menu

Friday 2 November 2012

ဘုရင်နှစ်ပါး ရင်မနေရမည့် စိန်ရတုကြိုစစ်ပွဲများ(ခန့်ကျော်ထင်လှိုင်(လွိုင်ကော်))

မြန်မာရာဇ၀င်တွင် အနှစ်လေးဆယ်စစ်ဟု ရှိခဲ့သည်။ မွန်ဘုရင် ရာဇာဓိရာဇ်နန်းတက်သည်ကို မကျေနပ်သော ဦးရီးတော်မြောင်းမြစားလောက်ဖျားက
“အနှစ်ကို ယူပါ။ အကာအခွံကိုပဲ ပေးတော်မူပါ” ဟူသော စကားဖြင့် အင်းဝဘုရင် စွာစော်ကဲထံ အကူအညီတောင်းရာမှ အနှစ်လေးဆယ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အနှစ်လေးဆယ်ဟု လွယ်အောင်ပြောသော်လည်း တကယ်က

အနှစ်လေးဆယ်မပြည့်ပါ။ ၃၈နှစ်သာ ရှိသည်။ တရစပ်တိုက်ကြခြင်းလည်း မဟုတ်ပါ။
စစ်နားလိုက်၊ စစ်ပြင်လိုက်၊ စစ်တိုက်လိုက် လုပ်ကြခြင်းဖြစ်သည်။ ထိုစစ်ပွဲက မင်းကြီးစွာစော်ကဲ လက်ထက်မှာမပြီး။ သားတော်မင်းဆွေ(ဘုရင်မင်းခေါင်) လက်ထက်မှာ ဆက်တိုက်သည်။ မပြီး။ အင်းဝမင်း သီဟသူလက်ထက်ထိ ဖြစ်သည်။ မွန်ဘုရင် ရာဇာဓိရာဇ်နတ်ရွာစံပြီး ထီးနန်းရေးရာ ရှုပ်ထွေးနေချိန်မှာ ရာဇာဓိရာဇ်၏သမီးတော် ရှင်စောပုကို တစ်မိပေါက်အစ်ကို ဗညားရံက အင်းဝမင်းသီဟသူထံ ဆက်လိုက်မှ စစ်ပွဲပြီးတော့သည်။

ကျွန်တော်သည် ဆရာမကြီး ဒေါက်တာ မတင်ဝင်း၏ ရာဇာဓိရာဇ်ဘုရင်အကြောင်း ဖတ်ရင်းမှ အနှစ်လေးဆယ် စစ်ပွဲဆိုသော စကားလေးကို အထူးသတိပြုမိသည်။ နှစ်ပေါင်းလေးဆယ်ကြာအောင်တောင် တိုက်ကြပါလား။ တယ်ကြာပါလားဟူ၍။ ကလေးတွေကို မြန်မာစာသင်ရင်း အကြောင်းတိုက်ဆိုင်သဖြင့် အနှစ်လေးဆယ်စစ်ပွဲအကြောင်း ရှင်းပြမိသည်။ တပည့်မတစ်ယောက်က “အနှစ်လေးဆယ်ကြာအောင်တောင် တိုက်ကြသလားဆရာ” ဟု မယုံသလိုမေးလာသည်။ “အေးကွ၊ စာထဲမှာတော့ အဲသလို ရေးထားတယ်” ဟု ခပ်ပေါ့ပေါ့ဖြေမိသည်။

အမှန်တော့ ကျွန်တော်ကော တပည့်မပါ ပစ္စက္ခမြန်မာနိုင်ငံ၏ သမိုင်းကို မစေ့ငုမိသောကြောင့် အနှစ်လေးဆယ်စစ်ပွဲကို အံ့သြနေကြခြင်း
ဖြစ်သည်။ တကယ်တမ်းကျ မြန်မာပြည်လွတ်လပ်ရေးရသည့် ၁၉၄၈ ခုနှစ်ကပင် “ဒီလွတ်လပ်ရေးဟာ အတုကြီးကွ” ဆိုပြီး ရောင်စုံလက်နက်ကိုင်
ပုန်ကန်မှုပေါ်လာခဲ့သည်က ယခု၂၀၁၂ ကုန်တော့မည်။ အရှိန်မသေသေး။ တဖြည်းဖြည်းတောက်ဆဲ။ ၁၉၄၈ ခုမှစ၍ ရေတွက်လျှင် ပြည်တွင်းစစ်ဖြစ်ခဲ့တာ ၆၄ နှစ်ရှိခဲ့ပြီ။ အားကစားပြိုင်ပွဲတွေမှာသာ မြန်မာတွေ စံချိန်သစ်မတင်နိုင်တာ၊ မချိုးနိုင်တာရှိမည်။ ပြည်တွင်း စစ်ရှည်ကြာမှု စံချိန်ကိုတော့ မြန်မာက ဘုရင်ခေတ်ကပင် တင်ထားခဲ့သလို ထိုစံချိန်ကို မြန်မာကပင် ပြန်ချိုးထားသည်။ ကောင်းလိုက်တာ။ (စိတ်ပျက်ဖို့)

ပေါ်လစီမှားလို့ နိုင်ငံက နှစ်ပေါင်း ၅၀ ကျော်ကာလမှာ L.D.C (Lowest Development Country) ဘ၀ရောက်ရပါတယ်ဆိုမှ နာတာရှည်စစ်ပွဲက
မြွေပူရာ ကင်းမှောင့်ဖြစ်နေသည်။ သည်ပြည်တွင်းစစ်ကလည်း ပေါ်လစီအမှားကြောင့်လား။ ငါစွဲအတ္တကြီးတာကြောင့်လားတော့ မပြောတတ်။

သေချာတာက စစ်ပွဲဟူသည် ပျက်စီးဆုံးရှုံးမှုကိုသာ ဖန်တီးတတ်ခြင်းပင်တည်း။ “ဘုန်းကြီးသေ၊ ရွာကျေ” ဟု ဆိုကြ၏။ တစ်ခါတစ်ရံမှ ပျံလွန်တော်မူသော ဘုန်းကြီးကြောင့် ကျေရမည့် ရွာက တစ်ရွာ နှစ်ရွာသာ။ နှစ်ပေါင်း ၆၀ ကျော် အဆက်မပြတ်နီးပါး ဖြစ်နေသော စစ်ပွဲတွေကြောင့် ကျေရသည်က မြန်မာတစ်ပြည်လုံးဟုဆိုသော် လွန်လွန်းတယ်ပြောကြမလားမသိ။ တကယ်ကြေခဲ့ပါသည်။ လက်ရှိလည်း ကျေနေဆဲပါ။ မတားနိုင်သမျှ ကျေရပါဦးမည်။ သေရပါဦး မည်။

ဘယ်အကြောင်းပြချက်နဲ့ တိုက်တိုက်၊ စစ်ပွဲဖြစ်ပြီဆိုလျှင် နှစ်ဖက်လုံးမှာ ဆုံးရှုံးမှုတွေချည်း ဖြစ်သည်။ အမြတ်ရတာ တစ်ခုမှမရှိ။ အသက်တွေ၊ လက်နက်တွေ ဆုံးရှုံးသည်။ စစ်အသုံးစရိတ်တွေ ကုန်သည်။ ကြားထဲက မြေစာပင်တွေ ဘ၀ပျက်ကြရသည်။

လက်ရှိဖြစ်နေသော ကချင်စစ်ပွဲကိုပင်ကြည့်။ အစိုးရနှင့် ကေအိုင်အေ၊ ကေအိုင်အိုတို့ တိုက်ပွဲများကြောင့် ကိုယ့်အရပ်ဒေသ၊ ကိုယ့်အလုပ်အကိုင်တွေကို ပစ်ခွာပြီး ဘေးလွတ်ရာ ရှောင်တိမ်းထွက်ပြေးရသည့် တိုင်းရင်းသားတွေ သောင်းနှင့်ချီ၍ ရှိနေသည်။ စစ်ပွဲကြောင့် မိဘမဲ့ဖြစ်သွားရသည့် ကလေးတွေ။ အဖိုးတန် အချိန်တွေကို ဒုက္ခသည်စခန်းမှာပဲ အချိန်ကုန်နေရသည့် လူရွယ်တွေ၊ လက်ပြတ်၊ ခြေပြတ် ဒုက္ခိတဖြစ်သွားရသူတွေ အများကြီးပင်။

သည်စစ်ပွဲပြီးသွားသည်ပဲထား။ ကြွေပျက်သွားတဲ့ အသက်တွေ၊ ဆုံးရှုံးသွားတဲ့အချိန်တွေ၊ ချို့တဲ့သွားတဲ့ ကိုယ်လက်အင်္ဂါတွေ၊
နာလန်မထူနိုင်တော့တဲ့ စိတ်ခွန်အားတွေကို ဘယ်သူတွေက ပြန်လျော်ပေးမှာလဲ။

အစိုးရလား။ ကေအိုင်အေလား။ သေချာသည်က နိုင်ငံသားချင်းတိုက်နေသော ထိုစစ်ပွဲများကြောင့် မြန်မာနိုင်ငံ၏ ဆုံးရှုံးမှုကြီးမားလှ၏။ လျော်ပေးလို့ကော ရပါသလား။ သေချာစဉ်းစားကြစေလိုပါသည်။ အရင်းကြီးပြီး အရှုံးများတဲ့ သည်လိုစစ်ပွဲတွေ အချိန်မဆိုင်းရပ်သင့်ပါပြီ။

ဂျာနယ်တစ်စောင်မှာ ဖတ်ရသည်။ မြန်မာပြည်၏ အသုံးစရိတ်ရာနှုန်းတွေ တွက်ပြထားတာ စစ်အသုံးစရိတ်က ၄၉ ရာခိုင်နှုန်းတဲ့။
ပညာရေးအသုံးစရိတ်က ၄ ရာ ခိုင်နှုန်းတဲ့။ “လင်သေရာ မငို၊ ဟ၀ှါပေါ်ရာငို” ဆိုသလို လူ့စွမ်းအား အရင်းအမြစ် (Human Resour-ces) ဖြစ်ထွန်းရေးအတွက် မြှုပ်နှံရမည့် ပညာရေးအသုံးစရိတ်က စစ်အသုံးစရိတ်၏ အစွန်းထွက်ပင်မရှိ။ အချုပ်အခြာအာဏာပိုင်စိုးရေးအတွက် စစ်တိုက်ရပါတယ် ဆိုပေမယ့် တိုက်နေကြသူတွေက ကိုယ့်တိုင်းရင်းသားအချင်းချင်းတွေ။ နိုင်လည်း ရှုံး၊ ရှုံးလည်းရှုံးဆိုသည့် စစ်ပွဲများပင်။

ကျွန်တော် ကယားပြည်နယ်ကို ရောက်စ ၁၉၈၃ ကာလမှာ ပြည်နယ်က မငြိမ်းချမ်းသေး။ နေ့ မှာ ဒုန်းဒုန်း၊ ညမှာ ၀ုန်းဝုန်း ဖြစ်နေချိန်။ လုံခြုံရေး အကာအကွယ်မဲ့သည့် ရွာတွေမှာ တထိတ်ထိတ် တလန့်လန့် နေခဲ့ရ၏။ ရွာသားအားကိုးဖြင့် နေခဲ့ရသည်။ ညနေမှောင်မှာ ကြောက်နေမိသည်။ ဘယ်အချိန်များ ကိုယ့်လည်ပင်း လာဖြတ်မလဲ စိုးရွံ့နေရ၏။ ကိုယ်တစ်ဦးတည်း ကြောက်နေတာမဟုတ်။ ရွာသားအားလုံးလည်း ထိုနည်းတူ။
သူတို့ဘ၀က တကယ်သနားစရာကောင်းလှသည်။ ဆူးကြားက ဗူးသီးတွေ။ စစ်တပ်လည်း လန့်ရ၏။ တောဘက်ကိုလည်း ကြောက်ရသည်။
တကယ့်ကို ကိုယ်ပိုင်ဘ၀ ပျောက်ဆုံးနေသူများပါ။

ယခုတော့ ကယားတို့ဌာနေ ငွေတောင်ပြည်က ငြိမ်းချမ်းခဲ့ပြီ။ အကြွင်းအကျန်၊ အကပ်အသတ်လေးတော့ ရှိသပေါ့။ သို့သော် နေရာအများစု ငြိမ်းချမ်းခဲ့ပြီ။ အမှန်တော့ ကယားပြည်နယ်က အစကပင် ဆင်းရဲပါသည်။ လူဦးရေကလည်း ယခုလက်ရှိအနေအထားမှာပင် သုံးသိန်းကျော်မျှသာ ရှိသည်။ လူနည်း၊ ငွေမဲ့ပြည်နယ်ပါ။ ယခုလည်း ချို့တဲ့နေဆဲ။ သို့သော် ငြိမ်းချမ်းရေးရလာပြီး နောက်ပိုင်းမှာ ကုန်စည်ကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးကာ လူများစု နေနိုင်၊ စားနိုင်ဖြစ်လာသည်။ လူတိုင်းစိတ်အေးချမ်းသာ ဖြစ်လာကြသည်။ ဒါငြိမ်းချမ်းရေး၏ အရသာပါ။

မြတ်စွာဘုရားက “ရန်မလိုသော် ရန်ပြို၏။ ရန်လိုသော် ရန်လို၏” ဟု ဟောခဲ့၏။ ရန်လိုနေသမျှ ထိုစစ်ပွဲ၊ ထိုပဋိပက္ခ မငြိမ်းနိုင်။
ပြဿနာနိုတစ်ခုကြုံရပြီဆိုလျှင် စနစ်တကျ ခွဲခြမ်းစိတ်ဖြာကြည့်ဖို့လိုသည်ဟု ထင်၏။ ယခုစစ်ပွဲ ကိစ္စကိုပင်ကြည့်။ ထွက်လာမည့် ရလဒ်(သို့) အကျိုးအမြတ် ဘာလဲ။ ပျက်စီးဆုံးရှုံးမှုတွေချည့်ပင်။ တစ်ခါတလေကျ “ငါးသိုင်းများဟင်း" ဟု ဆိုသလို အကာတွေကများပြီး အနှစ်ကဘာလဲမသိတော့တာမျိုးလည်း ရှိတတ်သည်။ ဥပမာ ပညာရေးကိုကြည့်။ စာမေးပွဲစနစ်ကို တိုက်ဖျက်ရင်း စာမေးပွဲတွေ ပိုများလာသည်။ ဆရာ၊ ဆရာမတွေ လက်မလည်အောင်စစ်ရင်း ကလေးတွေ စာတတ်ဖို့၊ အရည်အသွေးရှိဖို့ လုပ်တာဆိုသော မူရင်းရည်ရွယ်ချက်ကို
မေ့ကုန်ကြသည်။ ဘာအတွက် သည်စာတွေ စစ်နေရမှန်း မသိတော့။

စစ်ပွဲမှာလည်း သည်ပုံဖြစ်နေသည်။ အနိုင်ရဖို့ ကြိုးစားရင်း အနိုင်ကမရဘဲ နဂိုက သေချာစွာတွေးဆမထားခဲ့သည့် ဘေးထွက်ဆိုးကျိုးတွေထဲမှာပဲ
လည်နေရတော့၏။ သူ့ဘက်ကိုယ့်ဘက် သိက္ခာဆည် စကားလုံးတွေ စစ်ထိုးနေရင်း ကျွဲနှစ်ကောင်ကြားက မြေစာမြက်တို့ဘ၀ ကျေပျက်မှု များလှပေပြီ။ တိုင်းပြည်အတွက်လည်း ဆုံးရှုံးမှုက ကြီးလှပေပြီ။

ယခုဆို ၂၀၁၂ ကုန်တော့မည်။ မြန်မာပြည်၏ ပြည်တွင်းစစ်သက်တမ်းလည်း ရွှေရတုကျော်၍ စိန်ရတုကို မျှော်နေလေပြီ။ ပျော်စရာမရှိသည့် ဂုဏ်ယူဖွယ်ရာ မရှိသည့် ရတုများပါ။ကျွန်တော်တို့ ပြည်သူများက သည်လိုရင်နာရသော ရတုများကို မကြုံချင်ပါ။

ခုနေများ ဘုရင်မင်းခေါင်နှင့် ဘုရင်ရာဇာဓိရာဇ်တို့များ ရှိနေသေးခဲ့ရင် “ငါတို့ မှတ်တမ်းကို ဖျက်ချိုးပစ်တဲ့ ခေတ်သစ်စစ်ပွဲကြောင့် နောင်ဆိုသမိုင်းမှာ
ငါတို့တွေ နေရာလေးမှ ရပါဦးတော့မလား” ဟု စိုးရိမ်မကင်း သက်ပြင်းတွေ တချချ ဖြစ်နေကြလိမ့်မည်ဟု ထင်မြင်မိပါသည်။ ။

7Day News Journal 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis