menu

Thursday 1 November 2012

ဖားကန့်ဒေသ ဆိုင်းတောင်နှင့်တာမခံကြားတွင် ကားတစ်စီးသေနတ်ဖြင့်အပစ်ခံရပြီး နှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရ




ကချင်ပြည်နယ် ဖားကန့်ဒေသ ဆိုင်းတောင်နှင့်တာမခံအကြား နန့်မော် ဘုန်းကြီးကျောင်းအနီးတွင် အောက်တိုဘာလ ၃၁ရက်မွန်းလွဲ ၁ နာရီခန့်က ကေအိုင်အေနှင့် တပ်မတော်အကြားပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ ဗင်ကားတစ်စီး သေနတ်ဖြင့် အပစ်ခံရပြီး လူနှစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့သည်ဟုဒေသခံများထံမှ သိရှိရသည်။
အဆိုပါ ပစ်ခတ်မှုသည် မွန်းလွဲ ၁ နာရီမှ ၂ နာရီခွဲအထိ ကြာမြင့်ခဲ့သည်ဟု သိရသည်။ ''စစ်သားတွေက တာမခံ ဘက်ကနေလာတယ်။ ကျွန်တော်တို့ ကားက ဆိုင်းတောင်ကနေ တာမခံကို သွားတာပါ။ ပထမတော့ ကျွန်တော်တို့ကားကို ရပ်စောင့်နေသေးတယ်။ ပစ်ကြခတ်ကြတာ ၁၅ မိနစ်လောက်ကြာတော့ စစ်သားတွေက ကျွန်တော်တို့ကားကို ကာဗာယူပြီး ပစ်ကြတယ်။ ပစ်ကြတာက ကာကွယ်စရာ နေရာမရှိတော့ ကျွန်တော်တို့က ကြောက်လို့ မောင်းပြေးတော့မောင်းရင်းနဲ့ လာထိ တာပါ။ စစ်သားတွေကတော့ တိုက်ပွဲအတွင်းမှာဘယ်နှစ်ယောက်ကျတယ်ဆိုတာ မသိရဘူး။
တိုက်ပွဲမစခင် ကတည်းကကျဆုံးပြီးသားစစ်သားတစ်ဦးကို ထမ်းလာတာ တွေ့ရတယ်။ အသက်နှစ်ဆယ်အရွယ် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကတော့ ဦးခေါင်းနဲ့လည်ပင်းမှန်ပြီး ကားပေါ်မှာပဲ ဆုံးသွားတယ်။ ကျွန်တော့်ကိုတော့ဘယ်ဘက်လက်ကို လာမှန်တာပါ''ဟု မြစ်ကြီးနားမြို့ ပြည် သူ့ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေသော ကားဆရာ ကိုထွန်းမင်းက အောက်တိုဘာလ ၃၁ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန်တွင် မြစ်ကြီးနားဆေးရုံ၌ ဖြေကြားခဲ့သည်။
ဖားကန့်ဒေသအတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သော်လည်း ဖားကန့်သွားရာ လမ်းကြောင်းတစ်လျောက်မှာ အခက်အခဲမရှိဟု စုံစမ်းသိရှိရသည်။ ဖားကန့်ဒေသအတွင်း ငြိမ်းချမ်းရေးလှုပ်ရှားသူများကလည်း ငြိမ်းချမ်းရေးလိုလားသူများ၏ ကိုယ်တိုင်ထိုးလက်မှတ် (တစ်သိန်းတစ်သောင်းကျော်)ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့်သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းများ၊လူမှုရေးအဖွဲ့အစည်းများသို့တင်ပြထားခဲ့ပြီး အောက်တိုဘာလ ၂၄ ရက် (ကမ္ဘာ့ကုလသမဂ္ဂနေ့)ကလည်း ဖားကန့်ဒေသငြိမ်းချမ်း ပါစေဟူသော စတေကာများကို အခမဲ့ ဖြန့်ဝေခဲ့သည်။သီတင်းကျွတ်လပြည့်နေ့ညမှာလည်း ငြိမ်းချမ်းရေးစာတမ်းပါ သော မီးပုံးပျံများကို လွှတ်တင်ခဲ့ကြသည်ဟု ငြိမ်ချမ်းရေးလှုပ်ရှားသူ ကိုရင်ထွေးကပြောပြခဲ့သည်။ ကချင်ပြည်နယ်၊ ဖားကန့်ဒေသအတွင်း အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၉ ရက် နေ့အထိ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းမရှိဘဲ ဒေသတည်ငြိမ်အေးချမ်းလာကာ စီးပွားရှာသူများဖြင့် ပြန်လည်စည်ကားလာစတွင် အပစ်အခတ်စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။EMG
 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis