ထည့်လို့ ရသေးတယ်။”
“အံမယ်… ငါ့အိမ်ကဟာလည်း ဒီအတိုင်းပါပဲနော့။” အမှန်တော့ မာဂီက အသက် ၁၁ နှစ် ပဲ ရှိသေးတော့ ၁၃ နှစ် ရှိနေပြီဖြစ်တဲ့ တော်မီလောက် XXXPad စခရင်ကို မမြင်ဖူးသေးဘူး။
“နင်ဘယ်ကနေ ဒီစာအုပ်ကို တွေ့ လာတာလဲ”
“ငါ့အိမ် ထပ်ခိုးပေါ်ကပေါ့” သူက စာအုပ်ကို စိတ်ဝင်တစား ဖတ်ရှုရင်းက မျက်လုံးမရွှေ့ပဲ လက်ညိုးထိုးပြလိုက်သည်။

“ဘာအကြောင်းတွေ ရေးထားတာလဲဟင်”
“ကျောင်းအကြောင်း”
မာဂီလေး ဒေါသတွေ ချက်ချင်းထွက်လာတယ်။
“ကျောင်းအကြောင်း၊ ဟုတ်လား။ ကျောင်းအကြောင်းကို ဘာများ ကောင်းကောင်းကန်းကန်း ရေးစရာရှိလို့လဲ၊    ငါ  ကျောင်းဆို သိပ်မုန်းတယ်”
မာဂီတစ်ယောက် ကျောင်းကို အင်မတန် မုန်းတီးနေခဲ့တာပါ။ အမြဲတန်းကို မုန်းနေတော့တာ။  အခုဆို အမုန်းဆုံး အဆင့်ကို ရောက်နေပြီလေ။
စက်ရုပ်ပထ၀ီဆရာက သူ့ကို ပထဝီဝင် သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု စာမေးပွဲစစ်နေတယ်။ မာဂီကလည်း တစ်ခါပြီးတစ်ခါ ဆိုးဆိုးဝါးဝါး၊ မှားမှားယွင်းယွင်းတွေပဲ ဖြေနေမိတော့ နောက်ဆုံး မာဂီရဲ့ အမေတစ်ယောက်  ခေါင်းတခါခါနဲ့ပဲ မြို့နယ်ပညာရေးမှူးကို လှမ်းခေါ်ရတော့တာပါပဲ။
ပညာရေးမှူးဆိုသူက မျက်နှာဝိုင်းဝိုင်း၊ ပုပုဖိုင့်ဖိုင့်နဲ့ မျက်နှာနီကြီး၊ သူနဲ့ အတူအမြဲပါလာတာက သေတ္တာနဲ့အပြည့် မီတာတွေ၊ ဝါယာကြိုးတွေ၊ ဝက်အူလှည့်၊ ပလာယာ ကိရိယာအပြည့်နဲ့ပေါ့။
သူက မာဂီ့ကို ပြုံးပြပြီး ပန်းသီးတစ်လုံး ထုတ်ကျွေးတယ်။ နောက် စက်ရုပ်ကျောင်းဆရာကို  တစစီဖြုတ်တော့တာပဲ။ မာဂီကတော့ သူမရဲ့ဆရာကို ဖြုတ်ပြီး ပြန်မတပ် နိုင်ပါစေနဲ့လို့  စိတ်ထဲက ကြိတ်ပြီး ဆုတောင်းနေခဲ့တယ်။ ဆုတောင်း မပြည့်ရှာပါဘူး။ နောက်တစ်နာရီလောက် အတွင်းမှာပဲ စက်ရုပ်ပထ၀ီဆရာကြီး ပြန်ပေါ်လာတော့တယ်။ သူ့ကိုသင်ခန်းစာတွေ ပို့ချတဲ့၊ မေးခွန်းတွေမေးတဲ့ တယ်လီဗေးရှင်း မျက်နှာပြင်ကြီးနဲ့၊  အရောင်မဲမဲ အရုပ်ဆိုးဆိုးကြီးပေါ့။ အဲဒီစခရင်ကြီးက သိပ်မဆိုးသေးပါဘူး။ မာဂီ အမုန်းဆုံးကတော့   သူ့အဖြေလွှာတွေ တင်ပေးရတဲ့ အပေါက်ဝကြီးပဲ။ မာဂီ ၆ နှစ် သမီးအရွယ်ကတည်းက တတ်ထားခဲ့တဲ့ ပရိုဂရမ်တွေနဲ့ ရေးပြီး  အဲဒီနေရာမှာ အဖြေတွေကို ထည့်ပေးရတာ။ ဆရာက အမှားအမှန် စစ်ပေးတာကလည်း ချက်ခြင်းလက်ငင်းပါပဲ။
ပညာရေးမှူးက အလုပ်ပြီးတာနဲ့ မာဂီ့ခေါင်းကို တစ်ချက်ပုတ်လိုက်ပြီး ပြုံးကြည့်နေတယ်။ ပြီးတော့ အမေ့ကို လှည့်ပြောလိုက်တယ်။
“စိတ်မပူပါနဲ့ မစ္စဂျူံးရယ်၊ ဒါက ကလေးရဲ့ အပြစ်မဟုတ်ပါဘူး။ စက်ရုပ်နဲ့ ပထဝီဝင်ဆိုင်ရာ အပိုင်းကနည်းနည်း မြန်ဆန်သွားလို့ပါ။ ဒါမျိုး ဖြစ်တတ်ပါတယ်။ ကျနော် အခု ပျမ်းမျှအသက် ၁ဝ နှစ် သား ကလေးတစ်ယောက် အတွက် ကိုက်အောင်လို့ ပြန်ချိန်ထားလိုက်ပါပြီ။”
မာဂီ့ခေါင်းကို နောက်တစ်ချက် ထပ်ပုတ်လိုက်ပြီး -
“ကလေးရဲ့ ပညာရည်တိုးတက်မှု အခြေအနေက ပုံမှန်ပါပဲ။ အားလုံးကောင်းပါတယ်။ မစိုးရိမ်ပါနဲ့” တဲ့။
အဲဒါပါပဲ။ မာဂီအနေနဲ့ အကြီးအကျယ် စိတ်ပျက်သွားရတာ။ သူလေးမျှော်လင့်နေတာက အဲဒီ စက်ရုပ်ဆရာကို အဝေးကြီးကို သယ်ထုတ်သွားဖို့ကိုပါ။ တော်မီ့ စက်ရုပ်ကျောင်းဆရာ ပျက်တုန်းက သမိုင်းဘာသာရပ် သင်ခန်းစာတွေ  အားလုံး ပျောက်သွားလို့ (စက်ရုပ်ဦးနှောက်ထဲမှာ တစ်လုံးမှ မရှိတော့လို့) တစ်လလောက်ကို (ကျောင်းဆရာပြင်တဲ့) စက်ရုံကို ပို့ပြီး ပြင်လိုက်ရတယ်လေ။
အဲဒါကြောင့် ကျောင်းအကြောင်းကို ဘယ်သူကများ စာနဲ့ပေနဲ့ တခုတ်တရ ရေးနေကြ ရတာလဲလို့ မေးမိတာပေါ့။
တော်မီက မာဂီကို ဆရာကြီးပုံစံနဲ့ တစ်ချက်ကြည့်လိုက်ပြီး-
“ဘာဖြစ်လို့လဲဆိုတော့ အဲဒီကျောင်းက ငါတို့ ကျောင်းလိုမျိုး မဟုတ်ဘူးဟ.. အမိုက်မရဲ့။   ဟိုးနှစ်ပေါင်း ရာကျော်တုန်းက ကျောင်းဆိုပဲ။”
တော်မီဟာ စိတ်ကို အတည်ငြိမ်ဆုံး စုစည်းလိုက်ပြီး စကားလုံးတစ်လုံးကို လေးလေးနက်နက် ရွတ်လေရဲ့။
“ရာစုနှစ်ပေါင်း များစွာတုန်းကပေါ့” သူက တိုးတိုးလေး ထပ်ပြောခဲ့တယ်။
အဲဒီမှာတင် မာဂီ ခံစားလိုက်ရတာပါ။
“အေးလေ၊ အဲဒီအချိန်တုန်းက ဘယ်လို ကျောင်းမျိုးတွေရှိခဲ့မှန်း  ငါမှ မသိနိုင်တာပဲ”
သူမက တော်မီ့ ပုခုံးပေါ်ကနေ စာအုပ်ကို ကျော်ကြည့်လိုက်ပြီး “ဘာပဲဖြစ်ဖြစ်၊ သူတို့မှာ ဆရာ တစ်ယောက်တော့ ရှိခဲ့ကြတာ။”
“အေးပေါ့၊ ရှိရတာပေါ့၊ ဒါပေမဲ့ ပုံမှန် ဆရာတစ်ယောက်တော့ မဟုတ်ခဲ့ဘူး။ လူသားစင်စစ် တစ်ယောက်ပဲ”
“ဘာ… လူတစ်ယောက် ဟုတ်လား။ လူသားက ဘယ်လိုဆရာ ဖြစ်နိုင်မှာလဲ”
“ဖြစ်တာပဲလေ၊ အဲဒီ လူသားဆရာက ကျောင်းသားတွေ၊ ကျောင်းသူတွေကို စာတွေ သင်ပေးခဲ့သတဲ့။ အကြောင်းအရာ ဗဟုသုတတွေပြောပြတယ်။ နောက်ပြီးတော့ အိမ်စာတွေ လုပ်ခိုင်းတယ်။ မေးခွန်းတွေလည်း မေးတယ်”
“လူသားကျောင်းဆရာ တစ်ယောက်က အဲဒီလောက်တတ်ပါ့မလား။ သူက စမတ်ကျ ပါ့မလား.. တော်မီရယ်။”
“ဟ၊ တတ်နိုင်တာပေါ့၊ ငါ့အဖေဆိုရင် ငါ့ဆရာစက်ရုပ် တတ်သလောက် တတ်သေးတာပဲလေ”
“မဖြစ်နိုင်ပါဘူးနော်၊ လူသားတစ်ယောက်က ငါတို့ရဲ့ စက်ရုပ် ကျောင်းဆရာ တစ်ယောက်လောက် မသိနိုင်ပါဘူး”
'ဟ၊ ငါ လောင်းရဲတယ်။ ငါ့အဖေက ငါ့ဆရာစက်ရုပ် နီးပါးလောက် (လေသံနည်းနည်း လျော့သွားတယ်) တတ်တယ်ဟာ”
မာဂီအနေနဲ့ တော်မီနှင့် ဆက်ပြီး ငြင်းခုန်ရန် စိတ်မပါတော့။ ဒါနဲ့ပဲ-
“ငါကတော့ ငါ့အိမ်မှာ လူစိမ်းတစ်ယောက်က ငါ့ကို စာလာသင်တာ မကြိုက်ပါဘူး”
တော်မီက တဟားဟားနဲ့ အော်ရယ်လိုက်ပြီး-
“နင်မသိပါဘူး မာဂီရယ်၊ အဲဒီ ကျောင်းဆရာဆိုသူတွေက အိမ်မှာ လာနေပြီး  စာသင်ကြတာ မဟုတ်ဘူးဟ။    သူတို့မှာ -ကျောင်း- လို့ခေါ်တဲ့ သီးသန့် အဆောက်အဦတစ်ခု ရှိတယ်။ ကလေးတွေ အားလုံးက အဲဒီနေရာကို သွားပြီး ကျောင်းတက်ခဲ့ကြရတယ်”
“ဒါဆိုရင် ကလေးတွေက သင်ခန်းစာ တစ်မျိုးထဲကို အတူတူ သင်ကြရတာပေါ့နော်”
“ဒါပေါ့၊ အသက်တူတဲ့ ကလေးတွေဆိုရင် အတန်းတူ၊ သင်ခန်းစာတူကြတာပေါ့ဟာ”
“ဒါပေမဲ့ ငါ့အမေက ပြောဖူးတယ်။ ဆရာတစ်ယောက်ဟာ ကျောင်းသားကျောင်းသူ တစ်ဦးချင်းစီရဲ့ စိတ်အခြေအနေနဲ့ ကိုက်အောင် ချိန်ဆထားရတာတဲ့။ အဲဒီ့ဆရာဆိုတဲ့ အရာပစ္စည်းက ကျောင်းသားတစ်ဦးချင်းကို တစ်မျိုးစီ သင်ပေးရတယ်ဆိုပဲ”
“ဒါပေမဲ့ ဟိုး အရင်ရာစုတုန်းက ကျောင်းတွေကတော့ နင့်အမေပြောသလို မလုပ်ကြဘူးဟ။ မာဂီရာ… နင်မကြိုက်ရင်လည်း ဒီစာအုပ်ဆိုတာကို မဖတ်နဲ့ပေါ့”
မာဂီက အလျင်စလို ငြင်းဆိုပြီး ပြန်ဖြေလိုက်သည်။
“ငါ… ငါ မကြိုက်ဘူးလို့ မပြောပါဘူးဟာ”
သူမရဲ့ ရင်ထဲမှာ ဒီလို အင်မတန်မှကို ထူးခြားဆန်းကြယ်လှတဲ့ (တခေတ်တခါတုန်းက) ကျောင်းတွေအကြောင်း သိပ် သိချင်နေ၊ ဖတ်ချင်နေပြီလေ။
ဖတ်လို့မှ တစ်ဝက်မရှိသေး။ မာဂီ့အမေက လှမ်းခေါ်လိုက်တဲ့ အသံ ကြားရတော့တာပဲ။
“မာဂီ… ကျောင်းချိန်ရောက်ပြီနော်”
အမေ့ကို တချက်ငဲ့စောင်းကြည့်ပြီး ပြန်ဖြေလိုက်တယ်။
“မရောက်သေးပါဘူး အမေရာ”
“အခု ရောက်ပြီ၊ လာခဲ့တော့၊ တော်မီ… နင်လည်း ကျောင်းတက်ရတော့မယ် မဟုတ်လား၊  သွားတော့”
မာဂီက တော်မီကို “တော်မီ၊ ကျောင်းချိန်ပြီးရင် ငါနင်နဲ့ အတူ ဒီစာအုပ် ဆက်ဖတ်မယ်နော်”
“အေးလေ၊ ကြည့်သေးတာပေါ့”
တော်မီက ထီမထင်ပုံစံနဲ့ဖြေပြီး ဖုံတက်နေတဲ့ စက္ကူစာအုပ်ဟောင်းကို ချိုင်းကြားညှပ်၊ လေတချွန်ချွန်နဲ့ ပြန်သွားလေရဲ့။
မာဂီဟာ ကျောင်းခန်းထဲကို ဝင်သွားရပါပြီ။ ကျောင်းခန်းက သူမရဲ့ အိပ်ခန်းဘေးမှာပါ။   ဆရာပထ၀ီစက်ရုပ်ဟာ အသင့်စက်ဖွင့်ထားပြီး သူမကို စောင့်နေလေရဲ့။ စနေ၊ တနင်္ဂနွေရက်တွေက လွဲရင် ဒီနေရာ ဒီအချိန်မှာ  အမြဲစာသင်ရတာ။ အမေဖြစ်သူ မစ္စဂျူံးစ်က ကလေးတွေကို အချိန်မှန် လေ့ကျင့်ပေးမှ ပိုတိုးတက်မယ်လို့ ခံယူထားတာကိုး။
တယ်လီဗေးရှင်းဖန်သားပြင်ကြီး မီးလင်းလာပြီ။ အသံတစ်သံ ထွက်လာပါတယ်။ “ဒီနေ့ သင်မယ့် သင်ခန်းစာက  ဂဏန်းသင်္ချာပါ၊ အပိုင်းဂဏန်းတွေ ပေါင်းခြင်းသင်ခန်းစာပဲ ဖြစ်ပါတယ်။ မနေ့က လုပ်ထားတဲ့ အိမ်စာတွေကို ဖြေဆိုပေါက်ထဲ ထည့်ပေးပါ”
မာဂီက သက်ပြင်းလေး ခိုးချလိုက်ပြီး အဖြေတွေကို ဖြေဆိုပေါက်ထဲ လိုက်ပါတယ်။
စိတ်ထဲမှာကတော့ သူမအဖိုးရဲ့အဖိုး၊ ကလေးဘဝ… ဟိုး ရှေးရှေးအခါက ကျောင်းတွေ အကြောင်းကို တွေးနေမိပါတယ်။
ရပ်ရွာထဲ အိမ်နီးနားချင်း အိမ်တွေက ကလေးတွေစုပြီး ရယ်ကြ၊ မောကြ၊ ဆူညံ အော်ဟစ် ပျော်ရွှင်စွာနဲ့၊   ကျောင်းဝင်းထဲမှာ ပျော်ပျော်ပါးပါးကစား။ စာသင်ခန်းထဲမှာလည်း တစုတဝေး ထိုင်ကြလို့၊ တနေ့တာ ကုန်ဆုံးပြီဆိုတာနဲ့ အိမ်တွေကို အတူတူပြန်လို့၊ စာသင်တော့လည်း သင်ခန်းစာတွေကို  တစ်မျိုးတည်း  အတူတူ သင်ကြတာမို့လို့   တစ်ယောက်ကို တစ်ယောက် အိမ်စာတွေ အတူတူ လုပ်ကြ၊ မသိတာမေးမြန်းကြ၊
ပြီးတော့… ပြီးတော့… ဆရာတွေက လူသားစင်စစ်တွေလေ။
စက်ရုပ်ဆရာဟာ စခရင်ပေါ်မှာ မီးလုံး မှိတ်လိုက်ပွင့်လိုက်နဲ့ စာသင်နေပါတယ်။ “နှစ်ပိုင်းတစ်ပိုင်းနဲ့ လေးပိုင်း တစ်ပိုင်းကို ပေါင်းမယ်ဆိုရင် … …”
မာဂီရဲ့စိတ်ထဲမှာကတော့ ရှေးရှေးခေတ်တုန်းက ကလေးတွေ ဘယ်လောက်များ ပျော်ရွှင် လိုက်ကြမလဲပဲ စဉ်းစားနေပါတော့တယ်။ သူမ စဉ်းစားနေတဲ့ အဓိက အကြောင်းကတော့ သူတို့ ဘယ်လောက်တောင် ပျော်ခဲ့ကြမလဲ။ ဘယ်လောက်တောင် ပျော်ခဲ့ကြမလဲ…။
မောင်မောင်သန်း
MAUKKHA



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis