menu

Saturday 10 November 2012

မြန်မာပြည်ကောင်းဖို့ Edwards Deming နည်းဖြင့် တွေးကြည့်ခြင်း [သွန်းနေစိုး]

ကျနော့်အကျင့်က စာရေးသူတစ်ယောက်ကို ကြိုက်မိပြီဆို အဲဒီလူတစ်ယောက်ရဲ့စာတွေ အငမ်းမရလိုက်ဖတ်တော့တာပဲ။
ခုတလော ဘာဓာတ်ကျတယ်မသိ။ Edwards Deming ကြီး ခိုက်မိနေတယ်။ ဒါနဲ့ သူ့စာအုပ်တွေ အတင်းလိုက်ရှာဖတ်
၅အုပ် တော့ ဖတ်ခွင့်ရခဲ့ပါတယ်။
Deming speaks to European executives
gamma and beta functions
Out of the Crisis
Profound knowledge
The new economics for industry, government, education

သူက စီမံခန့်ခွဲမှု ဂုရုကြီးလေ။ ကျနော်ကတော့ ဘာရယ်မဟုတ်။ ဒီလိုပဲလျှောက်ဖတ်တာပါ။
သူ့စာတွေဖတ်ရင်း မြန်မာပြည်အတွက်ကျနော်တို့လုပ်စရာတစ်ချို့သွားပြေးမြင်တယ်။


သူ့ရဲ့ fourteen key principles to managers ၁၄ချက်ကို သေသေချာချာစဉ်းစားလေ ကျနော်တို့ဆီမှာ တလွဲဖြစ်နေတာတွေ အများကြီး တွေ့သလိုပဲ။
အဲဒါတွေ မပြောခင် ကျနော်နည်းနည်းလေး လျှာရှည်ကြည့်ချင်တယ်။

ကျနော်တို့တိုင်းပြည်မှာ ပြည်သူတွေ တကယ်လိုအပ်တာက ဘာလဲ။
ကျနော့်စိတ်ထင် ယေဘုယျအကျဆုံး မှတ်ချက်တစ်ခုပေးမယ်။
မြန်မာပြည်သား ရာခိုင်နှုန်းအများစု လိုအပ်တာ စားဝတ်နေရေး ပြေလည်ဖို့ ဖြစ်ပါလိမ့်မယ်။
အဲဒီကမှ နောက်တစ်ဆင့်တက်ပြီး စဉ်းစားရင် ငြိမ်းချမ်းသာယာစွာနဲ့ ကိုယ့်ကြီးပွားတိုးတက်ရေးကိုယ် ကြိုးစားနိုင်ခွင့်ပါ။

ဒီအတွက်လည်း ကျနော်တို့ ဒီမိုကရေစီကို တောင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်မှသာလျှင် ငြိမ်းချမ်းသာယာစွာနဲ့ ကိုယ့်ကြီးပွားတိုးမြင့်ရေးကိုယ် ကြိုးစားနိုင်ခွင့်ရှိမယ်လို့ ယုံကြည် ယူဆခဲ့ကြတာကိုး။
ကဲ အခု ကျနော်တို့ စားဝတ်နေရေး ပြေလည်ကြပြီလား။
ဒီမိုကရေစီရော ရကြပြီလား။

ဒါဆိုရင် ၀ိဝါဒကွဲစရာ အဖြေမျိုးစုံဖြစ်လာပါလိမ့်မယ်။
ဒီနေရာကနေ ကျနော်စာရေးဆရာ ငချွတ်ကလေးက တစ်ခု တင်ပြချင်တာကတော့ ဘယ်အစိုးရတက်တက် တိုင်းပြည်ချမ်းသာအောင် လုပ်ပေးနိုင်တဲ့အစိုးရကိုသာလျှင် ပြည်သူက ကြည်ဖြူလိမ့်မယ် ဆိုတာပါပဲ။

အခုဆိုရင် ၂၀၁၅ အကြောင်း ကြိုတင်ပြီး တော်တော်ပြောနေကြတယ်။
ဟိုလူတက်မယ်၊ ဒီလူတက်လိမ့်မယ်ပေါ့။
အိုကေ သေချာတာက တိုင်းပြည်ချမ်းသာအောင် လုပ်ပေးနိုင်မလား။ ဒါကိုပဲ အားလုံးက မျှော်လင့်နေကြလိမ့်မယ်။

Edwards Deming စာအုပ်တွေ ဖတ်ပြီး ကျနော်တွေးမိလာတာက တိုင်းပြည်တစ်ပြည်ကြီးပွားတိုးတက်ဖို့ဆိုရင် စနစ်ကို အဓိက ပြောင်းရလိမ့်မယ်။
စနစ်ဆိုတာ အုပ်ချုပ်ရေး စနစ်တင် မကဘူး။
တိုင်းပြည်ရဲ့ အစိုးရအဖွဲ့၊ အုပ်ချုပ်ရေးယန္တယား၊ စီးပွားရေး တည်ဆောက်မှု ... စတဲ့ စတဲ့ အခွင့်အာဏာရှိသူများ အကောင်ထည်ဖော်နေတဲ့စနစ် အားလုံးကိုပြောတာ။

ကျနော်သိမီသမျှ သက်တမ်းအတွင်းမှာ အုပ်ချုပ်ရေးစနစ်ကြီး သုံးခုပြောင်းတာကို ကြုံခဲ့ပြီးပြီ။
ဆိုရှယ်လစ်စနစ်။
စစ်တပ်အုပ်ချုပ်ရေးစနစ် ... နဲ့
အခု ဒီမိုကရေစီ (လို့ ခေါ်တဲ့) စနစ်။
ကဲ ဘာတွေ ပြောင်းသွားသလဲ။

ကျနော် မေးချင်တာက ... တကယ်တမ်း ဘာတွေ ပြောင်းသွားသလဲ။
ပေါ်လစီဇာတ်ကားတွေထဲကလို လမ်းတွေ၊ တံတားတွေ၊ ဆည်မြောင်းတာတမံတွေ၊ စက်ရုံကြီးတွေဆိုပြီး စာရင်းတွေ ချမပြပါနဲ့။
အခု ကျနော်တို့တွေ ကမ္ဘာမှာ ဘယ်အဆင့် ရောက်နေပြီလဲ?
အာစီယံတွေထဲမှာရော ဘယ်အဆင့်ရောက်နေပြီလဲ?
ကျနော်က အတိတ်ကို ဖော်ပြီး လက်ညှိုးထိုးချင်နေတာ မဟုတ်ပါ။
ဒါပေမဲ့ သေချာတာ တစ်ခုတော့ ရှိတယ်။ ကျနော်တို့တွေ လွဲတော့ လွဲနေကြပြီ။
ကျနော်တို့ တိုင်းပြည်လည်ပတ်နေတဲ့ စနစ်ကြီးမှာ အမှားအယွင်းရှိနေပြီ။

အခုဆို ထိပ်ဘက် ခေါင်းဆောင်ပိုင်းဟာ ပွင့်လင်းမြင်သာမှုရှိလာတယ်။
ပိုပြီး ပြောင်းလွယ် ပြင်လွယ်ရှိလာတယ်။ ဒါပေမဲ့ အောက်ပိုင်းကရော။
ဒါဆိုရင် မင်းက အောက်ဘက် ၀န်ထမ်းတွေကို ပြောချင်သလားလို့ မေးစရာရှိတယ်။
မဟုတ်ဘူး။ ကျနော်တို့ စနစ်ကိုက မှားနေပြီ။

ဆိုပါစို့။ အမြင်သာဆုံး ဥပမာ တစ်ခုပေးမယ်။
ဌာနတစ်ခုကို အကြီးအကဲတစ်ယောက် ၀င်စစ်တယ်။
ဘာလုပ်လေ့ရှိသလဲ? ဘယ်လိုတွေ လုပ်လေ့ရှိသလဲ?

အောက်ကလူတွေ ပြောတာ နားထောင်။
စီမံကိန်းကြီး ဘယ်လိုအောင်မြင်ကြောင်း၊ ရာထားချက်ကို ပြည့်မီကျော်လွန်ပိုလျှံ သာကဲနေတဲ့အကြောင်း ပီတိတဝေေ၀နဲ့ နားထောင်။
လိုအပ်သည်များကို မှာကြားကာ ပြန်လည် ထွက်ခွာသွား။ ဟုတ်လား။
ဒါဟာ လုပ်ရိုးလုပ်စဉ်ပါပဲ။

ဂုရုကြီး Edwards Deming အလိုအရတော့ အဲဒီလို နည်းလမ်းစဉ်ဟာ အင်မတန်မှားယွင်းနေပါသတဲ့။
တကယ်တော့ လူကြီးလာမယ်ဆိုရင် ဘယ်ဌာနမဆို မိတ်ကပ်လိမ်းလိုက်ကြတာချည်းပဲ။
အမှန်ဖြစ်နေတာတွေကို ဖုံး။ ကြည့်ကောင်းအောင် တန်ဆာဆင်လိုက်ကြတာကို ပြောတာ။
ပြီးတော့ တင်ပြတဲ့စာရင်းဇယားတွေဆိုတာကလည်း တမင်ပြင်ဆင်ထားတဲ့ဟာတွေ။

အမှားတွေလို့ ဆိုလိုချင်တာ မဟုတ်ပါ။
တစ်ခါတစ်လေမှာ လုပ်ငန်းတစ်ခုကို စာရင်းဇယားကိုချည်း ကြည့်ပြီး အကဲဖြတ်လို့ မရဘူးလို့ Edwards Deming က ဆိုပါတယ်။
ဘယ်လုပ်ငန်းမဆို အရှုံးပြနေရင် အစိတ်အပိုင်းတစ်ချို့ကို ချရောင်းတာမျိုး လုပ်ပြီး ငွေပေါ်လာအောင်လုပ်
အမြတ်ရတယ်လို့ ကြံဖန်တင်ပြနိုင်ပါတယ် .... တဲ့။ ဒါ သူ့ အဆိုပါ။
ဒါပေမဲ အဲဒီလို လုပ်ရင်းက ရေရှည်မှာ အဲဒီလုပ်ငန်းတွေစာ တစ်စထက်တစ်စ အခြေအနေဆိုးလာတော့တယ်တဲ့။

Edwards Deming ရဲ့ ဥပဒေသ ၁၄ချက်ထဲမှာ နံပါတ် ၃အချက်က ...
ရာထားချက်ထားပြီး စီမံခန့်ခွဲမှုကို ပယ်ဖျက်ရမယ်လို့တောင် ဆိုတယ်။
ဘယ်ရာထားချက်မဆို အချိန်တိုအတွင်းမှာ ကုန်ကျမှု တန်ဖိုးကြီးကြီးပေးပြီး လုပ်ရင် ဖြစ်တာချည်းပဲတဲ့
တကယ်တမ်း ပေးလိုက်ရတာနဲ့ ပြန်ရတာ တန်ရဲ့လား။
ရေရှည်အတွက်ရော ကောင်းရဲ့လား။ အဲဒါတွေနဲ့ ဆန်းစစ်ရမယ်တဲ့။

စာရင်းဇယားတွေအရတော့ အားလုံးကောင်းပါသည်ခင်ဗျားဆိုတာမျိုးကို ကျနော်တို့  တောက်လျှောက်ကြုံခဲ့တာပါ။
ဟိုးအရင်ခေတ်ကတည်းက လုပ်ငန်းတစ်ခုခုကို အကြီးအကဲတစ်ယောက်သွားစစ်ဆေးတယ်ဆိုရင် သတင်းတွေမှာ ကျနော်တို့ မြင်ရကြားရတာက ဘယ်တုန်းကများ မကောင်းတာ ကြားရလို့လဲ။ အားလုံးကောင်း၊ အားလုံး ပြည့်စုံ၊ လောကကြီးတစ်ခုလုံး ရွှေမိုးငွေမိုးရွာလို့။
ခေတ်အဆက်ဆက် ရွှေမိုးငွေမိုးရွာလိုက်တာများ ကျနော်တို့ မြန်မာပြည်ကြီး ခုလိုအခြေထိ ဆိုက်သွားတော့တာပါပဲဗျာ။

စီမံခန့်ခွဲသူကောင်းဆိုတာတဲ့။ သတင်းကောင်းကို မကြားချင်ဘူးတဲ့။ သတင်းဆိုးကိုသာ ကြားချင်တယ်လို့ Edwards Deming က ဆိုတယ်။
ပြောချင်တာက သတင်းကောင်းက စီမံခန့်ခွဲသူအတွက် ဘာမှ သုံးမရဘူးလေ။
အားလုံးကောင်းနေမှတော့ သူ ဘာလာစစ်ဆေးဖို့ လိုနေမလဲ။
လိုအပ်တာတွေ၊ ချွတ်ယွင်းနေတာတွေ၊ ပြောင်းလဲစရာတွေကို မြင်ရမှ စီမံခန့်ခွဲသူအတွက် လုပ်စရာက ရှိလာမှာ။
ဒါတွေကို အချိန်မီ ပြင်ဆင်မှ လုပ်ငန်းကြီး တိုးတက်မှာပေါ့။
ပြီးတော့ လူတွေနဲ့ လုပ်နေရတဲ့ ဘယ်လုပ်ငန်းမှာမဆို ချွတ်ယွင်းချက် အားနည်းချက် ဆိုတာ မကင်းပါဘူး။
ဒါကို အားလုံးကောင်းပါသည်ခင်ဗျား။ လောကကြီးတစ်ခုလုံး ရွှေမိုးငွေမိုးရွာနေပါသည်ခင်ဗျားလို့ သတင်းစကားချည်းကြားနေရင်တော့
သေချာတယ်။ သင်အညာခံနေရပါပြီ။

ဒါပေမဲ ကျနော်တို့ဆီမှာ ဒီလိုဖြစ်နေရတဲ့ တရားခံတရပ်က အကြောက်တရား ကြောင့်လည်း ဖြစ်ပါတယ်။
အောက်က အထက်ကို အမှန်တိုင်း မတင်ပြရဲဘူး။ အမှန်တိုင်းပြောရင် သူအဆူခံထိမှာကိုး။ အခန့်မသင့်ရင် အလုပ်တောင် ထွက်ရနိုင်သေးတယ်။
အထက်ကလည်း သူ့ထက်ကြီးတဲ့ အထက်ကို ပြန်တင်ပြရမှာ။ မကောင်းသတင်းတွေယူသွားပြီး ပြန်တင်ပြလို့ကတော့ သူ အထောင်းခံရပြီသာ မှတ်။
နောက်ပြီး ကျနော်တို့ဆီမှာ ဖြစ်နေတာတစ်ခုက လုပ်ငန်းမကျွမ်းကျင်တဲ့ ပြဿနာ။
ရတဲ့ဘွဲ့နဲ့ လုပ်နေရတဲ့အလုပ်က မဆီမလျှော်တာတွေ အများကြီး။
အခြေအနေအရ ဒီနေရာကို ရောက်ရပေမယ့် ကိုယ့်အလုပ်တာဝန်အကြောင်း ကိုယ်က ဘာမှမသိ။
လူပိန်းစကားပြောရရင် တတ်လို့ လုပ်စားတာ မဟုတ်ဘူး။ ငတ်လို့ လုပ်စားနေတာကွပေါ့။

ဒီတော့ ကိုယ့်အရည်ချင်းကိုယ် လက်မမထောင်နိုင်တဲ့အခါ ကိုယ့်လုပ်ရပ်မှာလဲ လက်မမထောင်နိုင်တော့ဘူး။
လုပ်ကိုင်ရာမှာ မရဲဝံ့တော့ဘူး။ မိမိ အလုပ်နေရာတည်မြဲဖို့ပဲ အဖြစ်သဘောလောက် ဂရုစိုက်လုပ်ကိုင်ကြတော့တဲ့အခါ ...
တိုင်းပြည် အင်မတန်နာပါတယ်။

ဒါတွေကို ကုစားဖို့ကတော့ အချိန်ယူပြင်ဆင်ရမှာပါ။
လောလောဆယ် ဌာနတွင်း မွန်းမံသင်တန်းတွေ အများကြီးလုပ်သင့်တယ်။
တကယ်အရည်အချင်းရှိသူကို ထိုက်ထိုက်တန်တန်နေရာပေးတာမျိုးလုပ်သင့်တယ်။
အဓိကကတော့ အကြောက်တရားကို ဖယ်ရှားရပါမယ်။

မိမိ ထင်မြင်ချက် အကြံဥာဏ်တွေကို ကြောက်မနေရပဲနဲ့ ရဲရဲဝံ့ဝံ့ တင်ပြရဲရမယ်။
အဲဒီလို တင်ပြခွင့်လဲ ရှိရမယ်။ မေးချင်တာ သိချင်တာကို ရဲရဲကြီး မေးပိုင်ခွင့်ရှိရမယ်။

တကယ်တော့ ကြောက်လန့်ခြင်းဆိုတာ လုပ်ငန်းတစ်ခုအတွက် အင်မတန်ဆုတ်ယုတ်စေတဲ့ အရာပါ။
ဘယ်နေရာမှာဆို ကြောက်လန့်ခြင်းမကင်းစွာ လုပ်ဆောင်ခြင်းရဲ့ ရလာဒ်ဟာ မသပ်မယပ်နဲ့ ဗြုတ်စဗြင်းတောင်း လုပ်ဆောင်မှုတွေ
တကယ်တမ်းဘာတန်ဘိုးမှ မရှိတဲ့ အမြင်ကောင်းရုံ ကိန်းဂဏာန်းတွေသာ ဖြစ်ပေါ်လာစေပါလိမ့်မယ်လို့
Edwards Deming က ဆိုပါတယ်။

ရေးရင်း ရှည်သွားရတာမို့ နောက်အပိုင်းတွေ ဆက်ရေးပါဦးမယ်။ Edwards Deming စာအုပ်တွေ ဖတ်ဘူးသူ၊ ပို့ချချက်တွေနာယူဘူးသူ ပညာရှင်တွေလဲ ၀င်ရောက်ဆွေးနွေးပေးကြပါဦး။ ကျနော်ကတော့ ပညာရပ်ဆိုင်ရာနယ်ပယ်ကမဟုတ်ပဲ ရိုးရိုးဗဟုသုတသဘောဖတ်တာမို့ ပညာရပ်သဘော ပြောစရာတွေ ကျန်လိမ့်ဦးမှာကို ၀န်ခံပါတယ်။
သွန်းနေစိုး 
 by Thorn Nay Soe on Saturday, November 10, 2012 at 6:23pm ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis