menu

Sunday 23 September 2012

ပေါင်းသော နုတ်သော ကိန်းဂဏန်းများ (လှမြင့်အောင် (တောင်ကုတ်))




သင်္ချာ ပညာတွင် အသုံးပြုသော ကိန်းဂဏန်းများမှာ သုညမှ ကိုးအထိသာ ရှိသဖြင့် များပြားသည်ဟု မဆိုသာချေ။
ထိုကိန်းဂဏန်းများကို ပေါင်းနုတ် မြှောက်စားသည့် နည်းပညာများဖြင့် လှည့်စားလိုက်သော အခါမှသာ ရှုပ်ထွေး ပွေလီ သွားသယောင် ထင်ရခြင်း ဖြစ်သည်။ တကယ်ဆိုလျှင် သင်္ချာကိန်းဂဏန်းများထက် လူအချင်းချင်း ကြားတွင် ဖြစ်ပေါ်နေသည့် လူမှုရေး ကိန်းဂဏန်းများက ပိုမို များပြားပြီး ဆင့်ကဲဆင့်ကဲ ရှုပ်ထွေး နေကြမြဲဖြစ်သည်။ ဤလူ့ ဘောင်အရှုပ်အထွေးကြား ကိန်းဂဏန်းများကို တွက်ချက် ဖြေရှင်းကြရာတွင် တိကျရေရာသော အဖြေရဖို့ ဆိုသည်က သင်္ချာ ကိန်းဂဏန်းများလောက် မသေချာ။

အဘယ်ကြောင့် ဆိုသော် သင်္ချာ ကိန်းဂဏန်းများက ထားရာ နေကြသော်လည်း လူမှုရေး ကိန်းဂဏန်းများကား စေရာသွားလေ့ မရှိကြသော ကြောင့် ဖြစ်ပါသည်။ မည်သို့ ဆိုစေ လောက သဘာဝ အရ ကိန်းဂဏန်းများနှင့် ဆက်လက် စခန်းသွားနေကြရဦး မည်သာ ဖြစ်ချေ၏။ ထိုကိန်း ဂဏန်းများကား။

“ဘုံး” “အုံး”
ဘုံးနှင့်အုံး မြည်သံစွဲ အလင်္ကာတို့ နှစ်ထွေရော၍ ထွက်လာသော အိမ်အောက် ထပ်မှ အသံများကြောင့် နေ့လယ်က မပြီးပြတ်ခဲ့သော ရုံးစာများကို စူးစိုက်ဖတ်နေ သော မိမိ၏ စိတ်အစဉ်တို့ ကစဥ့်ကလျား ဖြစ်ကုန်ရသည်။
အစကနဦးမှာတော့ မိမိ၏ နားမှာ ကြားတစ်ချက်၊  မကြားတစ်ချက်ဖြစ်နေခဲ့သည် ထင်၏။ အသံက တဖြည်း ဖြည်းဆက်တိုက် ဆိုသလို ဖြစ်လာသောကြောင့်သာ အာရုံတို့ လွင့်ပါးကုန်ရခြင်း ဖြစ် တန်ရာ၏။ ရုံးစာထဲမှာ နှစ်ထားသော စိတ်သည်အောက် ထပ်က အသံများဆီသို့ လုံးဝ ရောက်သွားသောအခါ တစ်စုံ တစ်ရာကို သတိ ရသွားပြီး ရင်ထဲမှာ နာကျင်ကျင်။ တစ် ဖန်အောက်ထပ်ဆီသို့ ပိုမိုနား စွင့်နေမိသည်။ အသံပျောက် သွားတော့မလိုနှင့် တစ်ချက် တစ်ချက် ပေါ်လာပြန်သည်။ မိမိ၏ စိတ်တို့မွန်းကျပ်လှောင် ပိတ်လာသောကြောင့် အသက်ကို ပြင်းပြင်းဆွဲရှူ ကာဟင်းခနဲ ပြန်မှုတ်ထုတ် လိုက်၏။ အိမ်အောက်ပူ အိမ် ပေါ်မချမ်းသာပါလား။ မိမိ ဘာလုပ်ရမည်နည်း၊ စဉ်းစားရင်း အတော်ကလေး တွေနေ မိသည်။ အိမ်အပေါ်ထပ်မှာ မိမိတစ်ယောက်တည်း ငေါင်စင်းစင်းနှင့် မည်သူ့ကိုမျှ တိုင်ပင်စရာမရှိ။ စိတ်ထွေ လာ၍ ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်နေမိသည်။

တကယ် ဆိုလျှင်သည် ရက်ပိုင်းမှာ ဤအသံများ ထွက်ပေါ်လာခြင်းက စိုးစဉ်း မျှမဆီလျော်သည်ကား အမှန် ပင်ဖြစ်သည်။ ဤအိမ်၏ သခင်မ ကွယ်လွန် အနိစ္စ ရောက်သွားသည်မှာ ပူပူနွေး နွေး မဟုတ်လှတော့သော် လည်း အငွေ့မသေသေးဟု ဆိုနိုင်သည်။ တိတိကျကျသိ ရအောင် တိုင်မှာချိတ်ထား သော ပြက္ခဒိန်ကို မီးရောင် ပျပျအောက်မှာ အားယူကြည့် မိလိုက်သော်၊ အို ဆယ့်လေး ရက်ပဲ ကြာသေးတယ်ပါ လား။ ယခုမူ ကျန်ရစ်သူတွေ ထဲက သားအဖနှစ်ယောက် ကား ရုန်းရင်းဆန်ခတ်ဆုံးမ ပွဲကို ကျင်းပနေကြချေပြီ။ အိမ်ရှင်ဖြစ်သူ ဦးလုံးမောင် မှာ သားနှစ်ယောက်နှင့် သမီး တစ်ယောက်ရှိသည့်အနက် အကြီးဆုံးသား ထွန်းမောင်နှင့် ဤနည်းနှင်နှင် ဆုံးမပွဲ လုပ်ရသည်မှာ ဇနီးရှိစဉ်က တည်းကမို့ သိပ်တော့ မထူး ဆန်း။ သို့သော် သောက တောင်ထုမှ မပြိုကွဲသေးမီ ဒေါသ တောက်လောင်နေရ သော မိသားစုတစ်စု၏ က မောက်ကမ ဖြစ်စဉ်အကြား မှာ မိမိက ကြားညပ်ရပြန်ပြီ။

မိမိကသည် အိမ်မှာ အပေါ်ထပ်သို့ ငှားနေသည့် အိမ်ငှား တစ်ဦးသာ ဖြစ်သည်။ သည်မြို့သို့ ဌာန တာဝန်ဖြင့် ပြောင်းရွှေ့လာခဲ့ရပြီး မိသားစုကို မခေါ်နိုင်သေးမီကလေးမှာ အိမ်ရှင်နှင့်အတူ နေရ သည့် အပေါ်ထပ်လောက်ကိုသာ ငှားနေခြင်း ဖြစ်သည်။ တကယ်ဆိုလျှင် အိမ်ရှင်ဦး လုံးမောင်တို့ကလည်း ငှားခ ငွေလိုချင်လွန်း၍ ငှားသည် မဟုတ်ပါ။ မိမိ၏ ဌာန၀န် ထမ်းတစ်ဦးက ဆက်စပ် ပြောပေးခဲ့၍သာ ငှားယူနိုင်ခဲ့ခြင်း ဖြစ်သည်။ အိမ်ကအိမ်ကြီး ရခိုင်ဖြစ်သည်။ အိမ်အောက် ထပ်တစ်ခုလုံးတွင် ကုန်လှောင်ပြီး ရှေ့မျက်နှာစာတွင် ကုန်စုံဆိုင် ဖွင့်ထားသည်။ မြို့၏ ပထမ တန်းစား အကွက် အကွင်းမျိုးလည်း ဖြစ်ပြန်၊ ဆိုင်ရှင် လင်မယားဦးလုံး မောင်နှင့် ဒေါ်စိန်မေတို့ကလည်း ရောင်းလက် ၀ယ်လက် သာပြန်သောကြောင့် ဆိုင်က ရောင်းအား ကောင်းသည်။ သည်တော့ စီးပွားရေး ချောင်လည်ကြသည်။

“ကျွန်တော်ကသည် လောက် မဟုတ်သေးဘူး ဆရာရဲ့။ စိန်မေကမှ အရောင်းအ၀ယ် ပိုကျွမ်း တာ။ သူ့မှာ စီးပွားရေးစန်း ပါတယ် ထင်ရဲ့။ လုပ်သမျှ ဟုတ်နေတာကိုး”

ညဘက်အားလပ်နေ သည့် အခါမျိုးတွင် အာလာပ သလ္လာပစကား လက်ဆုံကျ တုန်း ယင်းသို့ ဦးလုံးမောင်က သူ့မိသားစု အကြောင်းကို စိတ်လိုလက်ရ ပြောပြတတ်သည်။ ကာလအတန်ကြာ လာသောအခါ မိမိတို့ ပိုမို ရင်းနှီးလာခဲ့သည်။ သူ့ သားသမီး သုံးယောက်ကိုလည်း ကြိုးကြားကြိုးကြား စာပြ ပေးရာက စာသင်ဝိုင်း ဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။

“ရွာမှာတုန်းကဆိုရင် စိန်မေက ကြေးရတတ် မိသားစုကပေါ့ ဆရာရယ်။ သူ့မိဘတွေက ဥယျာဉ်လယ် ယာပြည့်ပြည့်စုံစုံနဲ့ အိမ်ဆိုင် ကလေး ရောင်းလိုက်၊ ငွေတိုးလေး ချေးလိုက်လုပ်ပြီး ချောင် လည်နေတာ။ ကျွန်တော်က သူတို့အိမ်မှာ သူရင်းငှား လယ်ကူလီ လုပ်ရတာဗျ။ အင်းနောက်တော့လည်း ကျွန်တော်တို့ချင်း လူငယ် သဘာဝရည်ငံပြီး ကျွန်တော် ခိုးပြေးတာ”

“ဟား ဟား ဦးလုံး မောင်က ဇာတ်လိုက်ကြီး ပါလားဗျ။ တကယ့်ကိုကြည့် ကောင်းမယ့် ပွဲပါလားလို့”

ဦးလုံးမောင်က ပျာပျာ သလဲ လက်ပြကာ တားသ ဖြင့် ရုတ်တရက် ရပ်လိုက် ရသည်။
“ရှူး တိုးတိုးဆရာရေ၊ စိန်မေက အဲဒါတွေကို ပြောရင် မကြိုက်ဘူးဗျ။ ကျွန်တော် လည်း ဘယ်မှာမှ မပြောဖြစ် ပါဘူး ဆရာရယ်။ ဆရာက ဒီမြို့မှာ ဧည့်သည် မို့လို့သာ ပြောပြတာ”

“ဒါနဲ့ နေပါဦးဗျ။ ဦးလုံးမောင်က ခိုးပြေးတော့ ဒေါ်စိန်မေ မိဘတွေက ငြိမ် နေရဲ့လား”

မိမိက ဇာတ်အထွတ်ကို ရုတ်တရက် မေးလိုက်သော ကြောင့် ဦးလုံးမောင်တွေခနဲ ဖြစ်သွားသည်။ ပြန်ပြောပြဖို့ တော်တော်ခက်နေသည် ထင်၏။
“ဘယ်နေရလိမ့်မလဲ ဆရာရယ်။ သူတို့ ခေါင်းမီး တောက်ကုန်တာပေါ့။ ကျွန်တော်တို့ မနည်းကြာ ကြာပုန်းနေလိုက်ရတယ်။ ကျွန်တော်တို့ အပုန်းကောင်း လို့လား။ မထူးဘူးရယ် တွက်လို့လား မသိပါဘူး။ သူတို့မှာ သားသမီးငါး ယောက် ရှိတဲ့ အထဲက စိန်မေ ကို သေခန်းပြတ်ကြေညာ လိုက်ကြတယ်။ အဲဒီနောက် ကျွန်တော်တို့လည်း ချွေးနှဲ စာကလေးတွေ ပေါင်းဖက် ပြီး စိန်မေ သူ့အိမ်က တတ် လာတဲ့ အရောင်းအ၀ယ်လေး စလုပ်ခဲ့ကြတာ။ အခုတော့ ဒီအခြေအနေပေါ့လေ။ အင်း ကျွန်တော်တို့အတွက်က ပြီး ပါပြီ ဆရာရယ်။ သားသမီးတွေ အတွက်ပဲ အရေးကြီး တော့တာ။ သူတို့တွေ ခေတ် ပညာတတ်ပြီး ကိုယ့်ဝန်ကိုယ် ထမ်းနိုင်ဖို့ အကုန်အကျ ခံပြီး ပညာသင်ပေးနေတာပေါ့ ဆရာ။ ဆရာက ကူညီစာပြ ပေးတာကို အရမ်းကျေးဇူး တင်ပါတယ်”

“ရပါတယ်ဗျာ။ ကျွန်တော့်အတွက် အပန်းမ ကြီးပါဘူး။ ကလေးသုံး ယောက်စလုံး ပညာတတ် ကြီးတွေဖြစ်အောင် ကြုံတုန်း ကူညီပေးပါ့မယ်။ ဦးလုံး မောင်ဘက်ကလည်း ကလေး တွေကို ပညာဆုံးခန်းတိုင် အောင် သင်ပေးဖို့ တိုက်တွန်း ပါရစေ။ ဒါနဲ့ ဦးလုံးမောင် ရေ အကြီးကောင် ထွန်းမောင် ကို မနည်းလုပ်ယူရမှာနော်”

မိမိစကားအဆုံးတွင် ဦးလုံးမောင်၏ မျက်နှာတင်း တင်းမာမာ ဖြစ်သွားကြောင်း သတိထားမိသည်။
“အမှန်ပဲ ဆရာရယ်။ ဒီခွေးကောင်ကြောင့် ခက်နေတာ”

ထွန်းမောင်က ထုံတေ တေနိုင်လွန်းလှသည်။ ကျောင်းစာကျက်ဖို့ထက် အပေါင်းအသင်းကို ခုံမင် သည်။ သူ့အပေါင်းအသင်း ဆိုသည်ကလည်း အပျော် အပါးနှင့် လေနေသူများဟု သိရသည်။ တစ်ခါတစ်ရံ အရက်ငွေ့ကလေးပါလာ တတ်သေးသည်။ ထို့ကြောင့် လည်း သားအဖနှစ်ယောက် မကြာခဏကတောက်ကဆတ် ဖြစ်လေ့ရှိသည်။ ဆယ်တန်း မှာ နှစ်နှစ်ကျပြီးပြီဆိုက တည်းက သူ့ပညာရေး အခြေ အနေကို စိတ်ပျက်စရာတော့ အကောင်းသား။ သူ့ညီ ဌေးမောင်က ယခုသူနှင့် အတန်းတူနေပြီ။ အငယ်ဆုံး ခင်မေထွေးပင် ရှစ်တန်း ရောက်ခဲ့ပြီ။ ဦးလုံးမောင်၏ မိသားစု၌ အရာရာ ပြေလည် နေသည့်ကြားထဲမှာ ထွန်း မောင် ကိစ္စသာ လိပ်ခဲတည်းလည်း မကျေမလည် ရှိနေရသည်။ ယခုလည်း ကြည့် ပါဦး၊ ဒေါ်စိန်မေ အလောင်း မြေကျသည်မှာ ရက်ပိုင်းသာ ရှိသေးသည်။ သူတို့သားအဖ ပြဿနာဖြစ်နေကြပြီ။

“ဘုံး”
သည်တစ်ကြိမ် ဘုံးခနဲ အသံကြောင့် မိမိအတွေးစ များ ပြတ်တောက်လွင့်စင် ကုန်သည်။
ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး မတ်တတ်ရပ် လိုက်သည်။ မိမိခြေလှမ်းများ က အိမ်အောက်ကို ဆင်းသည့် လှေကားထစ်များဆီသို့။

“ဗျို့ ဦးလုံးမောင်၊ တံခါးဖွင့်ပါဦးဗျ”

သုံးလေးချက် တံခါးကို ထုပြီး ခေါ်လိုက်သော အခါ တံခါး တစ်ချက်ဟရုံ ပွင့်လာသည်။
“အားနာလိုက်တာ ဆရာရယ်။ အနှောင့်အယှက် ပေးမိပြီ”

ဦးလုံးမောင်က အိမ် အပြင်ဘက် မှောင်မည်းမည်း မှာ ရပ်နေသော မိမိထံရည် ညွှန်းပြီး တိုးတိုးလျလျ ပြော လာသည်။ သူက မိမိကို တောင်းပန်နေသည်ထက် မိမိ ကသာသူ့ကို အနူးအညွတ် ဖျောင်းဖျတောင်းပန် ပြောဆိုကာ အိမ်အပေါ်ထပ်သို့ ဆွဲခေါ်လာခဲ့သည်။ သူ့ပုံက ဖိုသီ ဖတ်သီနှင့် နွမ်းယဲ့နေသည်။ ဇနီးသည်ကို နှမြော တမ်းတပြီး ရက်ပေါင်းများစွာ အိပ် လို့မှ ပျော်ခဲ့ပါရဲ့လား။ စော စောက သားကို ဆုံးမခဲ့စဉ် စိတ်ဇောကြီးကာ ပိုမိုပင်ပန်း သွားခြင်းလည်း ဖြစ်နိုင် သည်။ ခုံမှာ ထိုင်လျက်က မျက်မှန်ကို ချွတ်ပြီး မျက်စိ ကို ပွတ်သပ်နေသည်က မျက်ရည်ကိုပါ ဖိကြိတ်သိမ်း ဆည်း နေပုံရသည်။ သူ့ရင် ဘတ်ကြီးကဗလောင်ဆူနေ သော မီးတောင်တစ်လုံး ကဲ့သို့လှိုက်ဖိုနေသည်။
“စဉ်းစားကြည့်ပါဦး ဆရာရယ်။ ဟိုနေ့က အကြွေး တောင်းခိုင်းလိုက်ပါတယ်။  တောင်းလို့ မရသေးသလိုလို  ပြောလို့ ကျွန်တော် သွား တောင်းတာ။ ဒီကောင်က ရပြီးလို့ သုံးပစ်လိုက်ပြီ။ အခု ကျွန်တော် မကောင်းဖြစ်သွား တာပေါ့။ အဲဒီငွေတွေ ဘယ် မှာ သုံးသလဲဆိုတာလည်း ကြည့်ပါဦး ဆရာရဲ့။ ဖဲဝိုင်း မှာ ကုန်တာတဲ့ဗျာ။ တောက်”

“သူလည်း ဒီရက်ပိုင်း စိတ်သောက ရောက်ပြီး ထင်ရာ လုပ်မိနေတာလား မသိဘူးပေါ့ ဦးလုံးမောင်ရယ်။ ကလေးကို ကျွန်တော် ကြည့်ပြီး ပြောပြပါဦးမယ်”

သူက ခေါင်းတယမ်း ယမ်းလုပ်နေသည်။ လုံးဝ စိတ်ဓာတ်ကျနေသည့်ပုံ။
“ကျွန်တော်တို့ ဆင်း ဆင်းရဲရဲနဲ့ ဟိုပြေးဒီပြေး လုပ် စားနေရတုန်းက သူ့ကို မွေးခဲ့လို့ မိဘနဲ့ ဆင်းရဲခံဖက်သား ဆိုပြီး နည်းနည်းအလိုလိုက် ခဲ့မိတယ် ဆရာရယ်။ အခု တော့ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်ဆိုသလို ဖြစ်နေပြီ။ ဘာမှ သုံးလို့ မရတော့ဘူး”

“အာ အဲဒီလောက် လည်း စိတ်ကို ဒုန်းဒုန်း မချလိုက်ပါနဲ့လား ဦးလုံးမောင် ရယ်။ ကလေးတစ်ယောက် ရဲ့ အနာဂတ် ဆိုတာ ကံသေ ကံမ ပြောလို့မှ မရတာ”

ဦးလုံးမောင်က ခပ်တွေ တွေ စဉ်းစားရင်း ပြောလာသည်။
“သူတို့ကို ဆရာ သင်ပေးခဲ့တာ ကျွန်တော် မှတ်မိ တယ်။ ဘာလဲဆိုတော့ ရှေ့မှာအနုတ်လက္ခဏာရှိတဲ့ ကိန်းဂဏန်းတစ်ခုဟာ ပကတိသုညထက်တန်ဖိုးလျော့ တယ်ဆိုတာလေ။ ဒီကောင် က အနုတ်လက္ခဏာရှိတဲ့ ကိန်းတစ်ခုပဲ မဟုတ်လား ဆရာ။ ကိန်းဂဏန်းများလေ ပကတိ သုညကို မီဖို့ဝေးလေ ပေါ့။ သူ့ အနုတ်ကိန်း အတွက် ကျွန်တော် ဖြည့်ပေးနိုင်တော့မှာ မဟုတ်ဘူး။ တစ်ပေါင်းပေါင်း၊ နှစ်ပေါင်းပေါင်း ပေါင်းသမျှ တင်နေမယ့် ပကတိ သုညတွေမှာပဲ ကျွန်တော် ထပ်ဖြည့်တော့မယ်”

ကျွန်တော် ဆွံ့အငေး မောလို့။ ဦးလုံးမောင်ကား မိမိဖျောင်းဖျမှုအပေါ် ယုံကြည်မှုရှိပုံ မရတော့ပါ။
“သူလိုချင်မှ ကိုယ်က ပေးလို့ရတာပါ ဆရာရယ်။ ဒီကောင့်ကို စာဆက် သင်ပေးဖို့ စိတ်ပျက်သွားပြီ။ အငယ် နှစ်ကောင်ကိုပဲ ဖြစ်ထွန်းအောင် လုပ်ပေးတော့မယ်။ စိန်မေရယ် နင်မသေဘဲ ငါ အရင် သေခဲ့ရင် အကောင်း သား။ နင်နဲ့ငါဆင်းရဲမှာ ကြောက်လို့ ကုန်းရုန်းလုပ်ခဲ့ ရတာတွေကို ဆင်းရဲတွင်း နက်အောင် တူးမယ့်သားနဲ့မှ ငါ့ကို ထားခဲ့ရသလားကွာ”

ပြန်လည် ထူထောင်မှု မပြုနိုင်တော့သည့် ဦးလုံးမောင်၏ စိတ်ဓာတ်ကို ပြက်ပြက်ထင်ထင် မြင်လိုက်ရ သော မိမိကိုယ်တိုင်မှာ အံ့သြ မှင်တက်မိရုံမှ တစ်ပါး အခြား မရှိ။

အချိန်ကာလတို့ ကြာ ညောင်းခဲ့ပြီ။
မိမိမှာ အလုပ်တာဝန် အရ အခြားမြို့များသို့ ပြောင်း ရွှေ့ခဲ့ကာ တာဝန်ထမ်းဆောင်ခဲ့ ပြီးနောက် ယခုအခါ ရန်ကုန် မြို့တွင် တာဝန် ကျနေဆဲ ဖြစ်သည်။ ယခင်က တာဝန် ကျခဲ့ရာမြို့များကို မမေ့ပျောက် သော်လည်း ကိုယ့်အလုပ်နှင့် ကိုယ်အမြဲတမ်းတော့ သတိ မရနိုင်ခဲ့ပါ။ ဦးလုံးမောင်တို့ မိသားစုနှင့်လည်း ဝေးခဲ့ သည်မှာ ကြာပြီဖြစ်သောကြောင့် ၀ိုးတိုးဝါးတားသာ ဖြစ်နေတော့သည်။ အချိန် သည် အရာရာကို ပြောင်းလဲ စေတတ်သည် မဟုတ်ပါလား။

ဟော သည်ကနေ့တော့ ကြွင်းကျန်ရစ်ခဲ့သော သက္ကရာဇ်များကို ပြန်ရလိုက်သလို လိုပင် ခံစားလိုက်ရသည်။ မိမိကိုယ် မိမိ အသက်အတန်ငယ် နုပျို သွားသယောင်ထင်၏။ အဘယ်ကြောင့်ဟူမူကား ဦးလုံးမောင်ကို ရန်ကုန်မြို့လယ် ဆူးလေ အ၀ိုင်းတွင် မထင်မှတ်ဘဲ တဲ့တိုးတွေ့ လိုက်ရသောကြောင့်ပင်တည်း။

“ဒီက ဦးလေးက ကျွန်တော့်အသိတစ်ယောက်နဲ့ တူလို့။ ဦးက....”

“ဟာ ဆရာပါလား။ ဟုတ်ပါတယ်နော်။ ကျွန်တော်က ဦးလုံးမောင် လေ”

“အာ ဟုတ်ပြီ ဦးလုံး မောင်ရေ။ တစ်မျိုး မထင်နဲ့ဗျာ။ မျှော်လင့် မထားမိလို့ပါ။ ကဲ ဘယ်တုန်းကလာလဲ။ ဘာလုပ်ဖို့ လာတာလဲ။ အဲ မဖြစ်သေးပါဘူးဗျာ။ အအေး သောက်ရင်း ပြောကြရအောင် လာ လာ”

ဦးလုံးမောင်က ကျွန်တော် ထင်ထားသည်ထက် ပိုအိုစာနေသည် ထင် ၏။ နားသယ်စပ်ဆံပင်များ အဖြူနှင့် နီကြန်ကြန်တို့ ရော ယှက်နေကြသည်။ မိမိတို့မှာ ကိုယ့်အတွေးနှင့်ကိုယ် အတန် ငယ် ငြိမ်သက်နေကြ၏။ ရန်ကုန်မြို့မှာ မိမိက အိမ်ရှင် သူက ဧည့်သည်ဖြစ်၍ လောက၀တ်စကားများကို မိမိဘက်က ပိုပြောစရာရှိသင့် သဖြင့် စကားစလိုက်သည်။

“အခု ဦးလုံးမောင် ရန် ကုန်ကို ဘာလာလုပ်တာလဲ။ ပြောင်းနေခဲ့တာလား”

မိမိ၏ ရိုးရိုးရှင်းရှင်း အမေးကို ပြန်ဖြေဖို့ စကား လုံးရှာနေပုံရသည်။ ဗြုန်းခနဲ ပေါ့ပေါ့ပါးပါး ထွက်မလာ။
“အရေးကြီးတဲ့ ကိစ္စနဲ့ လာတာပါ”

သူ့ထံမှ စကားတစ်လုံး ချင်း ထွက်လာသည်။
“ကျန်းမာရေး ကိစ္စလား၊ စီးပွားရေး ကိစ္စလား၊ ကျွန်တော် ဘာကူညီပေးရ မလဲ။ ကျွန်တော် နယ်မှာ တုန်းက အေးအေးချမ်းချမ်း နေခဲ့ရတဲ့ ဦးလုံးမောင် ကျေး ဇူးတွေ မမေ့ပါဘူးဗျာ”

မိမိစကားအဆုံးမှာ ဖျတ်ခနဲ မျက်လွှာပင့်ကြည့် ပြီး ချိန်ချိန်ဆဆ ပြောလာ သည်။
“သားသမီးကိစ္စဆို တော့ လူမှုရေးဆိုပါတော့ ဆရာရယ်။ သားရေး သမီး ရေး ကိစ္စတွေကို ဆောင်ရွက် ဖို့ ရန်ကုန်ကို လာရတာ”

“သြော် အင်း အခုဆိုရင် ကလေးတွေလည်း လူလား မြောက်ကုန်ကြရောပေါ့။ ကျွန်တော် ပြောင်းလာတာတောင် ဘာလိုလိုနဲ့ ရှစ်နှစ်ရှိ ပြီပဲ။ သူတို့အဆင်ပြေကြ တယ်မဟုတ်လား”

“လူလားမြောက်ကုန် ကြတယ် ဆိုရင်လည်း မှန်တယ်ဆရာ။ အခုထိ လူလား မမြောက်သေးတာကတော့ ထွန်းမောင်ပဲလေ။ ဆရာ သိခဲ့တဲ့ အတိုင်း ဒီကောင်က ဆိုးပေ နေတုန်းမို့ ကျွန်တော် ဒီနေ့ထိ ခံရတုန်း။ သားဆိုး အမေက တပေပေ မကပါဘူးဗျာ။ သားဆိုး အဖေလည်း တပေပေပါပဲ။ အငယ်နှစ် ကောင်လုံး ဘွဲ့ရ ပြီးကြလို့ သူ့ အဆက်အသွယ်နဲ့သူ စင်ကာပူမှာ အလုပ် လုပ်နေ ကြတယ်”

“သြော် ကလေးတွေက တော်ကြတာပဲ။ သူတို့ဆီက အကူအညီရပြီဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဦးလုံးမောင် သက် သောင့်သက်သာ ဖြစ်သွား တာပေါ့။ ထွန်းမောင်ကိုတော့ ဒီလိုပဲ သည်းညည်းခံပြီး ပြု ပြင်ရဦးမှာပဲလေ”

မိမိက ထိန်းထိန်းသိမ်းသိမ်း ပြောသည့်ကြားက ဦးလုံးမောင်သည် ခေါင်းတခါ ခါလုပ်လျက် သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်သည်။
“ပြုပြင်ဖို့ အချိန်ဆိုတာ မကျန်တော့ဘူး ဆရာရယ်။ ဒီနှစ်ထဲမှာတင် ကျွန်တော့် ကျန်းမာရေး ချွတ်ခြုံ ကျလာ ပြီ။ ပြီးတော့ ဒီကောင်က တမာလိုလူ။ သက်တမ်းရင့်လေ ပိုခါးလေ။ ကြာကြာဝါးလေ ခါးလေပဲ။ သူ့ကိစ္စ စီစဉ်ပြီးရင် ကျွန်တော်လည်း ကြာကြာနေရလိမ့်မယ် မထင်တော့ဘူး။ ဒါကြောင့်လည်း အခုပဲ သူ့အတွက်နဲ့ ရန်ကုန် ကို ခဏလာတာ”

“ဘာလဲ ထွန်းမောင်ကို စင်ကာပူ ပို့မလို့လား”

မိမိက အလောသုံးဆယ်  မေးလိုက်သည်။ သူက မထုံ တက်သေးနှင့် အေးစက်စက် ပြန်ပြောလာ၏။
“မဟုတ်ဘူး ဆရာ။ လက်ရှိ အနေအထားက အငယ်ကောင်တွေ ပို့သမျှ ငွေတွေ ရော၊ ကျွန်တော့် ချွေးနှဲစာ တွေရောပဲ ဒီကောင် ဖြုန်းနေတာ။ ကြာရင် ကလေးတွေကလည်း သူတို့ ပို့ထားတဲ့  ငွေတွေကို ပြန်တောင်း လာနိုင်တယ်။ အမွေပစ္စည်း ကိစ္စမှာ ရှုပ်ထွေးလာနိုင်တယ်။ ဒါကြောင့် ပြည်ပမှာ အလုပ် လုပ်နေတဲ့ ကလေးတွေကို ဒီ ကိစ္စ ဆွေးနွေးရအောင် ပြန်ခဲ့ ကြပါဦးလို့ ပြောတော့ အင် တင်တင် လုပ်နေကြတယ်။ မင်းတို့ အစ်ကို ကိစ္စ ရှင်းရအောင် လာမှဖြစ်မယ် ဆိုပြန်တော့လည်း ဘာပြောကြတယ် မှတ်လဲဆရာ။ အစ်ကို ကြီးအဖအရာပဲ အဖေရယ်။ သူတို့ ရှင်းရရင် အဖထက် သားတစ်လကြီးရာ ရောက်မှာပေါ့တဲ့။ ဒါ့ကြောင့် အဖေ ပဲ စိတ်ကြိုက်ကြည့်ရှင်းလိုက် ပါတဲ့။ အဖေ လုပ်သမျှကို သူတို့ သဘောတူပေးပါ့မယ် တဲ့။ ဘယ်လောက်ပြောပြော သူတို့က ဒီလိုပဲ ပြန်ဖြေကြ တာကြောင့် ဒီတစ်ခါတကယ် ရှင်းဖို့ ရန်ကုန်ကို တက်လာ တာပဲ ဆရာ”

ဦးလုံးမောင်က အနည်း ငယ် မောသွားသဖြင့် တစ် အောင့်နားနေလိုက်သည်။
“ဒါဖြင့် ဦးလုံးမောင်က ဘယ်လိုရှင်းဖို့ စိတ်ကူးထား သလဲ”

“ဖခင်ရဲ့ ဆုံးမမှုကို နားမထောင်ဘဲ ကိုယ်ထင်ရာ စိုင်းသွားတဲ့ သွာနုတ္တာသား သမီးအဖြစ် ကြေညာပြီး အမွေပြတ်စွန့်လွှတ်မယ် ဆရာ”

“ဗျာ ထွန်းမောင်ကို ဒီ လောက်တောင် စိတ်ပျက် သွားပြီလားဗျာ”

စိတ်မကောင်းစွာဖြင့် သူ့မျက်နှာကို စေ့စေ့ကြည့် ကာ မေးလိုက်သည်။
“မဟုတ်ဘူး ဆရာ မဟုတ်ဘူး။ ပြည်ပမှာ အလုပ် လုပ်နေတဲ့ သားနဲ့ သမီးကို”

“ဗျာ ဘယ်လို”

မိမိအသံက လန့်ဖျပ် ကျယ်လောင်သွားသဖြင့် နံဘေးဝိုင်းက လူများပင် လှည့်ကြည့်လာကြသည်။ ဦးလုံးမောင်၏ အသံကမူ တိုးတိုးတိမ်တိမ်။
“စိန်မေလည်း သူ့သားကြီးကို ဘယ်လိုမှ စိတ်မချ ခဲ့ဘူး ဆရာ။ ကျွန်တော်တို့ စီးပွားရှာဖို့ ဇောသန်အောင် ဇွဲခတ်ပေးခဲ့တဲ့ သားကြီးကို စောင့်ရှောက်ဖို့ တဖွဖွ မှာသွား ခဲ့တယ်။ သူ့ကို ကတိပေး ပါဆိုတာနဲ့ ကျွန်တော့်ကို လူတစ်လုံး သူတစ်လုံး ဖြစ်အောင် လက်တွဲခေါ်ခဲ့တဲ့ ကျေးဇူးရှင်ကို ကျေးဇူးဆပ် တဲ့ အနေနဲ့ ကတိ ပေးလိုက်တယ်”

“ကျွန်တော့်မှာ ရှိသမျှ ပစ္စည်းတွေ ငွေတွေကို ဘဏ်မှာ အပ်မယ် ဆရာ။ ကျွန်တော် သေတဲ့နောက်ပိုင်း အဲဒါတွေကို ထွန်းမောင် တစ်ယောက်တည်း ယူပါစေတော့။ ကျွန်တော့် မျက်ကွယ်မှာ ဘာပဲဖြစ်ဖြစ် ကမ္မသ ကာပဲ”

မိမိမှာ ဦးလုံးမောင်၏ မျက်နှာကို အားနာနာဖြင့် လွှဲ ဖယ်နိုင်စေရန် အလို့ငှာ မတို့ မထိရသေးသော အေးစက် စက် ဖာလူဒါခွက်ကို အဓိပ္ပာယ်မဲ့ကြည့်နေလိုက် သည်။ ဖာလူဒါခွက်ထဲက သစ်သီးယိုစုံတို့မှာ စားချင့် စဖွယ်လှပမွှေးကြိုင်နေချေ ၏။ သို့သော် တမာခါးကို သကာပျားနှင့် ရောကြို လိုက်သည့် ဦးလုံးမောင်၏ တမာယိုကိုသာ ထင်ထင်ရှား ရှား မြင်ယောင်နေမိသည်။

“....သူ့အနုတ်ကိန်း အတွက် ကျွန်တော် ဖြည့်ပေးနိုင်တော့မှာ မဟုတ်ဘူး။ တစ် ပေါင်းပေါင်း နှစ်ပေါင်းပေါင်း ပေါင်းသမျှ တင်နိုင်တဲ့ ပက တိ သုညတွေမှာပဲ ကျွန်တော် ထပ်ဖြည့်မယ်”

တစ်ခါတစ်ရံဆီက ဦးလုံးမောင်၏ ကိန်းဂဏန်း အယူအဆများကို နားနှင့် ဆတ်ဆတ်ကြားယောင်မှတ် မိလာသည်။ ယခု အပြုအမူ က သူပိုင်ကိန်းဂဏန်းများကို အနုတ်လက္ခဏာနောက်က ကိန်းဂဏန်းမှာ ထပ်ပေါင်း ခြင်းလား သို့မဟုတ် ပကတိ သုညမှာ ထပ်ပေါင်းလိုက် လေသလား။


လှမြင့်အောင်၊တောင်ကုတ်၊
(ရွှေအမြုတေ မဂ္ဂဇင်း၊မေလ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis