menu

Thursday 1 November 2012

" ဗမာ ကဗျာဆရာတစ်ယောက်ရဲ့ ပျဉ်းတွဲတွဲ အက်ဆေး "(ခင်အောင်အေး)

အက်ဆေး ဖော်ပြခံရသောစာအုပ်...

အက်ဆေးတပုဒ် ရေးရမယ်လို့ ကိုယ့်ကိုယ်ကို စေခိုင်းတော့
ထုံးစံအတိုင်း စိတ်တွေ တိမ်းတိမ်းပွေပွေ ဖြစ်တဲ့အခါ လုပ်နေကျအတိုင်း ဝရံတာကို ထွက်လိုက်တယ်။
အက်ဆေး တပုဒ်ရေးမယ့်အစား..........
ဝရံတာ ပေါ်က ခုန်ချပြီး ဘဝကို အဆုံးစီရင်လိုက်တာက ပိုကောင်းမယ်လို့...........
တယောက်ယောက်က (အသံ တစ်ခုခုက) ဖျားယောင်းတာခံနေရသူလို ဝရံတာစွန်းမှာရပ်မိတယ်။
ခက်တာက ကိုယ်က ပထမထပ်မှာ နေတာ ဆိုတော့....
အောက်ခြေသံမံသလင်းနဲ့ ခေါင်းနဲ့ ခွပ်ကနဲ ပစ်ဆောင့်ပြီး ကိစ္စပြီးဖို့က ဖြစ်နိုင်ချေ နည်းလွန်းနေတယ်။
ကိုယ်ဘာကောင်လဲ၊
ကိုယ်ဘယ်က လာသလဲ
ကိုယ်ဘယ်ရောက်နေတာလဲ (ဝရံတာအစွန်းတခုမှာလို့ ပြောဖို့ကတော့ တိမ်လွန်းလှပါတယ်)
ကိုယ် ဘယ်ကိုဆက်သွားမှာလဲ၊ (တုန်လှုပ်ခြောက်ခြားစရာ) ။


စိတ်မမှန်ဘူးပြောလဲ နစ်နာစရာ မရှိပါဘူး။
ကိုယ့်ကိုယ်ကို ကဗျာဆရာ မာလာမေ ဝင်စားတယ်လို့ထင်တယ်။
လာခြင်း ကောင်းသောလူကလေးပေါ့။
မာလာမေ ရဲ့ နောက်ယပ်တောင် ကဗျာကို တော်တော်ကြိုက်တယ်။
ခုမှ(ဒီ ဘဝမှ) ဖတ်ဖူးပေမယ့် ဘဝ အဆက်ဆက် ဖတ်ခဲ့ဖူးသလို ခံစားရတယ်၊
အံမယ် ယာရောဆလဗ် ဆိုက်ဖဲရ်ဝင်စားတယ်တောင်ထင်သေးတာ ကိုယ့်မွေးသက္ကရာဇ်နဲ့ သူ ဆုံးတဲ့နှစ် မကိုက်တော့မှ စိတ်လျှော့လိုက်တော့တာ၊
မာယာ ကော့ဖ်စကီးကတော့ ဟိုးဘဝတုန်းက သူငယ်ချင်း ကဗျာ ရေးဖက်တွေ။

ကလေး ဘဝ ပုံရိပ်တချို့ မှတ်မိတယ်။
မောင်နှမ ၃ ယောက်စလုံးကို အမေက ဝမ်းနှုတ်ဆေး ကျွေးတဲ့ နေ့ အာဂရော ဆိုလား၊ ဆေးခပ်မွှေးမွှေး ချိုတိုတို၊
အဲ့ဒီနောက် ဝမ်းနှုတ်ဆေးတွေကတော့ ကြက်ဆူဆီ နဲ့ ဆားခါးဆိုတဲ့ ဝမ်းနှုတ်ဆေးတွေ။ တော်တော် အဝင် ဆိုးတယ်။
နောက် ပုံရိပ်တစ်ခုက မောင်နှမ ၂ ယောက်ထဲ အိမ်ထဲမှာ ကျန်ရစ်တာ၊ ညီမလေး အငယ်ဆုံးနဲ့ အဖေ အမေတွေက ရုပ်ရှင်သွားကြည့်တယ်နဲ့တူတယ်။
လေကြီးမိုးကြီးကျတော့ မောင်နှမ ၂ ယောက် ဘီရိုလို တခုထဲ ဝင်ပုန်းကြတာ မှတ်မိတယ်။
အခု ပြောပြီးတဲ့အထိတော့ ကဗျာဆရာနဲ့ မတူသေးဘူး။
ဘယ်တော့ ကဗျာဆရာနဲ့ တူမှာလဲ၊ ဘယ်တော့ကဗျာဆရာ ဖြစ်လာမှာလဲ ဆိုတော့.....
စကားလုံးတွေဆီ တည့်တည့်လာနေတဲ့ အကြောင်းအရာကဗျာဟာ  ဒီနေရာမှာ ပျက်ကျသွားပါပြီ။

ဘယ်လို ပြန်ပြင်ရမလဲ၊ ကဗျာ စက်အစိတ်အပိုင်းတွေ လဲထည့်ရမှာလား၊
ကဗျာ ဝက်အူတွေ ပြန်တင်းကျပ်ရမှာလား။
ဒါ ဒီနေ့ ဗမာကဗျာရဲ့ အဆင်အကွက် အယက်အဖောက်။
ဒီနေ့လို့ ပြောလိုက်တဲ့ အခါမှာ မနေ့ကနဲ့ စပ်နေတဲ့နယ်နိမိတ်ကို ထိစမ်းဆုပ်ကိုင်ပြလို့မရဘူး။
(တချက်ချက် စက္ကန့်သံများ = ၆၀ X ၆၀ X၂၄ X ၃၀ X၁၂ X ၅၄။)

လူမှန်းသိစ အရွယ် ၁၉၆၀ လောက်ကနေ ကလေးဘဝ သုတ်ကနဲ ဖြတ်လိုက်ပုံဟာ..........
ဇာတ်လမ်းကောင်းတဲ့ ရုပ်ရှင်ထဲ ရှေးအတိတ်ပြကွက်တချို့၂ ကဒ် ၃ ကဒ် လောက် ထည့်ပြလိုက်သလိုပါပဲ။
အဲ ဒီကနေ တသက်လုံး အဖေက သပ်သပ် အမေက သပ်သပ်။ခု ပြန်သုံးသပ်တော့လဲ ဘာမှ မဆန်းသလိုလို။
မိသားစု နွေးထွေးမှုကိုတသက်တာလုံး ငတ်မွတ်တောင့်တ နေခဲ့ရတော့တာပါပဲ။
ကျိန်စာ တခုလိုပါပဲ။
ကျောင်းသားဘဝတလျှောက်သူလိုငါလိုထက် သိပ်ပိုပြီး ပြောစရာ မရှိ။
တက္ကသိုလ်တက်တော့ နည်းနည်း အဆန်းတကျယ်တွေပါလာပြီ။
နေ့ ကျောင်းသားပေမယ့် ကျောင်းထဲမှာပဲ အိပ်စားကာ အိမ်ကိုတောင် တပါတ်တခါ မနည်းပြန်ရတယ်။
ပန်းချီသူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပန်းချီရေးကာ ကဗျာမှော်ရုံမှာ တောလည်တတ်စပြုပြီ။

ကျောင်းပြီးကာနီးမှာပဲ ရုတ်တရက် အိမ်(ထောင်)ကျ(၁၉၇၉)၊ ကလေး ၂ ယောက် ဆက်တိုက်ရ။
ပြေးဟယ် လွှားဟယ်ရုန်းကန်မှုတွေထဲက......
သမီးအငယ်မအတွက် နို့မှုန့်ဘူးဝယ်ဖို့ ပိုက်ဆံတပြားမှ မရှိလို့ “ စစ်နဲ့ငြိမ်းချမ်းရေး” စာအုပ်တွဲကြီး စာအုပ်ဟောင်းတန်းမှာ သွားရောင်းခဲ့ရတာ မှတ်မိတယ်။
အစိုးရဝန်ထမ်းဘဝ သုံးခုလောက်ပြောင်းပြီးချိန် မှောင်ခိုကုန်သည်လောကထဲ ခြေချော်လက်ချော်ပြုတ်ကျသွားတော့တာပါပဲ။
ပင်လယ်တကျော စုန်ဆန်မျောခဲ့တဲ့နှစ်တွေပေါ့ (၁၉၈၅-၁၉၉၀)။
ဒီကြားထဲ စာအုပ်ဟောင်းရောင်းသူ၊ ကားစပယ်ရာ၊ ပုံနှိပ်စက်မှာ ပရုဖ် ဖတ်သူ၊ အစိုးရ ရုံးတွေမှာ ခွဲတမ်းပစ္စည်း တွေ လိုက်ဝယ်ပြီးဈေးထဲ ပြန်သွင်းတာလဲလုပ်ခဲ့ရသေးတယ်။
တဖက်ကလဲ ကဗျာတွေဖတ် ရေး၊ ကိုယ်လေးစားတဲ့ ကဗျာဆရာတွေနဲ့ လဖက်ရည်ဆိုင်ထိုင်။
နောက်မှောင်ရီဖြိုးဖျတွေမှာ မြေနီကုန်း၊ ဘူတာရုံလမ်း၊ လေးဆယ့်နှစ်လမ်းနဲ့ ပုစွန်တောင်က အရက်ဖြူဆိုင်တွေဘက်ခြေရာထပ်၊
တကတည်း မမူးမရူးရင်ပဲ ကဗျာအကြောင်းပြောဖို့ဆိုဖို့ ဘယ်လိုမှ မဖြစ်နိုင်သလိုမျိုး။

၁၉၉၀ ဒီဘက်မှာ နည်းနည်း ငြိမ်လာတယ်။
ဘဝ ၂ ကြိမ်ပျက်ပြီးတဲ့ အတွေ့အကြုံနဲ့ အသက်အရွယ်က စကားပြောလာတယ်ထင်ပါ့။
ခေတ်ပြောင်းချိန်နဲ့ အကိုက် ကုမ္ပဏီလောကထဲ ရောက်သွားတယ်။ ကဗျာနဲ့ကိုယ်နဲ့ပူးတုံခွာတုံ။
၁၉၉၀ ပြည့်နှစ်က မန္တလေးမှာ တယောက်ထဲ သွားနေဖြစ်စဉ်က ရေးဖြစ်ခဲ့တဲ့ ‘ကဗျာများ၊ ၁၉၉၀’ စာအုပ်ကလေးနဲ့ပဲ ကဗျာ လောကကို အနိုင်ပိုင်းထားလိုက်တယ်။
ထုံ့ပိုင်းပိုင်းထပ်ရေးဖြစ်တဲ့ ကဗျာ တချို့နဲ့ စောစောကပြောခဲ့တဲ့စာအုပ်ထဲက ကဗျာတွေကို ဆယ်နှစ်အတွင်း မဂ္ဂဇင်းတွေမှာ ဖြန့်ထည့်တယ်။
အပုဒ်ရေ နည်းရတဲ့ကြားထဲ စာပေစိစစ်ရေးက ဖြုတ်တာပယ်တာတွေလဲ ခံရသေးတယ်။

၂၀၀၀ လောက်မှာ.....................
မိသားစုတာဝန်က ကြီးလိုက် သေးလိုက်နဲ့၊ ပိုက်ဆံနည်းနည်း ရွှင်တဲ့ နှစ်တွေဖြစ်လာတော့
လူနဲ့ ကဗျာဆရာဘဝ နည်းနည်း အဟပ်ကွာသွားတယ်။
ဇေယျာလင်း ကြောင့် မြန်မာကဗျာ အလှည့်အပြောင်းအကွေ့အချိုး စပေါ်လာတယ်။
ဒီရေစီးကြောင်းထဲ ချက်ခြင်း ဝင်မစီးမျော ဖြစ်ခဲ့ဘူး။
၂၀၀၀ နဲ့ ၂၀၀၂ ကြားမှာသွေးပူလေ့ကျင့်ခဏ်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁ ကနေ ၁၂ လောက်ထိ ရေးဖြစ်တယ်။
ရှင်းရှင်းပြောရရင်တော့ အရင်ရေးခဲ့တဲ့ ကဗျာတွေနဲ့ မတူအောင်အားထုတ်တာပါပဲ။
ဒါပေမယ့် ဒင်ပြည့်ကျပ်ပြည့်လဲ မကြိုက်လေတော့ သွေးပူလေ့ကျင့်ခဏ်း ဆိုပြီး နံမယ် တမင်ပေးတယ်။
လေ့ကျင့်ခဏ်းအဆင့်ပဲ သဘောထားတယ်ပေါ့။

၂၀၀၂ ကနေ ကဗျာနဲ့ ပြုတ်ထွက်လွင့်ကွာ သွားလိုက်တာ ၂၀၀၉ အထိပဲ။
ဒီ့ အရင် တနှစ် နှစ်နှစ်လောက်ကစပြီး..................
ဗမာကဗျာ အမျိုးအစားသစ်တမျိုး (မြန်မာ ပို့စ်မော်ဒန်ကဗျာတွေလို့ ပြောနိုင်မယ်ထင်ရဲ့) ကို အရင်ထက်ပိုစိတ်ညွတ်လာပြီး....
အဲဒီ အကြောင်းရေးသားချက်တွေ အာရုံစူးစိုက်ဖတ်ဖြစ် လေ့လာဖြစ်တယ်။
သူသူကိုယ်ကိုယ်ရေးနေနေကြတဲ့ ကဗျာတွေကိုတော့ သိပ်မကြိုက်လှသေးဘူး။
၂၀၀၉ ဇွန်လ လောက်ကစပြီး ဘာမှ မလုပ်တော့ပဲ ကဗျာတွေပဲ ဖိရေးနေခဲ့တယ်။
သွားလာ စားသောက် လုပ်ကိုင်သမျှ ကဗျာအာရုံ မလွတ်တမ်းပဲ။
၂၀၀၉ နှစ်ကုန်ထိမရှိဘူးဆို ကဗျာ အပုဒ် လေးငါး ခြောက်ဆယ် လောက်ရှိမယ်၊ ရေးဖြစ်တာ။
နောက်ပိုင်းကျတော့ တပုဒ်တလေလောက်ကလွဲပြီး အများစုကို မကြိုက်တော့ဘူး။
၂၀၁၀ ထဲ အဝင်မှာ ရေးဖြစ်တဲ့ ကဗျာတွေက နည်းနည်းပိုပြီးPerfect ဖြစ်လာတယ်။
မတ်ခ်ျလမှာ အပုဒ်ရေ ၂၀ ကျော် ကဗျာအုပ်စု တခု ရေးဖြစ်တယ်။
အဲဒီကစပြီး ကိုယ်ပိုင်ဟန် အသစ်တခု ရလာပြီ။
ဧပြီကနေ သြဂုတ်ထိ ကဗျာတွေ တပျော်ကြီး ရေးဖြစ်တယ်။တကယ့်ကဗျာဆရာလိုနေထိုင်ဖြစ်ရင်း..
(အရင်တုန်းကလို တခြား ထွေလီကာလီကိစ္စ တွေ လုပ်စရာ မလိုတော့တာကို ပြောတာ)ကဗျာကလွဲ ဖွဲနဲ့ ဆန်ကွဲ စိတ်နဲ့ ဘဝ ထဲ နေထိုင်ဖြစ်ခဲ့တယ်။

တကယ်တော့ နေ့တစ်နေ့ချင်း ဟာ အတိအကျ သစ္စာကြီးခဲ့ပါတယ်။
နေဝင်ခြင်း၊ နေထွက်ခြင်း၊ နေ့နဲ့ည၊ အလင်းနဲ့အမှောင်၊ အဖိုဓါတ်အမဓါတ်၊
ပုံမှန် လည်နေတဲ့ ကမ္ဘာလုံးကြီး (ဘယ်သူတွေက ဘယ်လိုပဲ ပြားသွားပြီ ဆိုစေကာမူ)၊
အရုဏ်ကအရုဏ် သပ်သပ်၊ ဆည်းဈာ က  ဆည်းဈာ သပ်သပ်၊
ရှုခင်းရောင်စုံနဲ့ ရွေးချယ်စရာဘဝလမ်းကြောင်းရောင်စုံနဲ့
လေယာဉ်၊ သင်္ဘော၊ မီးရထားနဲ့ ဘတ်စ်ကားတွေ သူ့လမ်းကြောင်းနဲ့သူ ယုတ္တိရှိရှိ ပြေးဆွဲနေတဲ့  ကမ္ဘာကြီး။

တနေ့သား သက်တံကြီး တစင်းနဲ့ ပက်ပင်းတိုးတော့........
လူ့ဘဝမှာ နေပျော်စရာ အကြောင်းရင်း နည်းနည်းကလေးထဲကတစ်ခု အဖြစ် ချစ်ခင်မြတ်နိုးစိတ်နဲ့ရပ်ငေးကြည့်မိတယ်။
တတီတီ ကားဟွန်းသံကြားတော့မှ ကိုယ်တကယ်နစ်မြုပ်နေတဲ့ ဘယ်လိုမှ မရုန်းနိုင်တဲ့ တကယ့်ဘဝ ထဲ သတိပြန်လည်ကာ........

လန့်ဖျပ်သွားတဲ့ ငှက်တွေ.......ခိုကိုးရာမဲ့ ဖြစ်ကာ ခေါင်မိုးထိပ် အသိုက်တွေကို စွန့်ခွာကြပေါ့၊
ဒါပေမယ့် မင်းက ငှက်တွေထက် ပိုလို့ ခိုကိုးရာမဲ့သေးတယ်။

မင်းမှာ အတောင်ပံလဲ မရှိဘူး။ဘယ်ကို ပျံသန်းရမှန်းလဲ မသိဘူးလေ။

ယာရောဆလဗ် ဆိုက်ဖဲရ်
ချက် ကဗျာဆရာ ( ၁၉၈၄ နိုဗယ်ဆုရ)ကြေးမုံရဲ့တေး ကဗျာ မှ

ငါ ဘယ်ကလာတာလဲ၊ ငါ အခု ဘယ်မှာလဲ၊ ငါ ဘယ်ဆီကို……

ခင်အောင်အေး
ဗမာ ကဗျာဆရာ
၂၃၊ စက်တင်ဘာ။၂၀၁၀ ဘန်ကောက် ၂၁း၀၉ နာရီ
by Katherine Kyaw on Wednesday, October 31, 2012 at 12:35pm ·

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis