menu

Wednesday 19 September 2012

တစ်နှစ်တာအတွက် အကောင်းဆုံးပရိတ်သတ် (Fan Of The Year)(လင်းနစ်)



ကယောင်ကတမ်းအော်ဟစ်ရင်း သူလန့်နိုးလာခဲ့သည်။ တစ်ကိုယ်လုံး ချွေးတွေစိုရွှဲနေပြီး ရင်တွေလည်း တစ်ဒိန်းဒိန်းခုံနေသည်။ နောက်တော့ အိပ်မက်ဆိုး မက်နေရာမှ သူလန့်နိုးလာခြင်း ဖြစ်ကြောင်းသိလိုက်သည်။ အိပ်မက်ထဲတွင် သူ အဆိုတော်တစ်ယောက်ဖြစ်နေသည်။ “ဘုရား ဘုရား တော်ပါသေးရဲ့ ဒါဟာအိပ်မက်တစ်ခု ဖြစ်နေလို့…” ဟု သူရေရွှတ် မိသည်။ ဒီလိုခေတ်ကြီးထဲမှာ အဆိုတော်ဖြစ်ရခြင်းဟာ အိပ်မက်ဆိုးတစ်ခုပင် မဟုတ်ပါလား။


အခန်း(၁)


သူအိမ်ကထွက်သည်နှင့် ထုံးစံအတိုင်း ကင်မရာတဖျပ်ဖျပ်ဒဏ်ကို စတင်ခံစားရပြီး သူ့ကိုအချိန်ပြည့် စောင့်ကြည့်နေကြသော (ပါပါရာဇီ)သတင်းသမားတစ်သိုက်ကို ရင်ဆိုင်လိုက်ရသည်။
“ အစ်ကို ခုလတ်တစ်လောနားထောင်ဖြစ်နေတဲ့ အခွေလေးတစ်ဆိတ်လောက်”
“ ပြည်ပခရီးစဉ်တွေရော သွားဖို့အစီအစဉ်ရှိလား ”
“ အစ်ကိုရဲ့ အချစ်ရေးကိုလည်း အဆိုတော်တွေက သိချင်နေကြတယ် ”
စသော ထူးမခြားနားမေးခွန်းများကို သူကလမ်းလျှောက်ရင်းဖြေကြားလာခဲ့သည်။ သတင်းသမားတွေ ကသာ ကင်မရာတွေ၊ရီကော်ဒါတွေ တစ်ကားကားနှင့် သူ့နောက်ကသောကမြောပြေးလိုက်ရင်း သတင်းရရှိရေး အတွက် ကြိုးပမ်းနေကြသည်။


“ ဒီနှစ်အတွက်အတွက် အကောင်းဆုံးပရိတ်သတ်အဖြစ် အစ်ကိုရမယ်လို့ အားလုံးက ထင်ကြေးပေးနေကြတယ် အဲဒီအပေါ်မှာ အစ်ကိုရဲ့သဘောထားလေး တစ်ဆိတ်လောက်”
သတင်းထောက်တစ်ယောက်၏ မေးခွန်းကြောင့် လမ်းလျှောက်နေရာမှ သူခေတ္တရပ်သွားသည်။ အားလုံးကလည်း သူ၏အဖြေကို တိတ်ဆိတ်စွာစောင့်နေကြသည်။
“ ဒါကတော့ ပွဲပြီးသွားမှသိရမှာပေါ့ဗျာ… ကံ နဲ့လည်းဆိုင်ပါတယ်
ဒါဟာမလွယ်ကူတဲ့ ကိစ္စဆိုတာ ခင်ဗျားလဲသိပါတယ် ”
ဒီမေးခွန်းကိုနောက်ဆုံးဖြေကြားပြီး သူဆက်လက်ထွက်ခွာခဲ့သည်။ သတင်းသမားတွေက ခေတ္တမျှ လိုက်ပါလာကြသေးသော်လည်း နောက်တော့ သူဘာမှတုံ့ပြန်ဖြေကြားတော့မည် မဟုတ်ကြောင်း သိသွားပြီး ပြန်လှည့်သွားကြလေတော့သည်။



လမ်းတစ်လျှောက်တွင်လည်း သီချင်းခွေ ကြော်ငြာဝေနေသော အဆိုတော်လေးများကို ငြင်းဆန်ရင်း ရှောင်ရှားရင်း သူအတွေးနယ်ချဲ့လာခဲ့သည်။ သူတို့အဖိုးတွေခေတ်က လမ်းဘေးမှာရောင်းသော ခိုးကူးခွေ ဆိုတာရှိဖူးကြောင်း။ အဲဒီခိုးကူးခွေဖမ်းဖို့ရာ ဂီတအစည်းအရုံးကိုပင် အသစ်ဖွဲ့စည်းရကြောင်း တွေးမိကာ တစ်ယောက်ထဲပြုံးလာမိသည်။ ဟုတ်တယ်လေ ခုနေတွေးတော့ ရယ်ချင်စရာ။ သူတို့ခေတ်မှာ….
သူတို့ခေတ်မှာ ခိုးကူးဆိုတာ မရှိတော့။ လမ်းထောင့်တွေမှာ၊ ကားဂိတ်တွေမှာ၊ လူစည်ကားရာနေရာ တွေမှာ အဆိုတော်တွေကိုယ်တိုင် အခွေတွေ ဝေနေပြီ ဖြစ်သည်။ Music Corner ဆိုသည့် အခမဲ့ သီချင်းခွေ ဆိုင်လေးတွေလည်း နေရာအနှံ့မှာရှိသည်။ ရှော့ပင်းမော(Shopping Mall)တွေ၊ ဈေးဝယ်စင်တာကြီးတွေမှာ လည်း အခမဲ့ရယူနိုင်သော သီချင်းခွေတွေအပြည့်ရှိသည့် အလွှာတစ်လွှာပါရှိမြဲ။ ထိုအလွှာသည်လည်း စင်တာ တစ်ခုလုံးတွင် အဓိကဝင်ငွေရှာပေးသောနေရာဖြစ်သည်။ အခမဲ့ပေးနေသည့်နေရာက အဓိကဝင်ငွေ ရှာပေး သည့် နေရာဖြစ်သည်ဟု ဆိုလိုက်ခြင်းကြောင့် မိတ်ဆွေနားမရှင်းဖြစ်သွားပါလိမ့်မည်။ ရှင်းပါဦးမည်။ သီချင်းခွေ တွေကို ပရိတ်သတ်တွေက အခမဲ့ရယူနိုင်သော်လည်း ထိုကဲ့သို့ အခမဲ့ရယူနိုင်ရန် တင်ထားပေးခြင်းအတွက် စင်တာတွေကို အဆိုတော်တွေက ပိုက်ဆံပေးရပါသည်။ ပရိတ်သတ်တစ်ယောက်ယောက်က ယူမသွားမချင်း (သို့) အဆိုတော်ကိုယ်တိုင်က လာမသိမ်းမချင်း အခွေပိုင်ရှင်မှ စင်တာသို့ ပိုက်ဆံပေးရသည်။ (အွန်လိုင်းဘဏ် အကောင့်တွေနှင့် ချိတ်ဆက်ထားပြီးထိုအထဲမှဖြတ်ခြင်းဖြစ်သည်။)



ပိုက်ဆံမတတ်နိုင်သော အဆိုတော်လေးတွေ ကတော့ အစောကပြောသလို လမ်းဘေးမှာဝေခြင်း (ခေတ်မမီတော့သည့်နည်းဖြစ်သည့်) အင်တာနက်တင်ခြင်း စသည်တို့လောက်သာ ပြုလုပ်နိုင်ပြီး ပိုက်ဆံအနည်းငယ်တတ်နိုင်သူများက Music Corner ဆိုင်လေးများတွင် တင်ကြသည်။ စင်တာများတင်ရန်မှာမူ ငွေကုန်ကြေးကျ အတော်များသောကြောင့် အဆိုတော်များထဲမှ ၃၈% လောက်သာ တင်နိုင်ကြောင်း စစ်တမ်းများအရသိရသည်။ အစပိုင်းက အိမ်တိုင်ရာရောက် အခွေလိုက်ဝေသော အဆိုတော်များရှိခဲ့သော်လည်း ပရိတ်သတ် အခွင့်အရေးဆိုင်ရာ ဥပဒေများ ပြဌာန်းပြီးနောက်ပိုင်းတွင် တရားစွဲ ဆိုမှုများ ဖြစ်ပေါ်လာခဲ့ပြီး ထိုစနစ်လည်း ချုပ်ငြိမ်းသွားခဲ့သည်။ ဒီလိုနဲ့ပဲ သူလည်း တွေးရင်း လမ်းလျှောက်ရင်း ခဏလေး အဲ.. ခဏလေးနဲ့ လမ်းထိပ်ကိုရောက်လာသည်။


လမ်းထိပ်ရောက်တော့ ဖြတ်သွားသော တက္ကစီတစ်စီးကို တားပြီးတက်လိုက်သည်။ ကားထဲရောက်မှ သူ့ကို ပြုံးပြနေသော အဆိုတော်သုံးယောက်ကို ကြည့်ပြီး တက္ကစီ မဟုတ်ပဲ ဘတ်စ်ကား ဖြစ်နေမှန်း သိလိုက်ရ သဖြင့် သူနည်းနည်းတော့ စိတ်ရှုပ်သွားသည်။ သို့သော်လည်း သူက ဟန်မပျက်ပြန်၍ ပြုံးပြရင်း နောက်ခန်းတွင် ဝင်ထိုင်လိုက်သည်။ တော်ကြာသူ့ကို မာနကြီးသော ပရိတ်သတ် အဖြစ်နောက်ကွယ်မှာ အပြောခံနေရဦးမည်။ အော်… ပရိတ်သတ်ဖြစ်ရတာ မလွယ်ပါလား ဟု သူ စိတ်ထဲက တီးတိုးရေရွှတ်မိသည်။ (ဒီလို တက္ကစီမှန်း ဘတ်စ်ကားမှန်း မသိတဲ့ကားတွေကို သူတို့ခေတ်မှာ ဗန်းစကားဖြင့် ဘက္ကစီဟုခေါ်လေ့ရှိသည်။ ဒါကလည်း သူတို့အဘိုးတွေလက်ထက်ထဲက အစပြု၍ မြို့သစ်ကို ဆွဲသည့် ဘက္ကစီတွေရှိခဲ့ပြီး နောက်ပိုင်းတွင် ဘက္ကစီ ယဉ်ကျေးမှုထွန်းကားလာခြင်းဖြစ်ကြောင်း ကြားဖူးသည်။)



ထုံးစံအတိုင်း ကားထဲရောက်သည်နှင့် အဆိုတော် သုံးယောက်က (သူနှင့် အနောက်ခန်းတွင် အတူထိုင်နေသော အဆိုတော်နှစ်ယောက်၊ အရှေ့ခန်းတွင် အဆိုတော်တစ်ယောက်) အားရဝမ်းသာဖြင့် အသီးသီးမိတ်ဆက်ကြ သည်။ သူတို့၏ အမည်နှင့်တကွ ထွက်ဖူးသော အခွေတွေ(တစ်ကိုယ်တော်၊ အတွဲခွေ၊ လိုက်ဖ်ရှိုး) စသဖြင့် အပြိုင်အဆိုင်ပြောကြရင်း သူတို့ကို အားပေးရန်လည်း အလုအယက်ပြောကြလေသည်။ သူ့ကလည်း သူတို့ပြောသမျှ နားထောင်ပြုံးပြနဲ့ အင်း လိုက်နေရလေသည်။
“ ကျွန်တော်တော့ အစ်ကို့အားပေးတာခံချင်တယ်ဗျာ.. အစ်ကိုကို စောင့်ကြည့်နေတယ်.. ဒီနှစ်အတွက် အကောင်းဆုံးပရိတ်သတ် အစ်ကိုပဲရမှာ”
“ ဟုတ်တယ်ဗျ ပြီးခဲ့တဲ့အပါတ်က Rock အားပေးတဲ့ပွဲမှာ အစ်ကိုဝတ်လာတဲ့ဖက်ရှင်ရော အားပေးသွားတဲ့ပုံရော မျက်စိထဲကကိုမထွက်ဘူး ”
“ ဒါနဲ့ အစ်ကိုက ခုဘယ်ကိုသွားမှာလဲဗျ ညနေရှိုးပွဲရှိသေးတယ်နော် ” ဘက္ကစီ ဒရိုင်ဘာက မေးသည်။
“ (….)စင်တာကို သွားမလို့ပါ အင်း…ဟုတ်တယ် ညနေတောင် တစ်ပွဲရှိသေးတာပဲ ”
ဘက္ကစီ ဒရိုင်ဘာကလည်း အဆိုတော်ဖြစ်ပြီး ပုဇွန်တောင်FM လိုင်းခွဲ၁၂ တွင်ကြေငြာသော အပေးရဆုံး အခွေတစ်ထောင် စာရင်းတွင် နံပါတ် ၈၉၆ ချိတ်ဖူးကြောင်း ပြောပြရာ ကားပေါ်က အဆိုတော်ငတိလေး သုံးကောင်ခမျာ မျက်လုံးလေးအပြူးသားနှင့် အားအကျကြီး ကျနေလေသည်။ သူတို့ခေတ်မှာ FM လိုင်းတွေက ထောင်ချီရှိနေပြီ ဖြစ်သည့်အပြင် မြို့နယ်အလိုက် FM တွေရော ပိုက်ဆံတတ်နိုင်သည့် အဆိုတော်တွေ တည် ထောင်ထားသော တစ်ကိုယ်တော် FM တွေပါရှိနေပြီဖြစ်သည်။ ဥပမာ- လေထဲဂွမ် FM ၊ တောဝက် FM (ကရင်မကြီးက တောင်းဆိုလို့ သုံးထပ်သားချက်ကျွေးလိုက်ရတယ် ဆိုသည့်သီချင်းကို နှစ်ပုဒ်ခြားတစ်ခါ တစ်နေကုန်လွှင့်လေ့ ရှိသည်။)
“ အစ်ကိုရော ဘယ်တော့လောက် FOF(Fan On FM) အစီအစဉ်မှာ ပြောမလဲဗျ။ အစ်ကိုပြောရင် ကျွန်တော်တို့က ဖုန်းဆက်ဖို့စောင့်နေတာ ”
FOF (Fan on FM) အစီအစဉ်ဆိုသည်မှာ နာမည်ကြီး ပရိတ်သတ်တစ်ဦးဦးက FM တွင် ဖုန်းပြောပေး သည့် အစီအစဉ်ဖြစ်ပြီး အဆိုတော်တွေက အလုအယက်ဖုန်းဆက်လေ့ရှိသည်။
“ အင်း… ကျွန်တော်က အဲ့လောက်လဲ မဟုတ်သေးပါဘူးဗျာ.. အဲဒါက နာမည်ကြီး ပရိတ်သတ်တွေကိုပဲ ခေါ်တဲ့အစီအစဉ်လေ ”
“ ဟာ.. မဟုတ်တာ အစ်ကိုကလည်း ဒီနှစ်ပြိုင်ပွဲပြီးသွားရင် အစ်ကိုကိုခေါ်လိမ့်မယ်ကြည့်နေ.. ခုတောင် အစ်ကို နာမည်တော်တော်ရနေပါပြီဗျာ… ”
ဒီလိုနဲ့ သူသွားလိုသော စင်တာရှေ့သို့ရောက်လာသဖြင့် အဆိုတော်လေးယောက်ကို (ဘက္ကစီ ဒရိုင်ဘာ အပါအဝင်) နှုတ်ဆက်ပြီး ကားပေါ်မှဆင်းလိုက်သည်။ ဘက္ကစီ ဒရိုင်ဘာလေးက စင်တာမှာ သူ့အခွေတင်ထား ကြောင်းနှင့် အားပေးရန် မှာနေသေးသည်။ အော်… အဆိုတော်တွေ အဆိုတော်တွေဟု သူ စိတ်ထဲကရေရွတ် နေမိသည်။



ဟိုခေတ်ကတော့ ဆရာဝန်အဆိုတော်၊ အင်ဂျင်နီယာအဆိုတော်၊ ရုပ်ရှင်မင်းသားအဆိုတော်၊ လူရွှင်တော်အဆိုတော် စသည်ဖြင့် ရှိခဲ့ကြောင်း အဖိုးကပြောပြာဖူးသည်။ (သူ့အဖိုးကိုယ်တိုင်တောင် စာရေး ဆရာအဆိုတော်) သူတို့ခေတ်မှာတော့ လွှတ်တော်အမတ်၊ ဝန်ကြီးမှစ၍ အငြိမ်းစားအဆိုတော်၊ ကုမ္ပဏီပိုင်ရှင် အဆိုတော်၊ မန်နေဂျာအဆိုတော်၊ ဒရိုင်ဘာအဆိုတော်၊ ညစောင့်အဆိုတော်၊ စားပွဲထိုးအဆိုတော်၊ ဆိုက္ကား သမားအဆိုတော်၊ အလှဖန်တီးရှင်အဆိုတော်၊ နတ်ကတော်အဆိုတော် ကုန်ကုန်ပြောရလျှင် မူကြိုကလေးတွေ ပါမကျန် အဖွဲ့ ဖွဲ့ပြီးသီချင်းဆိုနေပြီဖြစ်သည်။ ဟိုတစ်လောက ကြည့်မြင်တိုင်မူကြိုက ကလေးတွေ ဆိုထားသည့် “ချိုချိုဖြတ်လို့ ငိုရတဲ့ည” ဟူသောသီချင်းသည် အတော်လေးပေါက်လိုက်သေးသည်။ ကလေးတွေ ဆိုထားတာ များ ကြိတ်မနိုင်ခဲမရနှင့် ခံစားမှုအပြည့်ပါသည်။ ( ဒီသီချင်းကို ကောင်လေးတွေက သူတို့ကောင်မလေးတွေကို ဆိုပြလေ့ရှိကြပြီး သူတို့ဆိုပြသည့်အခါတွင်မူ ကြိတ်မနိုင်ခဲမရ ခံစားမှုပိုပါလာသည်။) အဲဒီလောက်ကို အဆိုတော် ဆိုတာတွေ ပေါများနေသောခေတ်ဖြစ်သည့်အတွက် ရှားရှားပါးပါးဖြစ်နေတဲ့ ပရိတ်သတ်ဆိုတာ celebrity ခေါ် ထင်ပေါ်ကျော်ကြားသူများ ဖြစ်နေရခြင်းဖြစ်သည်။



“ဘာလို့ အဆိုတော်တွေ ဒီလောက်များလာရတာလဲ အဖိုး” ဟု သူငယ်စဉ်က မေးကြည့်ဖူးသည်။ ထိုစဉ်က အဖိုးသေချာရှင်းပြခဲ့သော်လည်း Home Studio, Fruity Loop, Melodyne, Auto-Tune စသော စကားလုံးတွေကို သူနားမလည်ခဲ့။ ခုတော့ ထိုအကြောင်းတွေပြောလျှင် မျက်လုံးတို့အရောင်ဖျော့ကာ မှိုင်တွေ ငေးမောသွားလေ့ရှိသော အဖိုး၏ ခံစားချက်ကို နားလည်သွားပြီဖြစ်သည်။ သို့သော် စက်ဖြင့်ပြင်ထားသော အသံများနှင့် စက်ပြင်အဆိုတော်ဘဝကို ဘာကြောင့် အရူးအမူးလိုချင်နေကြမှန်းကိုတော့ ယခုထိ သူလုံးဝ နားမလည်နိုင်။ ထားပါလေ…ဒါက သူတို့ကိစ္စပဲဟု အတွေးကိုဖြတ်လိုက်ပြီး လိုအပ်သည့် ပစ္စည်းများကို စဉ်းစား ရင်း ဈေးဝယ်ဖို့ကိုသာ အာရုံစိုက်လိုက်လေတော့သည်။
ဒီလိုနဲ့ Music Floor ကိုရောက်လာတော့ အခွေလာတင်သော အဆိုတော်ကောင်မလေးတစ်သိုက်နှင့် သွားတိုးလေသည်။ အဆိုတော်မလေးတွေက သူ့ကို လက်မှတ်ဝိုင်းထိုးခိုင်းကြ၊ ဓါတ်ပုံတွဲရိုက်ကြ နှင့် ပျော်မြူး နေလေတော့သည်။ ထို့နောက် သူတို့အဖွဲ့က မိန်းကလေး ၃၇ယောက်နှင့် ဖွဲ့စည်းထားသော 37 Angels ခေါ် Girl Band ဖြစ်ကြောင်း၊ ၃၇မင်းဟု ဘာသာပြန်မမှားစေကြောင်း၊ သူတို့အားလုံးက အထက်တန်းကျောင်းသူ တွေဖြစ်ကြောင်း၊ သူတို့အခွေမှာ ခဲခြစ်ကံစမ်းမဲပါကြောင်း၊ အထူးဆု အနေဖြင့် သူတို့ ၃၇ယောက်နှင့် ငပလီသို့ ခရီးသွားခွင့်ဖြစ်ပြီး တစ်ယောက်ချင်းစီရဲ့ နာမည်တွေလည်း ထည့်ပေးထားပြီး ပေါက်ခဲ့ရင်တော့ ထိုနာမည် ပိုင်ရှင်နှင့် သီးသန့် ညစာစားခွင့်ရမည်ဖြစ်ကြောင်း စသဖြင့် ကြေငြာကြလေတော့သည်။ အဆိုတော်မလေးတွေ ကို သနားသော်လည်း တစ်ခြားအဆိုတော်တွေ ပြောစရာဖြစ်သွားမည်စိုးသဖြင့် “ နောက်တစ်ခါ လာတော့ အားပေးမယ်နော် ” ဟုပြောပြီး အလိမ္မာနည်းဖြင့် ငြင်းပယ်လိုက်ရလေသည်။

အချိန်သည်အရာအားလုံးကို ပြောင်းလဲစေခဲ့သော်လည်း မပြောင်းလဲပဲကျန်နေသည်ကား ကံစမ်းမဲပင် ဖြစ်သည်။ သီချင်းခွေတိုင်းလိုလို ကံစမ်းမဲပါသည်။ မော်တော်ကားမှစ၍ တီဗွီ၊ EVD၊ ဟန်းဆက် အစရှိသဖြင့် တတ်နိုင်သလောက်သုံး၍ ပရိတ်သတ်ကို မြူစွယ်ဖျားယောင်းကြသည်။ တစ်ချို့ကတော့ ကံစမ်းမဲ တောင်မလို အခွေယူလျှင် တီရှပ်တစ်ထည်၊ ဘောပင်တစ်ချောင်း၊ ထီးတစ်လက် စသည်ဖြင့် လက်ဆောင်ကို တိုက်ရိုက် ရယူနိုင်သည်။ လောလောဆယ် ခေါင်းလျှော်ရည်ကုန်နေသဖြင့် ခေါင်းလျှော်ရည်လက်ဆောင်ပေးသော အခွေများထဲမှ ကောင်းမယ်ထင်သည့် အခွေတစ်ခွေ ရှာယူလိုက်သည်။ ထို့နောက် ဈေးဝယ်ခြင်းအမှုကို လက်စသတ်ပြီး အိမ်သို့ပြန်လာခဲ့လေသည်။ ညနေပွဲအတွက်ပြင်ဆင်စရာများရှိသေးသည် မဟုတ်ပါလား…။ (အပြန်ခရီးတွင်တော့ တက္ကစီ အစစ်စီးခဲ့ရသဖြင့် သူအတော်လေး ကျေနပ်သွားပါသည်။)


@@@@@@@@@@@@@@@@@@@@@@@

အခန်း(၂)



တန်းစီနေသော လူတန်းကြီးကို ဖြတ်ကျော်၍ ဝင်ပေါက်တည့်တည့်ကို သူလျှောက်သွားလိုက်သည်။ အပေါက်ဝရောက်တော့ လက်မှတ်စစ်နေသော လုံခြုံရေးကောင်လေးက လှမ်းတားပြီး
“ တန်းစီပြီးဝင်ပါ ကျော်မတက်ရပါဘူး”
“ ကိုယ်က ပရိတ်သတ်ပါ ” ဒီတော့မှ သူ့မျက်နှာကို သေချာကြည့်ပြီး
“ ဟာ..အစ်ကို ဝင် ဝင် sorryပါဗျာ သေချာမကြည့်မိလိုက်လို့ပါ… ”
သူလည်း ပြန်ပြုံးပြပြီး ပွဲထဲသို့ဝင်လာခဲ့လိုက်သည်။ တန်းစီနေသော အဆိုတော်တွေက သူ့ကို သတိ ထားမိသွားပြီး ဟေး ခနဲအော်ဟစ်ပြီး ဆူညံစွာပွက်လောရိုက် ကျန်ခဲ့လေသည်။ ထို့နောက် စင်နောက်ဖက်က ပရိတ်သတ်နားနေဆောင် သို့သွားပြီး ပွဲစီစဉ်သူကို သူရောက်ရှိကြောင်းပြောရင်း နှုတ်ဆက်လိုက်သည်။ ဒီပွဲစီစဉ် သူက အလွန်ပါးနပ်သည်။ ကြေးနည်းနည်းဖြင့် ခေါ်လို့ရပြီး လူလည်းပိုစိတ်ဝင်စားလေ့ရှိသည့် သူတို့လို တက်သစ်စ ပရိတ်သတ်တွေကို မြင်တတ်သည်။ ကြေးကြီးပေးပြီးခေါ်ထားသော ဝါရင့်ပရိတ်သတ်ကြီးတွေရော သူတို့လိုတက်သစ်လေးတွေပါ ပါသဖြင့် အဆိုတော် တော်တော်ဝင်သည့်ပွဲဖြစ်သည်။ ဒီနှစ်ပြိုင်ပွဲတွင် ဆုရလျှင် သူလည်း ပရိတ်သတ်ကြေးတက်သွားနိုင်ကြောင်းတွေးနေမိသည်။ ထို့နောက် အခမ်းအနားစတင်ဖို့ ကြေငြာနေ သံ ကြားလိုက်သဖြင့် သူတို့ပရိတ်သတ်တွေ အကုန်လုံး စင်ပေါ်တက်ဖို့ အသင့်နေရာယူလိုက်ကြသည်။ အဆိုတော် အများအပြား ပါဝင်သောအဖွဲ့များ ပေါ်ပေါက်လာသဖြင့် စင်ပေါ်၌နေရာမဆန့်ခြင်း၊ အဆိုတော်များ ကိုယ်တိုင်ကိုက အားပေးနေသော ပရိတ်သတ်များကို သေသေချာချာမြင်လိုကြခြင်း တို့ကြောင့် ပရိတ်သတ် များက စင်မြင့်ပေါ်မှ အားပေးပြီး အဆိုတော်များက စင်အောက်မှာ ဖျော်ဖြေသော ဒီနေ့ခေတ် စင်အောက် ဖျော်ဖြေပွဲပုံစံ အဖြစ် ပြောင်းလဲ လာသည်မှာ ဆယ်စုနှစ်တစ်ခုစာလောက်ပင် ရှိနေပြီဖြစ်သည်။ ထို့နောက် Presenter လုပ်သူက ပရိတ်သတ်တစ်ယောက်ချင်း၏ နာမည်ကိုကြော်ငြာလေတော့သည်။ စင်ပေါ်ကို ပရိတ်သတ်တစ်ယောက်တက်လာလိုက် အောက်ကအဆိုတော်တွေက “ဟေး” ခနဲ အော်လိုက်နဲ့ တစ်ယောက် ခြင်း စင်ပေါ်တက်သွားကြပြီး နောက်ဆုံးသူ့နာမည်ကို ကြော်ငြာလိုက်တော့ “ဟေး” ဆိုသည့် အသံက အားလုံး ထက်ပိုကျယ်လောင်သည် သူထင်လိုက်သည်။ သူ့အားပေးမှုကိုခံလိုသော အဆိုတော် တော်တော်များများ ရှိနေ ပြီဖြစ်သည်။ ထို့နောက် သီဆိုဖို့ အလှည့်ကျတေးသံရှင်ကို မဲနှိုက်ပါတော့သည်။ ပွဲကိုလာသော အဆိုတော်အား လုံး ဆိုခွင့်ရမည် မဟုတ်ပဲ စီစဉ်သူက ပရိတ်သတ်တွေနှင့် ညှိနှိုင်းထားသည့်အတိုင်း အပုဒ် ၃၀ ၊ အပုဒ် ၄၀ စသဖြင့်သာ ဆိုခွင့်ရကြပါသည်။ နာမည်ကြီးပရိတ်သတ်တစ်ချို့ကိုတော့ ပွဲချိန်ပြည့်မငှားနိုင်ပဲ အပုဒ် နှစ်ဆယ်၊ အစိတ်လောက်သာ ငှားထားခြင်းဖြစ်ပြီး ထိုအရေအတွက်ပြည့်လျှင် ဆက်အားမပေးတော့ပဲ သူတို့က ပြန်သွား မည်ဖြစ်သည်။
“ ပထမဆုံး ဖျော်ဖြေခွင့်ရတဲ့ အဖွဲ့ကတော့……. ဈ-မိသားစုပဲ ဖြစ်ပါတယ် ”
စင်ပေါ်က ပရိတ်သတ်တွေက ဟေးဟေး ဟားဟား နှင့် အလိုက်သင့် အားပေးနေကြပြီဖြစ်သည်။ ထို့နောက် အဆိုတော် ၅၉ ယောက်ပါဝင်သော ဈ-မိသားစုဆိုသည့် Hip-Hop အဖွဲ့က စင်အောက်မှာ အစွမ်း ကုန် ဟစ်ကြွေးကြပါတော့သည်။ ဟိုးအရင်တုန်းကတော့ ဘာ Family ညာ Family ဆိုပြီး မှည့်လေ့ရှိကြပြီး မြန်မာစကားသည် နိုင်ငံတကာသုံးဖြစ်လာပြီး နောက်ပိုင်းတွင် မိသားစု ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာ မှည့်ကြခြင်း ဖြစ်သည်။ အမေရိကားမှာတောင် ဆရာဝန် ဒယိုင် နှင့်(Dr.Dre ၏မြေးဖြစ်သူ၊ မြေးအဖိုးနှစ်ယောက်ပေါင်းတော့ ဒရီး ဒယိုင်) တစ်မတ် (50Cent ၏ တူနှစ်ဝမ်းကွဲ) တို့ ပါဝင်သော အဖွဲ့ကိုပင် ဗုံလုံသီး-မိသားစု ဟုမှည့်ထား သည်။ ဒီလိုနဲ့ တစ်ဖွဲ့ပြီးတစ်ဖွဲ့ သီဆိုသွားကြသည်။ ပွဲအလယ်လောက်ရောက်တော့ Rock Band တစ်ခု မဲပေါက်သည်။ Rocker များပီပီ နေရာယူပြီးသည်နှင့် တစ်ပြိုင်နက် တူရိယာများကို အစမ်းသဘောဖြင့် ဝုန်းဒိုင်းကြဲအောင် လက်စွမ်းပြတီးခတ် ကြလေသည်။ ထို့နောက် အားလုံးငြိမ်သွားပြီး Piano Intro လေး ဝင်လာကာ Rock ဂီတ(ဟုအမည်ခံထားသော သီချင်းတစ်ပုဒ်)ကို Rocker ကိုလူချောက အစွမ်းကုန် ငိုချင်းချ ဟစ်ကြွေးလေတော့သည်။ Solo အပိုဒ်ရောက်တော့ ဂစ်တာသမားက ဒေါ်စောရှင်ဖြင့်(Distortion ကိုဆိုလိုခြင်း ဖြစ်သည်)လှိမ့်ကြွေးတော့သည်။ ထိုအချိန်တွင် သူက စင်ထောင့်နားတွင် ကြိုတင်ချထားသော ပန်းစည်းလေး ကိုယူကာ မြှောက်ပြလိုက် သည်။ အဆိုတော်ငတိလေး အားရဝမ်းသာဖြင့် စင်ပေါ်ပြေးတက်လာပြီး သူ့ဆီက ပန်းစည်းကို လှမ်းယူပြီး အောက်ကို တစ်ချက် မြှောက်ပြလိုက်သည်။ ထို့နောက် ခုန်ဆွ ခုန်ဆွဖြင့် စင်အောက်သို့ ပြန်ပြေးဆင်းသွား လေသည်။ Ending ပိုင်း ရောက်တော့ အပြင်းစား ဒရမ်ရိုက်ချက်များဖြင့် ဆူညံပေါက်ကွဲ၍ Rock ဂီတကို အပြီအပြင်ဖော်ကျူးရင်း အဆုံးသတ်သွားလေ၏။



ပွဲပြီးဆုံးသွားတော့ အဆိုတော်တွေက ပရိတ်သတ်တွေနဲ့ ဓါတ်ပုံတွဲရိုက်၊ လက်မှတ်ထိုးခိုင်း၊ ဖုံးနံပါတ် တောင်းနဲ့ တော်တော်ကြာကြာ မပြန်ရသေး။ အိမ်ပြန်ရောက်တော့ တော်တော်ညဥ့်နက်နေလေပြီ။ ပွင့်လင်း ရာသီမို့ထင်သည်။ ဒီရက်ပိုင်း ပွဲဆက်တော်တော် များသည်။ မနက်ဖြန်လည်း တစ်ပွဲရှိသေးသည်။(ဒါကတော့ ပရဟိတပွဲဖြစ်ပြီး သူက မေတ္တာသက်သက်ဖြင့် သွားအားပေးမည်ဖြစ်သည်။) ပင်ပန်းနေပြီဖြစ်သော်လည်း သူတော်တော်နှင့် အိပ်မပျော်နိုင်သေးပဲ ပြိုင်ပွဲအကြောင်း စဉ်းစားနေမိသည်။ မကြာမီ ဖိုင်နယ်ပြိုင်ပွဲကြီးနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရတော့မည်။ တစ်နှစ်တာအတွက် အကောင်းဆုံးပရိတ်သတ်….. ။ ဒီဆုကြီးက သူတို့လို ပရိတ်သတ်တွေအားလုံးရဲ့ အိပ်မက်ပင် မဟုတ်ပါလား…။

@@@@@@@@@@@@@@@@@@@@@@@

အခန်း(၃)



“ အားလုံးပဲ မင်္ဂလာပါခင်ဗျာ… ကျွန်တော်တို့ရဲ့ တစ်နှစ်တာအတွက် အကောင်းဆုံးပရိတ်သတ် Fan Of The Year အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ် ”
ဒီနေ့သည် FOTY (Fan Of The Year) အစီအစဉ်၏ ဖိုင်နယ်ပွဲစဉ်ဖြစ်သည်။ စင်ပေါ်မှာတော့ Presenter ကောင်လေး နှင့် ကောင်မလေးက ပြိုင်ပွဲအကြောင်း၊ သူတို့ဖြတ်သန်းလာပုံ အဆင့်ဆင့်အကြောင်း ပြောရင်း ပွဲကို ပိုမိုသက်ဝင်လှုပ်ရှားအောင် ဆောင်ရွက်နေကြသည်။ ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့် နေမှုတွင်လည်း သူတို့၏ ပြိုင်ပွဲတစ်လျှောက်မှတ်တမ်းများထဲမှ ကောင်းနိုးရာရာ ပြကွက်များကို ပြန်လည် ပြသနေသည်။ ဒီအစီအစဉ်ကို အဆိုတော်အားလုံးနီးပါး စောင့်ကြည့်နေကြပြီး ပြိုင်ပွဲသို့ ကိုယ်တိုင်လာရောက် ကြည့်ရှုကြသော အဆိုတော်များကလည်းမနည်းလှ။ ဒိုင်တွေက အဆင်သင့်နေရာယူထားကြပြီးဖြစ်သည်။ လောလောဆယ် အင်တာနက်မှ မဲပေးထားကြသည့် ရလဒ်တွေတွင်မူ သူအသာစီးရ နေကြောင်းသိထားသည်။



သူ ရင်တွေတစ်ဒိန်းဒိန်းခုန်ပြီး စိတ်လှုပ်ရှားနေသည်။ ဖိုင်နယ်ပွဲစဉ်တွေက ထင်မှတ်မထားတဲ့ ပုံစံတွေ သာ ကြုံတွေ့ရလေ့ရှိကြောင်း သူသိထားသည်။ Hip-Hop ဂီတကို အားပေးရမည်ဟု ကြိုတင်ပြောကြားထား သော်လည်း ဒီလောက်တော့ရိုးစင်းမည်မဟုတ်ဟု သူသိသည်။ 1Generation မှစ၍ ဒီနေ့ခေတ်အထိ အားပေးမှု ပုံစံတွေကို တတ်နိုင်သလောက်လေ့လာထားသော်လည်း စိုးရိမ်စိတ်တို့ ရှိနေဆဲဖြစ်သည်။ ထိုစဉ် ပြိုင်ပွဲစတင်ဖို့ ကြော်ငြာလိုက်ပြီး သူနေရာယူဖို့ ပြင်ဆင်လိုက်သည်။ ပြိုင်ပွဲတွင်တော့ ရှေးရိုးစွဲပုံစံအတိုင်း(Classic Style) စင်မြင့်ဖျော်ဖြေပွဲကို အားပေးရသည့်ပုံစံသာဖြစ်သည်။ ထို့ကြောင့် စင်အောက်က သတ်မှတ်ထားသောနေရာသို့ သွားရောက် နေရာယူလိုက်သည်။ တစ်ဖက်က ပြိုင်ဘက်ကလည်း နေရာယူပြီးဖြစ်သည်။ ဒီနေ့ သတ်မှတ်ထား သောနေရာသည် ခါတိုင်းထက်ပို၍ စင်နှင့်အလှမ်းဝေးနေသည်ကို သူသတိထားမိလိုက်သည်။ သူက ခေါင်းစွပ် အနွေးထည် နှင့် ဘောင်းဘီပွပွကို ဝတ်ဆင်ထားပြီး သူ၏ပြိုင်ဘက်ကမူ စွပ်ကျယ်အနက်အကျပ်နှင့် ဘောင်းဘီ အပွကို ခါးပါတ်ခေါင်းကြီးကြီးဖြင့် ဝတ်ဆင်ထားသည်။ ဦးထုပ်ကိုလည်းတစ်ခြမ်းစောင်း ဆောင်းထားသေးသည်။ “ဖက်ရှင်အရ ငါ့ပုံစံက ပိုမိုက်တယ်”ဟု ကိုယ့်ဘာသာကိုယ်တွေးလိုက်သည်။ ထို့နောက်ပြိုင်ပွဲစတင်ရန် အတွက် အားလုံးကို ခေတ္တမီးအမှောင်ချလိုက်သည်။ စင်ပေါ်၌ ဖျော်ဖြေရန် စက်ရုပ်အဆိုတော် နေရာယူနေပြီဖြစ်ကြောင်း သိသော်လည်း မီးအမှောင်ချထားသဖြင့် ဘယ်သူဘယ်ဝါမှန်း သေချာမမြင်ရ။ FOTY ဖိုင်နယ်ပွဲစဉ်များတွင် ရှေးခေတ်က အဆိုတော်ကြီးများ၏ မူရင်းသီချင်းသံများကိုသာ အသုံးပြုလေ့ရှိပြီး သူတို့နှင့်ပုံစံတူ ပြုလုပ်ထား သော စက်ရုပ်အဆိုတော်များက Play Back ဖျော်ဖြေတင်ဆက်ခြင်းကို အားပေးရခြင်းဖြစ်သည်။



“ အခုဖျော်ဖြေတင်ဆက်မယ့်သူကတော့……….”
Presenter ကောင်လေး၏ ကြော်ငြာလိုက်သံနှင့်အတူ မီးတွေလည်း တပြိုင်တည်း ဖြတ်ခနဲ ပြန်၍ လင်းထိန်သွားသည်။
“ …….” “…….”
အားလုံး အံ့အားသင့်သွားပြီ အာမေဋိတ် ကိုယ်စီပြုမိကြသည်။
“ ဟင်.. ဒါ..ဒါ…..”
“ ဟုတ်ပါတယ် သူပါပဲ ”
ဒိုင်လူကြီးတစ်ယောက်က အထစ်ထစ် အငေါ့ငေါ့ဖြစ်နေသော သူ့ကို ပြုံးပြီးပြန်ပြောသည်။
“ ဒါဆို ကျွန်တော်တို့က…..”
စွပ်ကျယ်အနက်နှင့် သူ၏ပြိုင်ဘက် စကားမဆုံးခင်မှာ တွန်းလှည်းနှစ်စီး တွန်းဝင်လာသည်ကိုတွေ့ရပြီး သူတို့ဘေးနားကို တစ်စီးစီ ရောက်အောင်တွန်းပို့သွားကြသည်။ ထိုတွန်းလှည်းတွေပေါ်မှာ ရေတစ်ဝက်စီဖြည့် ထားသော ရေသန့်ဗူးများ အပြည့်တင်ထားပေးသည်။ သူ့တွန်းလှည်းပေါ်က ရေသန့်ဗူးတွေက အပြာပါတ် ဖြစ်ပြီး ဟိုအနက်ကောင် အတွက်က အနီပါတ် ပတ်ထားသည်ကိုတွေ့ရသည်။ ဒိုင်လူကြီးတွေ မပြောမီကတည်း က ဘယ်လိုအားပေး ရမယ်ဆိုတာ သူတို့သဘောပေါက်သွားသည်။ သို့သော် ဒိုင်တွေက ခါတိုင်းနဲ့မတူသော အမှတ်ပေးစည်းမျဉ်း တွေကို သေချာအသေးစိတ် ရှင်းလင်းပြောကြားသွားကြသည်။ ထို့နောက် တစ်နှစ်တာ အတွက် အကောင်းဆုံး ပရိတ်သတ် FOTY(Fan Of The Year) အစီအစဉ်၏ ဖိုင်နယ်ပွဲစဉ်ကြီး စတင်ပါတော့ သည်။

သီချင်းစဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် စင်ပေါ်က စက်ရုပ်အဆိုတော်က ကခုန်လှုပ်ရှားကာ စတင် ဖျော်ဖြေပါတော့သည်။ စင်အောက်တွင်တော့ သူတို့နှစ်ယောက်က အပြိုင်အဆိုင် အော်ဟစ်လှောင်ပြောင်ရင်း ရေသန့် ဗူးတွေနှင့် စတင်ပစ်လွှတ်ကြပါတော့သည်။



“ ဒေါင် ” “တစ်လုံးတော့ထိပဟ” “အနီပါတ်ကွ”

အနက်ကောင်၏ တတိယမြောက် ရေသန့်ဗူးမှန်သွားခြင်းဖြစ်သည်။ စင်နောက်က LED ဘုတ်ပြားပေါ် တွင် ထိမှန်သောနေရာ၊ ပြင်းအား၊ ရမှတ် စသည်တို့ပေါ်လာသည်။ အနက်ကောင်ဘက်က အဆိုတော်တွေ အော်ဟစ်ကုန်ကြသည်။ သူက ငါလုံးပစ်ပြီး တစ်လုံးမှ မမှန်သေး။ အနက်ကောင်က စွပ်ကျယ်ဖြင့် စိတ်ကြိုက် လွတ်လပ်စွာ လှုပ်ရှားနိုင်သော်လည်း သူ၏ ခေါင်းစွပ်အနွေးထည်ကြီးက ချိန်သားကိုက် လှုပ်ရှားဖို့ အခက်အခဲ တစ်ခုဖြစ်နေလေသည်။ သီချင်းအလယ်လောက်ရောက်တော့ အနီပါတ်က သုံးဗူး၊ အပြာပါတ်က တစ်ဗူးထိထား ပြီဖြစ်သည်။ ပွဲထဲက အဆိုတော်တွေရော တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုနေသော အဆိုတော်တွေ အားလုံး ဟင်ခနဲ ဟာခနဲ ဖြစ်နေကြပြီး ကြိတ်မနိုင်ခဲမရ ဆူညံအော်ဟစ်နေကြသည်။ ဒိုင်တွေကလည်း မျက်တောင်မခတ် စောင့်ကြည့်ရင်း အော်ဟစ်လှောင်ပြောင်မှုပုံစံ၊ လှောင်ပြောင်သည့် စကားလုံးစသည်တို့ကို မှတ်သားပြီး အမှတ်ပေးနေကြသည်။
သီချင်းနှင့်အတူ ပြိုင်ပွဲက တစ်ဖြည်းဖြည်းပြီးဆုံးတော့မည်ဖြစ်သည်။
အဆိုတော်တွေက စိတ်လှုပ်ရှားမှုဖြင့်(တစ်ချက်တစ်ချက်မှလွဲ၍) အသံမထွက်ရဲကြတော့…။
ဒိုင်တွေက မျက်ခြေမပြတ်စောင့်ကြည့် အမှတ်ပေးတုန်း….။
သူကတော့ ခေါင်းစွပ်အနွေးထည်ကြီးအောက်မှာ ချွေးတစ်လုံးလုံးနှင့် ရေသန့်ဗူးတွေပစ်တုန်း….။
ပါးစပ်ကလည်း အဆက်မပြတ် အော်ဟစ်လှောင်ပြောင်တုန်း.…။
စင်ပေါ်က စက်ရုပ်အဆိုတော်ကတော့ ကလို့ ခုန်လို့ကောင်းတုန်း….။
အကြောက်အလန့်မရှိ…. ခံစားချက်မရှိ ဖျော်ဖြေနေတုန်း………………




လင်းနစ်
14.9.2012
PM 2:32
From Facebook

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis