menu

Friday 2 November 2012

ချယ်ရီတွေ ပွင့်ပြီဖြစ်ကြောင်း အစိုးရမင်းများလည်း အသိ(မောင်သာချို)

(တစ်)

ခရစ်နှစ် ၂၀၁၂ ခုနှစ်ထဲ၌ ဖတ်ရှုဖြစ်ခဲ့သော သတင်းအတိုအထွာကလေးများအနက် ကျွန်တော့်စိတ်ကို အလှုပ်ရှားစေဆုံးနှင့် ကျွန်တော့်လိပ်ပြာကို အနှိုးထစေဆုံး သတင်းကလေးတစ်ပုဒ်၏ အကြောင်းကိုများ လက်တို့စမ်းပါဦးဟု ပြောလာခဲ့သည်ရှိသော် ကျွန်တော်ကတော့ ချယ်ရီပန်းများ ပွင့်ကြ
သည့် သတင်းကလေးကိုပဲ လက်ဆင့်ကမ်းလိုက်ချင်ပါသည်။

ဟုတ်ပါသည်။ ချယ်ရီပန်းတို့ပွင်

့သော သတင်း။

သတင်းအရင်းအမြစ်က ဂျပန်နိုင်ငံက လာပါသည်။

ယခုနှစ် ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်နေ့တုန်းက ထုတ်ပြန်လိုက်သည့် သတင်းပဲ ဖြစ်ပါသည်။

ဂျပန်နိုင်ငံတော်အစိုးရ မိုးလေ၀သနှင့် ဇလဗေဒ အေဂျင်စီက ထို ၂၀၁၂ ခုနှစ် မတ်လ ၃၁ ရက်ကို ဂျပန်နိုင်ငံတော်တစ်ဝန်းလုံး၌ ချယ်ရီပန်းများ
စတင်ပွင့်ကြသောနေ့အဖြစ် ကြေညာလိုက်ကြောင့် ချယ်ရီပန်းပွင့်သောရာသီ စတင်ပြီဖြစ်ကြောင်း ထုတ်ပြန်လိုက်သည့် သတင်းကလေးပဲ ဖြစ်ပါသည်။
လူတွေလူတွေ တိုကျိုတစ်မြို့တည်းမှာပင်လျှင် သိန်းနှင့်ချီကာ ပန်းခြံတွေရှိရာဆီသို့ ရောက်လာကြပြီး ရွှင်သောမြူးသော မျက်လုံးများ မျက်နှာများနှင့် သက်ဝင်လှုပ်ရှားနေကြသည်များကို ဓာတ်ပုံမှတ်တမ်းများက ရုပ်မြင်သံကြားမှတ်တမ်းများက ဖော်ပြပေးလျက်လည်း ရှိခဲ့ပါသည်။

ဂျပန်နိုင်ငံသားများ အထူးသဖြင့် ဂျပန်သားငယ်၊ သမီးငယ်ကလေးများ ပင်လုံးညွှတ်အောင် ပွင့်နေသည့် ချယ်ရီပင်လယ်ကြီးထဲ၌
ပြေးလွှားအော်ဟစ်နေကြသည့် မြင်ကွင်းကိုကြည့်ကာ ကျွန်တော်မျက်ရည်ဝေ့မိကြောင်းကိုလည်း ၀န်ခံလိုပါသည်။

ကားမျိုးစုံထုတ်သူ ဂျပန်က၊ ရေခဲသေတ္တာမျိုးစုံ ထုတ်သူ ဂျပန်က၊ လေအေးပေးစက်မျိုးစုံထုတ်သူ ဂျပန်က၊ ရုပ်မြင်သံကြားစက်မျိုးစုံထုတ်သူ ဂျပန်က၊
ထို့ပြင် ထမင်းပေါင်းအိုး၊ လက်ပတ်နာရီ၊ ဂဏန်းပေါင်းစက်နှင့် ကွန်ပျူတာမျိုးစုံထုတ်လုပ်သူ ဂျပန်က သူတို့ မြေမှာပွင့်သည့် ချယ်ရီပန်းအပေါ်
သည်မျှအထိ သဲသဲရုတ်ရုတ်နှင့် ခဲခဲအုတ်အုတ် ဖြစ်နေပုံကိုကြည့်ကာ ငါတို့ကရောဟူသည့် အတွေးနှင့်အတူ ၀မ်းနည်းသလိုလိုကြီး ဖြစ်သွားမိခြင်း
ဖြစ်ပါသည်။

ဂျပန်တို့က ပန်းကို ဟန ( HANA ) ဟုခေါ်ကာ ပန်းပွဲတော်ကို ဟနမိ ( HANAMI )ဟု ခေါ်ကြရာ အဓိကအားဖြင့် ဂျပန်တို့၏ ဇာတ်လိုက်ပန်းမှာ
ဆာကူရာ သို့ မဟုတ် စကုရ ( SAKURA ) ခေါ် ချယ်ရီပန်းပဲ ဖြစ်ပါသည်။

ဂျပန်ကို ယခုလက်ရှိ ထိပ်တန်းဂျပန်နိုင်ငံအဖြစ်သို့ တွန်းပို့ပေးလိုက်သည့် စိတ်အခြေခံတရားများ များစွာရှိရာ တစ်ခုက သူတို့မြေက
ပန်းပွင့်ချယ်ရီကို သူတို့အစွမ်းကုန် မြတ်နိုးကြကာ ချယ်ရီပွင့်ရာ ဂျပန်မြေပြင်တစ်လွှားကိုလည်း အဆမတန် ချစ်ကြခြင်းဟု ဆိုပါသည်။

ဂျပန်မှုတစ်ရာ ( A hundred Thijngs Japanese ) ထဲ၌ ပါဝင်ရေးသားသူ Edward Fowler က ဂျပန်အတွက် ချယ်ရီ အရေးကြီးကြောင်းကို မှတ်တမ်း ရေးခဲ့ပြီးသား ဖြစ်ပါသည်။

အော် ကိုယ့်မြေ၊ ကိုယ့်ရေနှင့် ကိုယ့်ကန်၊ ကိုယ့်ကျောင်း၊ ကိုယ့်ချောင်း၊ မြောင်းတို့အပေါ် နိုင်ငံသားတို့ ချစ်လာကြစေရန် အလို့ငှာ
ဘာမှကြီးကြီးကျယ်ကျယ်တွေ ပြောမနေ။

ချယ်ရီပန်းစပွင့်သည့်နေ့ကို အစိုးရက စောင့်ကြည့်၊ ထို့နောက် သတင်းထုတ်ပြန်၊ ထို့နောက် လူတွေချယ်ရီပင်များအောက်သို့ ပြေးလွှား
ရောက်ရှိလာရုံမျှနှင့် နိုင်ငံချစ်စိတ်က အနက်ရော အဓိပ္ပာယ်ပါပြီး ပြည့်စုံသွားခဲ့ပါလေပြီ။

(နှစ်)

ရန်ကုန်မြို့ပေါ်တွင် အင်တာနေရှင်နယ် အမည်တပ်ထားသည့်ကျောင်းတွေ တော်တော်များများ ရှိပါသည်။ ဟိုကျောင်းက သည်ကျောင်းက
လာလာပြီး ခေါ် ကြသဖြင့် မကြာခဏဆိုသလို စကားသွားသွား ပြောရပါသည်။

တစ်နေ့ သစ်ပင်စိုက်ပျိုးရေး အထိမ်းအမှတ်နေ့ကျင်းပရာ Interantional School ကလေး တစ်ကျောင်းက လာခေါ် ၍ စကားသွားပြောပေးရပါသည်။

လေးငါးတန်းဝန်းကျင်မျှသာရှိသော ကလေးတို့က ပြဇာတ်အတိုကလေးတစ်ပုဒ်ကို ကပြနေကြပါသည်။

ဇာတ်ခုံပေါ်မှာတော့ သစ်ပင်အဖြစ် သရုပ်ဆောင်သူ ကလေးငယ်များ၊ ထို့ပြင် သစ်ခုတ်သမားအဖြစ် သရုပ်ဆောင်သူ၊ တောင်စောင့်နတ်အဖြစ် သရုပ်ဆောင်သူ ကလေးများဖြင့် သက်ဝင်လှုပ်ရှား၍ နေရာ မိဘတွေမှာ သဘောကျ၍ မဆုံးကြပါလေတော့။

နောက်တော့ လက်တွေ့သစ်ပင်စိုက်ပျိုးခြင်း အစီအစဉ် ပါဝင်ပါသည်။ ကလေးတိုင်း ကလေးတိုင်းအတွက် ပန်းပင်ပေါက်စကလေးတစ်ပင်စီကို
အဆင်သင့် ၀ယ်ယူစုဆောင်းပေးထားပါသည်။

ထို့နောက် ကိုယ့်ပန်းအိုးနှင့်ကိုယ်။ ပန်းအိုးတွေမှာ ကလေးငယ်တစ်ဦးစီ၏ နာမည်ကလေးတွေ ရေးထိုးချိတ်ဆွဲလို့။

ကလေးတို့ကား မူလတန်း အဆင့် ( Primary ) များသာဖြစ်ကြရာ ကျွမ်းကျွမ်းကျင်ကျင်ကြီး မဟုတ်သော်လည်း သေသေသပ်သပ်ကား လုပ်နိုင်ကြပါသည်။

ကိုယ့်အပင်ကလေးတွေကို ကိုယ့်ပန်းအိုးထဲမှာ အသေအချာ စိုက်ပြီးနောက် ရေပန်းခရားကလေးများဖြင့် ရေလောင်းကြရပါသည်။
ထို့နောက် ဆရာမတို့က ကလေးများ၏လက်ကို ဆပ်ပြာဖြင့် စင်ကြယ်စွာဆေးကြောသန့်စင်ပေးခြင်း။
“နောက်နေ့ကစပြီး ကိုယ့်အပင်ကို ကိုယ်ရေမှန်မှန်လောင်းရမယ်နော။ ဘယ်သူ့အပင် သန်သလဲဆိုတာ စောင့်ကြည့်ကြရအောင်”
ကလေးတို့က ဟုတ်ကဲ့ဆရာမ ဟု ပြိုင်တူအော်ဟစ်ကြရာ ကျွန်တော် ပြုံးနေမိပါသည်။

ကိုယ့်အပင်ကလေးကို ကိုယ်အရိပ်တကြည့်ကြည့်ကြည့်နေရာက မြတ်နိုးတွယ်တာသော စိတ်ကလေးဝင်သွားကာ ယင်းမှတစ်ဆင့် ရှေ့သို့ဆက်၍
ဆက်၍ တက်သွားပြီး ကိုယ့်တော ကိုယ့်တောင် ကိုယ့်ကန် ကိုယ့်ကျောင်း ကိုယ့်ချောင်း၊ မြောင်းများနှင့်တကွ ကိုယ့်ပတ်ဝန်းကျင်အလှကို
ချစ်သွားအောင် ပျိုးထောင်ပေးခြင်း ဟု နားလည်ရပါသည်။

(သုံး)

ယနေ့ခေတ် ပညာရေး၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ပညာရပ်တစ်ခုအဖြစ် သဘောထားလာကြပြီး အခြေခံပညာသင်ရိုးများ၌ပင်
ထိုက်တန်သမျှ ထည့်သွင်းလာကြကာ ဘွဲ့ကြိုဘွဲ့လွန်များအထိ ကမ္ဘာကျော်တက္ကသိုလ်ကြီးများက ပေးအပ်နေကြပြီဖြစ်ကြောင်းကို အများအသိပင် ဖြစ်ပါသည်။

ကိုယ့်မြေကိုယ့်ရေကို ချစ်ခင်၊ ချစ်ခင်တော့မှ ထိန်းသိမ်း၊ ထိန်းသိမ်းတော့မှ စောင့်ရှောက်မြဲဖြစ်ရာ ချစ်ခင်ခြင်းသည် အခြေခံစိတ်ဖြစ်သည့်အတွက်
ထိုစိတ်ကို အမိန့်အာဏာနှင့် လုပ်ဆောင်၍ မရပါ။

သည်တောကို ချစ်စေ၊ သည်တောင်ကို မြတ်နိုးစေ၊ သည်ပန်းကို တန်ဖိုးထားစေ၊ သည်ကမ်းခြေနဲ့သည်မြစ်ကြီးကို ခင်တွယ်စေ၊ ပုံဘယ်သူဘယ်ဝါ
ဘာညာ လုပ်၍ မရနိုင်ပါ။ ချစ်တတ်သော ခံစားမှု နှလုံးသားထဲ၌ အခြေတည်မိသွားအောင် ပျိုးထောင်ပေးရခြင်း ဖြစ်ပါသည်။

ချယ်ရီပန်းပွင့်တာများ ရေးကြီးခွင်ကျယ်လုပ်ပြီး ဂျပန်နိုင်ငံတော် မိုးလေ၀သနှင့် ဇလဗေဒ အေဂျင်စီက အမိန့်ထုတ်ပြန်ရလေသတဲ့ဟု
အပြစ်တင်မစောကြစေလိုပါ။

ချယ်ရီကို ချစ်စိတ်နှင့်အတူ ဂျပန်အမျိုးသားတို့ သူတို့ဂျပန်ကိုချစ်သော စိတ်အလွန် အင်အားကြီးမားခိုင်ခံ့လှကြောင်း ကမ္ဘာက အသိအမှတ်ပြုထားကြပြီး ဖြစ်ပါသည်။

ကျွန်တော်တို့၏ ကျောင်းသင်ခန်းစာများထဲ၌ အမှတ်ရရန်မျှသာမဟုတ်ဘဲ ကိုယ့်ရပ်ဌာနေကို ချစ်စိတ်ဝင်လာဖို့ ပျိုးထောင်ပေးသော စာတွေ့လက်တွေ့သင်ခန်းစာများ ပါဝင်လာရန် လိုအပ်လှပါသည်။

မည်သူ့အမိန့်ကြောင့်မှ မဟုတ်ဘဲ တောကြီးတွေကို ချစ်သောစိတ်၊ တောင်ကြီးတွေကို ခင်သောစိတ်၊ မြစ်ကြီးတွေကို မြတ်နိုးသောစိတ်၊ ပင်လယ်ကမ်းခြေကြီးတွေကို ခင်တွယ်သောစိတ်၊ ကျွန်တော်တို့၏ ငှက်ကလေးများ၊ ထို့နောက် ပန်းကလေးများ၊ ထို့နောက် လက်ကွင်းပြင်များ
အားလုံး အားလုံးကို တပ်မက်သောစိတ်တို့ကို လူငယ်ထု၏ ရင်ထဲသို့ အနုပညာမြောက်စွာ ထည့်သွင်းပေးလိုက်မှသာ သည်မြေနှင့် သည်ရေက ကမ္ဘာ ကမ္ဘာအဆုံး ရပ်တည်သွားနိုင်မည်ဖြစ်ပါသည်။

အော် သူတို့ဆီမှာ ချယ်ရီပွင့်ကြောင်း အစိုးရက သတင်းထုတ်ပြန်ခဲ့ပြီတဲ့ ။ ။

7Day News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis