menu

Saturday 10 November 2012

လုံခြုံရေးအပြည့်အဝရှိမှ နေရပ်ပြန်မည်ဟုမြောက်ဦးမြို့မှ ရခိုင်ဒုက္ခသည်များ က ဆို

Photo: လုံခြုံရေးအပြည့်အဝရှိမှ နေရပ်ပြန်မည်ဟုမြောက်ဦးမြို့မှ ရခိုင်ဒုက္ခသည်များ က ဆို

မိုးဝေ-ရခိုင်ပြည်နယ်(မြစ်မခ)

 မီးဘေးသင့် ရခိုင်ဒုက္ခသည်များ အနေဖြင့် ၄င်းတို့၏ ရပ်ရွာတွင်လုံခြုံရေးအပြည့်အဝရှိမှ ပြန်မည်ဟု   မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင် ရောက်ရှိနေသည့် ရခိုင်ဒုက္ခသည်များကပြောသည်။ 
 
“ဟိုမှာက လုံခြုံရေးမရှိရင် ကျမတို့ မနေရဲဘူး၊ ပြန်လည်းပြန်မှာမဟုတ်ဘူး၊စိတ်ချရတဲ့လုံခြုံရေးရှိမှ ပြန်မယ်၊ ဘာလို့ဆိုတော့ကျမတို့ရွာဟာအန္တရာယ်အများဆုံးရွာဖြစ်နေတယ်” ဟု အသက် ၄၀ အရွယ်ရှိ ပန်းမော်ကျေးရွာ မှဒုက္ခသည်တစ်ဦးက ပြောသည်။ 
 
မြောက်ဦးမြို့ တွင်ရောက်ရှိနေသည့် ဒုက္ခသည်အများစုမှာ  မီးဘေးသင့်ဒုက္ခသည်များဖြစ်သည်။ 
 
“ဟိုမှာက အမျိုးသားတွေဘဲ ကျန်ခဲ့တယ်၊ အမျိုးသားတွေကျန်ခဲ့တာကအိမ်ကိုစောင့်ရှောက်ဖို့နဲ့ ဥယာဉ်ခြံမြေတွေကို စောင့်ရှောက်ဖို့ အတွက်ကျမတို့ရွာမှာ အမျိုးသားတွေဘဲကျန်ခဲ့တယ်”ဟု  မြောက်ဦးမြို့ပန်းမော်ကျေးရွာမှ  အသက် (၃၅) နှစ်ရှိ အိမ်ရှင်မ တစ်ဦး က ပြောသည်။ 
 
မြောက်ဦးမြို့ တွင်ဒုက္ခသည်များ အတွက်   အလိုတော်ပြည့်ကျောင်း၊လက်ကောက်ဈေး၊ ရွှေကြာသိမ်၊  ရွှေဂူတောင် ၊ အောင်မင်္ဂလာကျောင်းတို့တွင်စခန်းဖွင့်လှစ်ထားရာ  အလိုတော်ပြည့်ကျောင်းတွင် အောက်တိုဘာလမှ နိုဝင်ဘာလ(၄) ရက်နေ့ အထိရခိုင်ဒုက္ခသည် (၁၀၄၀) ဦးရှိသည်။ 
 
“တစ်ချို့က ရွာပြန်ကြတယ်၊ အခြေအနေကောင်းရင် ပြန်ခေါ်မယ်ဆိုတဲ့သဘောပေါ့၊ဒါပေမယ့်အဲဒီမှာ အခြေအနေက လုံးဝမကောင်းသေးဘူးဆိုတော့ ပြန်လာကြာတယ်။အခုလောလောဆယ် လိုအပ်ချက်က စားဝတ်နေရေးနဲ့ ကျန်းမာရေးပါ။ဘာလို့ဆိုတော့တစ်ချို့ဖျက်ဆီးခံရတဲ့ရွာတွေရှိတယ်ဆိုတဲ့ အခါကျတော့အိုးမဲ့အိမ်မဲ့ ထွက်ပြေးလာတာ တွေရှိတယ်။ ဘာမှ ပါမလာဘူး ၊ကိုယ်မှာအဝတ်တစ်ထည်နဲ့ပဲပြေးလာရတာ”ဟု မြောက်ဦးမြို့ အလိုတော်ပြည့်ကျောင်းတွင်ရှိနေသည့် ဒုက္ခသည်များအား ကျန်းမာရေးဆိုင်ရာကိစ္စများကို ဆောင်ရွက်နေသည်ဦးဇင်းဦးဥတ္တမသာရက မိန့်ကြားသည်။ 
 
ထို့အပြင် လက်ရှိဖြစ်ပွားနေသော ပဋိပက္ခအပေါ် “ငြိမ်းချမ်းဖို့အတွက်သုံးသပ်ကြည့်ရင် အဓိကသမ္မတဦးသိန်းစိန်ဦးဆောင်သော အစိုးရက တစ်ဖက်တစ်လမ်းကမှန်ကန်သော နည်းလမ်းမှန်ကန်သော ဥပဒေနဲ့ ပြည်သူလူထုအပေါ်မှာမျှတသော တရားနည်လမ်းနဲ့ငြိမ်းချမ်းမှု တကယ့်ကိုကြိုးစားပြီးဆောင်ရွက်သွားမယ်ဆိုလို့ရှိရင်ငြိမ်းချမ်းမှုအပိုင်းဟာ ဖြစ်လာနိုင်မှာပါ”ဟု မိန့်ကြားသည်။ 
 
အောက်တိုဘာလ (၂၁) ရက်နေ့မှ  စတင်ခဲ့သော့ ရခိုင်ပဋိပက္ခကြောင့် ရခိုင်နှင့်ဘင်္ဂလီနှစ်ဖက်လုံး မီးဘေးသင့်ဒုက္ခများရှိပြီး၊ မြောက်ဦးမြို့နယ်တွင်ရခိုင်ဒုက္ခများသာရှိသည်။စုစုပေါင်း မြောက်ဦးမြို့နယ်တွင် ရခိုင်ဒုက္ခသည်နှစ်ထောင်ကျော်ခန့် ရှိသည်ဟုသိရသည်။ 
 
တစ်ကျောပြန်ဖြစ်လာခဲ့သော ပဋိပက္ခဖြစ်စဉ်ကြောင့်  အောက်တိုဘာလ (၂၁) ရက်နေ့မှ (၃၀) ရက်နေ့အထိ စာရင်းများအရသေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ (၁၃၆)ဦး၊မီးလောင် ပျက်ဆီးသည့် လူနေအိမ် (၅၃၅၁)အိမ်နှင့် အိုးမဲ့အိမ်မဲ့ဖြစ်သူ(၃၂၂၃၁)ဦးရေခန့် ရှိကြောင်း နိုင်ငံပိုင် သတင်းစာမှ ထုတ်ပြန်ချက်အရသိရှိရသည်။ 
 
ဇွန်လ အတွင်းကဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့်လည်း မောင်တော၊ စစ်တွေ၊ကျောက်တော်၊ မြောက်ဦးစသည့် မြို့နယ်များတွင်အိမ်ခြေ ပေါင်း (၅၃၃၈)  အိမ်၊အဆောက်အဦး (၁၃၄) လုံး၊ မီးလောင်ပျက်စီးခဲ့သည့် အတွက် အိမ်ထောင်စုပေါင်း(၁၂၂၄၂) စု လူဦးရေ (၇၅၀၀၀) ခန့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

အေးချမ်းမွန်မှ  Myit Makha Mediagroup  တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။
Photo From :Myit Makha Mediagroup

Myit Makha Mediagroup

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis