menu

Wednesday 19 September 2012

ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံး




_DSC0106
ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသော ဒေါ်လပ်ဆိုင်း(အသက်၅၁)၏ အသုဘ အခမ်းအနားကို တွေ့မြင်ရစဉ်
ကချင်ပြည်နယ် ဖားကန့်မြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက အသက် ၅၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ယင်းဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့က ဖားကန့်မြို့အတွင်း ပေါက်ကွဲမှုနှစ်ကြိမ်နှင့် ဖားကန့်၊ တာမခံဒေသ၌ ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စက်တင်ဘာလ ၁၈ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်တွင် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်တွင် နေထိုင်သူ အသက် ၅၁ နှစ်အရွယ် ဒေါ်လပ်ဆိုင်းမှာ ဟင်းသီးဟင်းရွက်ခူးရန် နမ္မချောင်း ကမ်းနားလမ်းမှ လမ်းလျှောက်စဉ် မိုင်းနင်းမိ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူ၏ ခင်ပွန်းဖြစ်သူ ဦးဒေါင်ဟောင်းက "ကျွန်တော့်မိန်းမက နံနက် ၁၁နာရီလောက်မှာ အိမ်ကနေပြီး ဟင်းစားရှာဖို့ နမ္မချောင်း ကမ်းနားကနေ ခြံထဲကို သွားခဲ့တာပါ။ နေ့တိုင်း သွားနေကြလမ်း အတိုင်းသွားခဲ့တယ်။ မွန့်တည့် ၁၂ လောက်မှာ ပတ်ဝန်းကျင်က ဒေသခံတွေက ကျွန်တော့်အမျိုးသမီး မိုင်းနင်းမိတယ်ဆိုတာ လာပြောလို့ လိုက်သွားခဲ့ပါတယ်။
ဟိုရောက်တော့ ကျောက်စိမ်းလုပ်ကွက်က မြေစာတွေပုံထားတဲ့ အနီးနားမှာ ပြောလို့မြင်လို့ မကောင်းလောက်အောင် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ ဒီမိုင်းကို ဘယ်သူတွေ ထောင်ထားတယ်ဆိုတာတော့ ကျွန်တော်တို့ မသိပါဘူး။ ဒါပေမယ့် ဘယ်သူတွေပဲလုပ်လုပ် ပြည်သူလူထုကို  ငဲ့ညှာပြီး ပြည်သူပြည်သားတွေရဲ့ မျက်နှာကို ထောက်ထား ချင့်ချိန်စေချင်ပါတယ်။ ကျွန်တော်တို့ မိသားစု အခုခံစားနေရတဲ့ အဖြစ်ဆိုးမျိုးတွေကိုလည်း အခြားမိသားစုတွေမှာ မဖြစ်ပါစေနဲ့လို့ ဆုတောင်းတာကလွဲလို့ အခြား ဘာမှမတတ်နိုင်ပါဘူး"ဟု ပြောကြားခဲ့သည်။ မိုင်းနင်းမိ၍ သေဆုံးခဲ့သူ ဒေါ်လပ်ဆိုင်း ၅၁ နှစ်နှင့် ကျန်ရစ်ခဲ့သူ ခင်ပွန်းတို့နှစ်ဦးတွင် ၄င်းတို့ကို မှီခိုနေရသော သားသမီး ၅ ဦးရှိကြောင်း သိရှိရသည်။
_DSC0112
ဖားကန့်မြို့နယ်တွင် မိုင်းနင်းမိ၍ သေဆုံးခဲ့ရသော ဒေါ်လပ်ဆိုင်း(အသက်၅၁)၏ အသုဘ အခမ်းအနားကို တွေ့မြင်ရစဉ်

ဖားကန့်မြို့တွင် ယခုရက်ပိုင်း၌ အပစ်အခတ်များ ပေါက်ကွဲမှုများ မကြာခဏဖြစ်နေခြင်းနှင့် ပတ်သက်၍ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အဖွဲ့ဝင် ကိုဝင်းထွန်းထွန်းက "အခုလိုမျိုး အပြန်အလှန် ဖြစ်နေတာတွေက ပြည်သူတွေပဲ ဆုံးရှုံးမှုအများကြီးဖြစ် ပေါ်နေရတယ်။ ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေးပိုင်းတွေလည်း အများကြီး ထိခိုက်နေပါတယ်။ ပြည်သူတွေပဲ ဒဏ်ရာရ ၊ပြည်သူတွေ ပဲ သေဆုံးနေရတယ်။ ဒါကြောင့်မို့လို့ နှစ်ဖက်လုံးက အမြန်ဆုံး ငြိမ်းချမ်းရေးရယူဖို့ကိုပဲ တောင်းဆိုချင်ပါတယ်"ဟု သုံးသပ်ပြောကြားခဲ့သည်။

ယင်းကဲ့သို့ မိုင်းနင်းမိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် အပါအ၀င် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်တွင် ဖားကန့်မြို့သို့ ၀င်ထွက်သွားလာရာ အဓိကလမ်းပိုင်းဖြစ်သည့် နမ္မဖြစ်နှင့် မော်ဝမ်းရပ်ကွက်ကြား၌လည်း ပေါက်ကွဲမှုတစ်ကြိမ်နှင့် ည ၁၁ နာရီအချိန်တို့တွင် ပေါက်ကွဲမှုတစ်ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါပေါက်ကွဲမှု နှစ်ကြိမ်လုံးတွင် ထိခိုက်ဒဏ်ရာရရှိမှုနှင့် ပျက်စီးမှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်းလည်း သိရသည်။ ထို့ပြင် ဖားကန့်၊တာမခံဒေသ ပတ်ဝန်းကျင်တွင်းလည်း ယင်းနေ့ညဦးပိုင်းက ၁၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုများဖြစ်ပွားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရှိရသည်။ ယခုဖြစ်ပွားမှုများမှာ ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက်အတွင်း စက်တင်ဘာလ ၁၃ ရက်နေ့က အပြန်အလှန်ပစ်ခတ်မှုကြောင့် န၀မတန်းကျောင်းသူ မဂျာဆိုင်းအိန်သေဆုံးသည့် ဖြစ်စဉ်ပြီး နောက်ပိုင်း ၅ ရက်အကြာတွင် ပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ ထပ်မံ ပေါ်ပေါက်လာခြင်းဖြစ်သည်။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis