menu

Wednesday 19 September 2012

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ လျှောက်ထားမှု ၆ လကျော်အကြာတွင် ပတ်စ်ပို့ရရှိ




၂၀၁၂ ခုနှစ် မတ်လကတည်းက ပတ်စ်ပို့လျှောက်ထားခဲ့သော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား ၆ လကျော်အကြာ စက်တင်ဘာလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့မှ ပတ်စ်ပို့ထုတ်ပေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား များအဖွဲ့မှ သတင်းရရှိပါသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုစိုးထွန်းက ဦးဆောင်လျှောက်ထား ပေးခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၁၉ ဦး လျှောက်ထားခဲ့ကာ အဆိုပါ ၁၉ ဦးတွင် မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုဇော်သက်ထွေးလည်း ပါဝင်ကြောင်း သိရသည်။

"ကျွန်တော်ဒီနေ့(စက်တင်ဘာလ ၁၉ ရက်) ပတ်စ်ပို့ရုံးကို ရောက်တော့ တာဝန်ရှိသူတစ်ဦးက ကျွန်တော်တို့ ၁၉ ဦးကို ပတ်စ်ပို့ထုတ်ပေးလိုက်ပြီ ဆိုတာကို ပြောတယ်။ လက်ထဲကိုရောက်လာတာတော့ မဟုတ်သေးဘူးပေါ့။ စလစ်ရယ်၊ ပုံစံ (၁၉) ရယ်ပါလာရင် ထုတ်လို့ရပြီလို့ ပြောတယ်။ ၁၉ ယောက်လုံးက တစ်ပြိုင်တည်း လျှောက်ခဲ့တာတော့ မဟုတ်ဘူး။ ၄ လကျော်၊ ၅ လကျော်၊ ၆ လကျော်တဲ့သူတွေရှိတယ်။ အနည်းဆုံးတော့ လေးလကျော်ပြီးတဲ့ သူတွေချည်းပဲ'' ဟု ဦးဆောင်လျှောက်ထားခဲ့သူ ကိုစိုးထွန်းက ပြောပါသည်။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကိုမူ လွန်ခဲ့သည့် နှစ်ပတ်ခန့် ကတည်းက ပတ်စ်ပို့ထုတ်ပေးခဲ့သော်လည်း အတူလျောက်ထားသူအားလုံး ပတ်စ်ပို့ မထုတ်ပေးခဲ့သောကြောင့် အဆိုပါ ပတ်စ်ပို့ကို လက်ခံခြင်း မရှိခဲ့ဘဲ အမေရိကန်ဝါရှင်တန် အခြေစိုက် National Endowment for Democracy (NED) မှ ပေးသောဆုကို သွားယူခဲ့ခြင်းမရှိကြောင်း သိရသည်။
မြန်မာစာနယ်ဇင်းသမဂ္ဂ ပေါ်ပေါက်ရေး ဦးဆောင်လှုပ်ရှားသူ ကိုဇော်သက်ထွေးကလည်း ယခု ပတ်စ်ပို့ရမည်ဖြစ်သောကြောင့် အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် အခြေစိုက်သည့် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး အဖွဲ့ (HRW)က နှစ်စဉ်ပေးအပ်လေ့ရှိသော Hellman-Hammett ဆုကို အခြေအနေပေးပါက သွားယူသွားမည်ဟု ပြောကြားခဲ့သည်။
ယခုပတ်စ်ပို့ထုတ်ပေးလိုက်သူ ၁၉ ဦးမှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာ၊ ကိုစိုးထွန်း၊ ကိုထွန်းမြင့်အောင်၊ ကိုအံ့ဘွယ်ကျော်၊ ကိုသက်ဇော်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုလှမျိုးနောင်၊ ကိုမျိုးဇော်ထွေး၊ ကိုရဲဝင်း၊ ကိုမျိုးမင်းထိုက်၊ မမီးမီး၊ မယဉ်ယဉ်ဝိုင်း၊ မသရဖီသိမ့်သိမ့်ထွန်းနှင့် ကိုဇော်သက်ထွေးတို့ဖြစ်ကြောင်း သိရသည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis