menu

Monday 26 March 2012

တမ်းတမိသည် အတိတ်က သင်္ကြန်ဆီ



ပိတောက်ပန်းသည်မြန်မာနှစ်ဆန်း  ချိန်ဧပြီလတွင် ဦးဦးဖျားဖျားပွင့်သော ပန်းဖြစ်သည်။ King of be Flowers ဟု တင်စားလေ့ရှိကြသည်။ ပူပြင်းခြောက် သွေ့သော ရာသီချိန်၌ တောတောင်ထဲ တွင် ပွင့်လေ့ရှိသည်။ ထိုမှ နိုင်ငံအနှံ့အပြား ပေါက်သောပန်းဖြစ်သည်။ ပင်ကြီးမျိုးဖြစ် ၍ လီဂူမီးနိုစီမျိုးရင်းတွင်ပါဝင်သည်။ တစ်  နှစ်တွင် တစ်ကြိမ်တစ်ပင်တွင် တစ်ကြိမ် သာပွင့်သည်။ တစ်နိုင်ငံလုံး တစ်ချိန်တည်း  နီးပါးပွင့်လေ့ရှိသည်။ ၀ါဝါ၀င်းသော အရောင်ဖြင့် ပင်လုံးကျွတ်ဝင်းဝင်းထိန် အောင်ပွင့်ကြ၍ မြန်မာတို့အလွန်မြတ်နိုး တန်ဖိုးထားသည်။ ပိတောက်နှင့်မြန်မာ ခွဲခြားမရအောင်ရှိသော အမျိုးသားရေး လက္ခဏာကို ဆောင်လျက်ရှိသည်။
ထို့အတူ ပိတောက်နှင့် မဟာသင်္ကြန်  ရေသဘင်ပွဲသည်၎င်း၊ ရေသဘင်ပွဲနှင့် သင်္ကြန်သံချပ်များသည်၎င်း၊ လွန်ခဲ့သော  အနှစ် (၂၀)က မြန်မာပြည်ရန်ကုန်မြို့ကြီးတွင် ကြီးကျယ်ထင်ရှားစွာပေါ်ထွက်ခဲ့သည်များ ကို ပြန်လည်မြင်ယောင်တမ်းတမိပါတော့ သည်။ ကျွန်တော်သည် မဟာရန်ကုန် သင်္ကြန်ပွဲတွင် သံချပ်အလှပြယာဉ်ဖြင့် (၁၀)  နှစ်ကျော်ပါဝင်ဆင်နွှဲခဲ့ဖူးသော၊ ထိုခေတ် က သင်္ကြန်လုလင်ပျိုမောင်မောင်မြင့်သိန်း  (ကုသိုလ်)၊ မောင်မြင့်အောင် (ဗေလုဝ) တို့က သင်္ကြန်ဘိုးအေကြီဟုခေါ်လောက်  သူတစ်ဦးဖြစ်ခဲ့ပါသည်။
သံချပ်အလှပြ ယာဉ်မြင့်ငွေဖလား၊ ဒိုင်း၊ ကလပ်၊ ရွှေစင် ရုပ်ခေတ်မှသည် ငွေအသပြာဆုပေးသော  ခေတ်အထိပါဝင်လှုပ်ရှားခဲ့သူဖြစ်ပါသည်။ တလောက သင်္ကြန်အတူလုပ်ဖော်မိတ် ဆွေတစ်ဦးနှင့် ဆုံမိရာမှ ယခင်အနှစ် (၂၀)ကျော်က ပုံစံမျိုးရန်ကုန်သံချပ်သင်္ကြန်  ပွဲမျိုးယခုနှစ်တွင် အစိုးရက ပြန်လည်ခွင့် ပေးလိမ့်မည်ဖြစ်ကြောင်း ကြားရသဖြင့် အသက် (၆၀)ကျော်ပင်စင်ဘ၀ ရောက် နေသည့်တိုင် ယခင်သင်္ကြန်ပိုးကပြန်ထ လာသည်။ အတွေးများဝင်လာသည်။ ဟိုတုန်းက သံချပ်အလှပြအဖွဲ့များ လုပ် ကိုင်လှုပ်ရှားခဲ့ပုံများကို ယနေ့အသက် (၂၀) ပတ်ဝန်းကျင် လူငယ်များမသိလိုက်၊ မမြင်လိုက်၊ မကြားလိုက်ရသဖြင့် မြင်စေ၊ သိစေ၊ ကြားစေလို၍ ယခုလိုပြန်လည်တမ်း တ ရေးသားလိုက်ရပေသည်။
ကျွန်တော်တို့ခေတ်တုန်းက ဓာတ်ဆီ ဈေး၊ အလှပြကားငှားခဈေးကလည်း သိပ်  မရှိသေး၊ လော်လီကားတစ်စီးကို ကိုယ် ကဆီထည့်ပေးလျှင် တစ်ရက် ၃၀၀ လောက်နှင့် ရနိုင်သည်။ မယုံမရှိပါနှင့် ကိုယ်တွေ့ပါ။ သင်္ကြန်လေးရက်ဆိုတော့ ၁၂၀၀ ကျပ်၊ သံချပ်စာအုပ်ရိုက်ခ ၁၀၀၀ ကျပ်၊ ကားကိုအလှပြင်ဆင်သည် က ၅၀၀၀ ကျပ်၊ မြန်မာဆိုင်းဝိုင်းကြီး တစ်ဝိုင်းလုံးတင်မှ ၃၀၀ ကျပ်လောက်ပဲ ပေးရသည်။ ထို့ကြောင့် အထွေထွေကုန် ကျစရိတ် ၅၀၀၀၀ ကျပ်လောက်ရှိသည်။ ကားထွက်လို့ရသည်။ (မှတ်ချက်- ထိုဈေး မှာ နောက်ပိုင်း စွယ်စုံ ၃၀၀၀၀၀ ပေး သောခေတ်ကို မဆိုပါလို) ကျွန်တော်တို့ တောင်ဥက္ကလာကပင်သံချပ်အသင်းပေါင်း ၁၀ သင်းကျော်ထွက်ခဲ့သည်။ ဆုပေး မဏ္ဍပ်ပေါင်းကလည်း ၁၀ ခုကျော်ရှိသည်။ ယခုကုသိုလ် (မောင်မောင်မြင့်သိန်း) နှင့် စစ်ကိုင်းစဥ့်အိုးကြီးခေါ်ကိုဝင်းမြင့်တို့၏ ပြီးပါပြီကတစ်ဖွဲ့၊ ကျောင်းဆရာများအုပ် စုမှထွက်သောကိုမြင့်လွင်၏ ချင်းကြား ဒုတ်ထောက်ဖွဲ့၊ ဂန္တ၀င်မောင်ဝိုင်း (ကိုနေ ၀င်း)၏ မောင်မောင်ဆိုလေထီးရိုးရှည်၊ ကိုတင်မောင်ဝင်း၏ ဟုတ်ပါပေ့၊ ပြီးတော့ ကျွန်တော်တို့အဖွဲ့ နိဗ္ဗာန်ဆော်အဖွဲ့များ ဖြစ်သည်။ အခြားအဖွဲ့များဖြစ်သော ဂန္တ၀င်မောင်ဝိုင်း၏ညီမောင်မြင့်အောင် (ဗေလုဝ)က ဒိုးဒိုးဒေါက်ဒေါက်၊ ဧပြီ ၁၃၊ ၁၄၊ ၁၅၊ ဦးဖေသန်း၏ ရှားရှားပါးပါး ကိုလှဝင်း၏ မှန်သားထဲကမျက်နှာ၊ ဒဲ့ဒိုး၊ ချိုကြီးစသည်တို့သည် တောင်ဥက္ကလာ အဖွဲ့များဖြစ်ကြသည်။ မြို့ထဲမှထွက်သော အနန္တစွမ်းအားရှင်၊ ယဉ်ကျေးမှုဝန်ကြီးဌာန  ကဇာတ်အဖွဲ့မှ ဆိုင်း၊ ယိမ်းသမ၊ မင်းသား  များစုပေါင်းထွက်သော ရွှေတိုင်မြေ ခင်မောင်ဆွေ၏ ယဉ်ကျေးမောင်၊ သင်္ဃန်းကျွန်းမှဧည့်သည်၊ ကမ္ဘာတုန်ဟီး၊ ရန်ကင်းမှ ဆိတ်ပါးစပ်နှင့် နတ်မျက်စိ၊ အလုံမှ ယခုမောင်မေတ္တာ (ကိုခင်မောင်မြင့်) နှင့် ညီအစ်ကိုများ စွပ်ပရား၊ လေးမောင် တို့၏ ပြည်သူ့တရားရှင်၊ အဆိုတော် အနိုင်ပင်လျှင် ထိုစဉ်က ထိုအဖွဲ့တွင် နောက်ခံတေးများ လိုက်ဆိုနေရစဉ်ကာ လဖြစ်သည်။ ကမ္ဘာကျော်ငွေလှိုင်၏ ဟာသမဟာစင်တော်ကြီး၊ ရုပ်ရှင်သရုပ် ဆောင်ဦးတုတ်ပေါ၏ အနန္တစွမ်းအားသျှင် များဖြစ်သည်။ ယခု လူရွှင်တော်ဦးဧရာ က ပြည်တော်ချစ်မင်းသားကြီး၊ နောက် ပိုင်းတွင် မောင်မေတ္တာက ဟတ္ထအဖွဲ့ကို ဦးဆောင်ထွက်ခဲ့သည်။ သင်္ကြန်သံချပ် မင်းသားမောင်ကြေးမုံကလည်းမကောင်း သူထိပ်ကောင်းသူထိပ်၊ ပြဇာတ်မင်းသား လူငယ်ကြည်ခိုင်ကလည်း တစ်ဖွဲ့ထွက်ခဲ့ ကြသည်။
ရန်ကုန်တစ်မြို့လုံးတွင် သံချပ်အလှ ပြယာဉ်ပေါင်းက ၁၀၀ ကျော်၊ ဆုပေး မဏ္ဍပ်ပေါင်းကလည်း ၁၀၀ ကျော်လောက်  ရှိသည်။ ညနေစောင်းမှ မိုးလင်းသည်အထိ မဏ္ဍပ်တစ်ခုပြီးတစ်ခု ပြိုင်ပွဲဝင်ကြသည်။ အလှပြယာဉ်တစ်စီးလျှင် သင်္ကြန် (၄) ရက်တွင် (၁)ရက် (၄) မဏ္ဍပ်နှုန်းနှင့် (၁၆)  မဏ္ဍပ်လောက်ထိပြိုင်နိုင်ကြသည်။ ထို အထဲမှ (၅) မဏ္ဍပ်လောက်ပဲ ဆုရပါက အရင်းကျေ၍ အမြတ်တောင်ကျန်နိုင် သည်။ ထို့ကြောင့် နောက်ပိုင်းကာလများ တွင် စီးပွားရေးသမားများက သင်္ကြန် လောကတွင်းသို့ဝင်ရောက်ကာ ငွေရှာ လာကြသည်။ အလှပြယာဉ်ကို (၁) စီးမှ (၃) စီးအထိ၎င်း၊ ကားကိုရောင်စုံမီးလုံး များ ထွန်းညှိ၍၎င်း၊ ဆိုင်းဝိုင်း၊ ခေတ်ပေါ် ၀ိုင်းနှစ်ခုတွဲဖက်၍ ၎င်း၊ အကြီးအကျယ် လုပ်လာကြသည်။ ထို့ကြောင့် ပံ့ပိုးငွေ နှင့် အနုပညာအားကောင်းသော ယဉ်ကျေး မောင်၊ အနန္တစွမ်းအားသျှင်၊ ပြည်သူ့တရား  ရှင်၊ ဧည့်သည်၊ ဟတ္ထစသည့် အသင်းကြီး များသာ စွယ်စုံဆုကြီးများသိမ်းပိုက်လျက်  အမြတ်ထွက်ခဲ့ကြသည်။ ထိုခေတ်က သံချပ်နှင့် သရုပ်ပြများကို လေ့လာပါက ထိုခေတ်အစိုးရ၏ ဟာကွက်ပျော့ကွက် များဖြစ်သော သမ၀ါယမ၊ မထသ၊ ပညာရေး၊ ကျန်းမာရေး၊ ဇာတ်သဘင်၊ ရုပ်ရှင်နှင့် ဂီတတို့ကိုသာသံချပ်ထိုး၍ သရုပ်ဖော်လေ့ရှိသည်။ လက်လှမ်းမှီ သလောက်တင်ပြရလျှင် ကျွန်တော်တို့ နိဗ္ဗာန်ဆော်အဖွဲ့ကတင်ပြသော ဇာတ်သမား များဘက် ရှေ့နေလိုက်ပါရစေ။ သံချပ် တွင် အလင်္ကာကျော်စွာရွှေမန်းဦးတင် မောင်၏ဓာတ်ပုံကြီးကို ဇာတ်သဘင်အဖွဲ့   သားများက လာရောက်ဂါရ၀ပြုပြီးလျှင် ဇာတ်ကို ဇာတ်နှင့်မတူဘဲမိုက်ကယ်ဂျက် ဆင်၏ စတိတ်ရှိုးများဖြင့် သောင်းကျန်း နေကြပုံကို ရွှေမန်းဦးတင်မောင်က ဓာတ် ပုံဘောင်ထဲကကြည့်ပြီး ကျိတ်မနိုင်ခဲမရ ဖြစ်ပုံ၊ ငိုချင်းချပုံပြကွက်၊ သူတောင်းစား များပပျောက်ရေးစီမံချက်ကို သရုပ်ဖော် သော ထောက်ကြံ့သူတောင်းစားအစည်း အဝေးသရုပ်ဖော်ပြကွက်၊ ဂန္တ၀င်မောင် ၀ိုင်း (ကိုနေ၀င်း)၏ မောင်မောင်ဆိုလေ ထီးရိုးရှည်မှ ထိုခေတ်ကပေါ်ပေါက်သော ဒေသကောလိပ်ပညာရေးကို သရော်သော  ဒေသကောလိပ်ဖွင့်တော့ မယ်ဟေ့ရီချင် တယ်ရီချယ်တယ် သံချပ်၊ ဟုတ်ပါပေ့ ကိုတင်မောင်ဝင်း၏ Coming Coming မကြည်ရဲ့ တကယ်စောင့်တဲ့အချိန်၊ ကမ္ဘာ လှည့်ခရီးသွားပြကွက်၊ ဘုရင်၊ အမတ်၊ ပုဏ္ဏားဝတ်စုံတို့ဖြင့် ၀တ်ဆင်ကာ သံချပ် တိုင်သော ကိုမြင့်လွင်၏ ချင်းကြားတုတ် ထောက်သရုပ်ဖော်ပြကွက်ဆန်း၊ အညာ လှည်းကြီးဖြင့် အောက်ပြည်ကို စုံဆင်း လာသော ဧည့်သည်အဖွဲ့၏ သရုပ်ဖော် ပြကွက်၊ ကိုမေတ္တာ (ခင်မောင်မြင့်)၏ ဟတ္ထမှ စတင်ပေါ်ပေါက်လာသော ကွန်ပျူတာအမေးအဖြေပြကွက်၊ ယဉ်ကျေး မောင်အဖွဲ့မှ တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးသရုပ်ဖော်၊ ကျီးတပ်နှင့် ဒေါင်း တပ်တို့ စစ်ခင်းကြပုံအော်ပရာပြကွက်၊ ပြည်သူ့တရားသျှင်မှ ဗိုလ်ချုပ်မိန့်ခွန်သံ နှင့် မီးရှုးမီးပန်းပစ်ဖောက်ကာ တော်လှန်း ရေးနေ့သရုပ်ဖော်ပြကွက်များသည် ပရိသတ်ရင်ကို စွဲငြိစေသော ပြကွက်များ ဖြစ်သည်။
ထိုအဖွဲ့များတွင် ယနေ့ရုပ်ရှင်ဂီတ သဘင်လောကတွင် နာမည်ရနေသော မောင်မေတ္တာ၊ ဗေလုဝ၊ ကုသိုလ်၊ ချစ်စရာ၊   ဧရာ၊ ကမ္ဘာကျော်ငွေလှိုင်၊ အနိုင်၊ ဂျင်မီ ဇရက်၊ လူငယ်ကြည်ခိုင်၊ ဦးတုပ်ပေါတို့ ပါဝင်ခဲ့ကြဖူးသည်။ ချစ်သူငယ်ချင်း ကွယ်  လွန်သူ စန္ဒရားထိပ်တင်ဝင်းပင်လျှင် ကျွန်တော်တို့နိဗ္ဗာန်ဆော်အဖွဲ့နှင့် တွဲဖက် တီးခတ်ပေးခဲ့သည်။ သူ့ညီ ကြည်သာပွဲ ကြိုက်ခင် (ထိပ်တင်သင်း) ပင်လျှင် ဟုတ် ပါပေ့အသင်းနှင့် တွဲဖက်လှုပ်ရှားခဲ့သည်။ မို့မို့မြင့်အောင်တို့ခေတ်ထချိန်ကျော်ဟိန်း ၏ မောင်မစ္စကဇာတ်လမ်းဖြစ်သော ကျီး ယောင်ဆောင်သောဒေါင်းမှ ကျော်ဟိန်း ၏ပုံစံကိုယူ၍ မို့မို့မြင့်သိန်းဟု မိန်းကလေး လိုဝတ်ကာ ပုသိမ်ထီးကိုင်၍ သံချပ်ထိုးေ သာမောင်မြင့်သိန်း (ကုသိုလ်)တို့၏အဖွဲ့ မှာထူးခြားလှသည်။
အချုပ်ဆိုရသော် ထိုခေတ်က ထမင်း အငတ်ခံ၊ အိမ်အပေါင်ခံ၊ ခေါင်မိုးသွပ် ရောင်းချ၍ သံချပ်ကားထွက်ခဲ့ကြပုံ၊ ထွက်  ၍ ရှုံးသူမြတ်သူများရှိခဲ့ကြသည်။ ရှုံးသူ များကလည်း ဘယ်လောက်ပဲ ရှုံးရှုံး၊ နောက်နှစ်သင်္ကြန်နီးလာလျှင် ထထာသော ရောဂါပိုးကို ဘယ်သူမှ ငြိမ်း၍မရနိုင်၊ ယခုလည်း အသက် (၆၀) ကျော်ပေမဲ့ ယခင်ပုံစံလို သံချပ်ကားများ ထွက်ခွင့် ပေးမည်ဟူသော သတင်းကိုကြားရသော သင်္ကြန်ဘိုးအေကြီးကျွန်တော်သည် ည ည အတွေးလွန်၍ အိပ်၍ပင်မပျော်နိုင် တော့ဘဲ အရင်းစိုက်ထုတ်ပေးမည့် စပွန် ဆာကို စောင့်မျှော်နေရကြောင်းပါခင်ဗျာ။

ဘီအီးဒီ ဆရာဆွေ
Hot News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis