menu

Tuesday 16 October 2012

လယ်တီ ဆရာတော် ကျောင်းဆောင်ကို ဖျက်စီးခဲ့ခြင်း မရှိကြောင်း ဝမ်ပေါင်နှင့် ဦးပိုင် ငြင်းဆို

မုံရွာမြို့ တစ်ဖက်ကမ်း၊ ဆားလင်းကြီး မြို့နယ်ရှိ လယ်တီဆရာတော် ဘုရားကြီး သီတင်း သုံးခဲ့သည် ဆိုသော ကျောင်းဆောင်နှင့် စေတီတစ်ဆူကို ကြေးနီထုတ် လုပ်ခွင့်ရ စီမံကိန်း လုပ်ကိုင်ခွင့် ရရှိထားသော မြန်မာ ဝမ်ပေါင် ကုမ္ပဏီက မိုင်းခွဲ ဖျက်စီးခဲ့ခြင်းမှာ မှန်ကန်မှု မရှိကြောင်း မြန်မာစီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့က ငြင်းဆို ပြောကြားသည်။


အဆိုပါ ကုမ္ပဏီများက ဆရာတော် ဘုရားကြီး၏ ကျောင်းဆောင်နှင့် စေတီတို့ကို မိုင်းခွဲခဲ့ကြောင်း ပြည်ပ သတင်း မီဒီယာဖြစ်သည့် DVB သတင်းဌာနက အောက်တိုဘာလ ၉ ရက်နေ့က ထုတ်လွှင့်ခဲ့မှုနှင့် ပတ်သက်၍ ခြောက်မိုင်ခွဲ ရှိ မြန်မာယန်စီနှင့် မြန်မာဝမ်ပေါင် ကြေးနီ ထုတ်လုပ်ရေး ရန်ကုန်ရုံးတွင် ယခုလ ၁၅ရက်နေ့ ပြည်တွင်းပြည်ပ မီဒီယာများသို့ အထက်ပါ အတိုင်း တွေ့ဆုံ ပြောကြားခြင်း ဖြစ်သည်။

မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နှင့် မြန်မာဝမ်ပေါင် ကုမ္ပဏီတို့ အနေဖြင့် ဗုဒ္ဓဘာသာများ၏ သာသနာ့ အဆောက်အအုံ များကို ပြောင်းရွှေ့ စေရာတွင် သက်ဆိုင်ရာ သံဃာ့နာယက အဖွဲ့ထံတင်ပြပြီး မှသာ ရွှေ့ပြောင်းပေးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ပြောကြားချက် အရ သိရသည်။

"DVB က အသံ လွှင့်သွားတဲ့ပုံက ကျွန်တော်တို့ကို ဘာသာရေးနဲ့ ရန်တိုက်ပေးလိုက်တဲ့ သဘော ပဲ"ဟု မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက် လက်ပန်တောင်းတောင် ကြေးနီထုတ်လုပ်ရေး စီမံကိန်းမှ စီမံကိန်း ဒါရိုက်တာ ဦးမောင်မောင်တင်က ပြောဆိုသည်။

မြန်မာဝမ်ပေါင် ကြေးနီထုတ်လုပ်ရေး ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာမစ္စတာ အိုင်ရီက "ဒီသတင်းကြောင့် ကျွန်တော်တို့ ကုမ္ပဏီရဲ့နာမည်ကို ထိခိုက် ပါတယ်။ ဒါကို ကျွန်တော်တို့နဲ့ လက်တွဲ လုပ်ကိုင်နေတဲ့ ဦးပိုင်ကလည်း အလေးထား ဆောင်ရွက် နေပါတယ်"ဟု ထောက်ခံ ပြောဆိုသည်။

အဆိုပါ လယ်တီဆရာတော် ဘုရားကြီး သီတင်းသုံးခဲ့သည် ဆိုသော ကျောင်းဆောင်နှင့် စေတီတို့ကို မိုင်းခွဲ ဖျက်စီးခဲ့သည် ဆိုသော သတင်းတွင် ဝက်မှေးရွာဟောင်း မှ ရွာသားတစ်ဦး ဖြစ်သည့် ကိုဇော်ဦး၏ ပြောဆို ချက်နှင့် မိုင်းခွဲနေသော နေရာရိုက်ကွင်းနှင့် စေတီတည်ရှိရာ နေရာရိုက်ကွင်း တစ်ခုစီကို သတင်းတွင် ပေါင်းစပ် ရိုက်ပြခဲ့ခြင်းကြောင့်  နားလည်မှု လွဲသွားခြင်းသာ ဖြစ်ကြောင်း DVB အသံလွှင့်ဌာနမှ သတင်းထောက် ဦးအောင်ဇော်မိုးက ရှင်းလင်းပြောဆိုသည်။

ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ပဠိပက္ခများ ဖြစ်ပွားနေသော လက်ပန်းတောင် ဒေသရှိ ကျေးရွာ များမှ တောင်သူများနှင့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် တို့က ဆားလင်ကြီးမြို့နယ် ရဲစခန်းတွင် အပြန်အလှန် အမှုဖွင့် တိုင်ကြားမှု များလည်း ရှိနေသည်။ (သတင်းဖေါ်ပြပြီး The Voice Weekly Vol.8/No.41)

ယင်းသို့ ပဋိပက္ခများ ဖြစ်ပွားနေသော လက်ပန်းတောင်းတောင် ဒေသရှိ ကျေးရွာ များမှ ဒေသခံများ ၏ ရေရှည် ဘဝ အာမခံချက် မရှိခြင်း၊ သဘာဝပတ်ဝန်းကျင် စည်းမျဉ်းစည်းကမ်း များကို လိုက်နာမှု အားနည်းခြင်း တို့ကြောင့် အဆိုပါ စီမံကိန်း ကို ရပ်ဆိုင်းရန် ဒေသခံများက တောင်းဆိုနေချိန်တွင် သမ္မတကြီး၏ ခွင့်ပြုချက်ဖြင့် ပြန်လည် သုံးသပ်နိုင်ပြီး ရုပ်သိမ်းနိုင်ကြောင်း သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်းက အမေရီကန်ပြည်ထောင်စု နယူးယောက်မြို့တော်တွင် ပြုလုပ်သည့် မြန်မာ မိသားစု များနှင့် တွေ့ဆုံပွဲ တွင် ပြောကြား ခဲ့သည်။

The Voice Weekly

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis