menu

Sunday 23 September 2012

ချစ်ခြင်းရဲ့ အာဏာဖြင့်သာ . . .( ဇေဝင်းနောင်)




w751article
ပြည်တွင်းငြိမ်းချမ်းရေး အမြန်ဆုံးရရှိရေးအတွက် ငြိမ်းချမ်းရေးသင်္ကေတအထိမ်းအမှတ်အဖြစ် အပြာရောင်မိုးပျံပူဖောင်းများလွှတ်တင်နေသည်ကို စက်တင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းကတွေ့ရစဉ်
"အာဏာကိုချစ်ခြင်းထက် ချစ်ခြင်းရဲ့အာဏာက သာလွန်လာတဲ့ အခါမှာ ကမ္ဘာကြီးဟာ ငြိမ်းချမ်းလာလိမ့်မယ်"
ဂျင်မီဟင်းဒရစ် (ဂီတသမိုင်း၏ အထင်ရှားဆုံး လျှပ်စစ်ဂီတာသမား)

လူတွေက အပြာရောင် အင်္ကျီတွေနဲ့။ စာတန်းတွေကိုင်လို့။ အဲဒီနေ့က အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့လေ။ လမ်းပေါ်မှာ လူတွေ၊ ရက်ပါတွေ၊ ပန့်ခ်တွေလည်း ပါကြပါသေးတယ်။
နယူးယောက်မှာရှိတဲ့ ကုလရုံးချုပ်က ငြိမ်းချမ်းရေးခေါင်းလောင်းကြီးလည်း အဲဒီနေ့မှာ ထိုးမြဲထိုးကြဦးမယ်။ ၂၀၁၂ အတွက် ထူးခြားချက်က အဲဒီနေ့ဟာ ကမ္ဘာ့အပစ် အခတ်ရပ်စဲရေးနေ့။ အဲဒီနေ့တော့ မပစ်ကြနဲ့ဆိုတာထက်ပိုတယ်။
နိုင်ငံတကာမှာ ဘာတွေများ ထူးထူးခြားခြားလုပ်ကြသလဲ ရှာကြည့်တော့ မြန်မာပြည်က အထူးခြားဆုံး ဖြစ်နေတာကိုလည်း တွေ့လိုက်ရတယ်။ ၁၉၈၁ ခုနှစ်က စသတ်မှတ်ခဲ့တာဆိုတော့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ဆိုတာ ၃၁ နှစ်ကြာခဲ့ပြီပဲ။ ကျွန်တော်တို့ဆီမှာတော့ အခုမှ လုပ်ခွင့်ရလို့ လုပ်ကြတာ အပြစ်တင်စရာမဟုတ်။ ၀မ်းသာစရာလို့ပဲ မြင်မိတယ်။(တစ်ပါတည်းတွဲပါလာတဲ့ ၀မ်းနည်းစရာက ဖမ်းမယ်၊ ဆီးမယ်ဆိုတာပဲ။ ဒီလိုအသွင်ကူးပြောင်းစ ခေတ်ကာလမှာ လျှော့လျှော့ပေါ့ပေါ့လုပ်ဖို့ လိုပါတယ်။
မလိုလားအပ်တဲ့ အတိတ်ရဲ့အဆိုးကြော့သံသရာကို တစ်ပတ်ပြန်လှည့်သလို ဖြစ်သွားနိုင်တဲ့ အတွက်ပါ)
ငြိမ်းချမ်းရေးစကား ခဏခဏ ပြောနေရတာဟာ ငြိမ်းချမ်းရေး မရသေးလို့ပါ။ ငြိမ်းချမ်းပြီးတဲ့ နိုင်ငံတစ်နိုင်ငံ အတွက်ကတော့ ဒီတစ်နေ့ဟာ ကုလရဲ့များမြောင်လှတဲ့ အထိမ်းအမှတ်နေ့တွေထဲက တစ်ခုဆိုတာလောက်ပဲလေ။ ကျွန်တော်တို့ဆီမှာတော့။
လွတ်လပ်ရေး ရကတည်းကဆိုရင် အနှစ် ၆၀။ အချင်းချင်း ပစ်ခတ်လာလိုက်ကြတာ အနှစ် ၆၀။ အိမ်နီးချင်းနိုင်ငံတွေကို မျှော်ကြည့်ရင်း၊ ကိုယ့်မွေးမြေကို စွန့်ခွာရင်း နှစ်တွေကြာလာခဲ့ကြတာ။
အရပ်သားအစိုးရ တက်လာတဲ့ ခေတ်အခါမှာတော့ ဒါတွေကို အဆုံးသတ်ဖို့ မျှော်လင့်စရာ ရှိလာခဲ့တယ်။ အပစ်အခတ်ရပ်ဖို့၊ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့။ အပစ်အခတ် ရပ်စဲရေးမှာ ကေအိုင်အေနဲ့ကလွဲလို့ ကျန်တဲ့အဖွဲ့တွေနဲ့ သဘောတူညီမှု ယူနိုင်ခဲ့ကြတယ်လို့ ကျွန်တော်တို့ အကောင်းမြင်ကြည့်ဖို့ အခွင့်အရေး ရှိလာခဲ့တယ်။ ဒါပေမဲ့ ကချင်မြေမှာ ငြိမ်းချမ်းရေးဆိုတာ မရှာနိုင်ရင် အဲဒါဟာ အပြီးမသတ်နိုင်သေးတဲ့ ကိစ္စဆိုတာလည်း နားလည်ထားကြတယ်။ ကေအိုင်အေနဲ့ အပစ်အခတ် ရပ်စဲနိုင်ရင်ရော ဒါဟာငြိမ်းချမ်းရေးရပြီလို့ ဆိုနိုင်ပြီလား။
အဲဒီအခါမှာမှ ဇာတ်လမ်းက စရမယ်လို့ထင်တယ်။ အဓိက စိန်ခေါ်မှုက ပြန်လည်ရင်ကြားစေ့ရေးပါ။ တိုင်းရင်းသားတွေ တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှု မတည်ဆောက်နိုင်သရွေ့တော့ ငြိမ်းချမ်းရေးဆိုတာ လွယ်ဦးမှာ မဟုတ်ဘူး။ အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့လည်း အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာဖို့အတွက် မလုံလောက်ဘူး။
အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ ကြွေးကြော်သံသက်သက် မဟုတ်ဘူး။ ပြည်တွင်းစစ်ရပ်ဆိုတာ ဆောင်ပုဒ်တစ်ခု သက်သက်မဟုတ်ဘူး။
အကြမ်းဖက်တဲ့ ပဋိပက္ခတွေ မရှိတော့တဲ့အခါမှ၊ အကြမ်းဖက်ခံရမှာကို စိုးရွံ့နေရတဲ့ အခြေအနေက လွတ်မြောက်လာတဲ့အခါမှ ငြိမ်းချမ်းရေးဆိုတာ ဖြစ်လာမှာ။ အားလုံးရဲ့ အကျိုးစီးပွားကို ကိုယ်စားပြုတဲ့ နိုင်ငံရေး အစီအစဉ်တစ်ရပ်နဲ့ မျှတမှုဆိုတာ ဖြစ်တည်လာမှ၊ ရန်လိုမှုကင်းတဲ့ အခြေအနေမှာ ဒဏ်ရာအနာတရတွေကို ကုစားပြီး ကျန်းမာလာတဲ့ အပြန်အလှန် ဆက်ဆံရေးဆိုတာ ရှိလာမှ ကျွန်တော်တို့ မျှော်လင့်ကြတာ ဖြစ်လာမှာပါ။ စစ်တွေမရှိတော့ရုံ၊ အကြမ်းဖက် ပဋိပက္ခတွေ မရှိတော့ရုံနဲ့တင်လည်း ငြိမ်းချမ်းတဲ့ အချိန်ကာလဆိုတာကို ရဦးမှာမဟုတ်ဘူး။ အပြုသဘောဆောင်တဲ့ လေးစားလောက်တဲ့ ယဉ်ကျေးမှုနဲ့ စီးပွားရေးအရ အပြန်အလှန်ဆက်ဆံမှု ဆိုတာရှိလာမှ ငြိမ်းချမ်းတဲ့ခေတ်အခါဆိုတာ ရောက်လာမှာ။
အဲဒီလိုမျိုးဖြစ်တည်နေတဲ့ ငြိမ်းချမ်းရေးဆိုတာ ယုံတမ်းစကား မဟုတ်တာတော့ သေချာတယ်။ ဒါပေမဲ့ အီစွတ်ရဲ့ အဘိုးအိုနဲ့ သားများ ပုံပြင်ထဲက ထင်းစည်းဆိုရင် မကျိုးဘူး၊ ထင်းချောင်းဆိုရင် ကျိုးတယ်ဆိုတဲ့ စည်းလုံးညီညွတ်မှုဥပမာနဲ့ နားချရလောက်အောင် လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူး။ ထင်းချောင်းတို့ ထင်းစည်းတို့လောက်နဲ့ ညီညွတ်ဖို့လာပြောရင် အပင်တွေမရှိတော့လို့ ပြောင်နေတဲ့ တောင်တန်းသားတွေ မြေပေါ်က တောင်ကတုံးကြီးတွေက လှောင်ကြလိမ့်မယ်။ ရေအလား တစ်သားတည်း ဖြစ်ကြစို့လို့ အလွယ်ပြောရင် ကိုငှက်ကြီးပြောခဲ့ဖူးတဲ့ ရာဇ၀င်များရဲ့ သတို့သမီးက မြစ်ဆုံကို မျက်စောင်းထိုးပြီး မချိပြုံးကလေး ပြုံးပြလိမ့်မယ်။ (မြစ်ဆုံကို လုံးဝဥဿုံ ရပ်ပါတယ်ဆိုတဲ့ ကတိစကား မထွက်မချင်းတော့ သူ့ခမျာလည်း လည်ပင်းတစ်ဆို့တစ်ဆို့ကြီး ဖြစ်နေရှာမှာ)။
ငယ်ငယ်ကတည်းက ကြားခဲ့ဖူးတဲ့ ကရင်တစ်ကျပ်၊ ဗမာတစ်ကျပ် တောင်းဆိုသံကို သတိရမိတယ်။ သေချာတာကတော့ ကရင်တွေလည်း တစ်ကျပ်မရခဲ့သလို ဗမာတွေလည်း တစ်ကျပ်မရခဲ့ဘူးဆိုတာပဲ။ကျွန်တော်တို့အားလုံးပဲ ခေတ်ဆိုးစနစ်ဆိုးအောက်မှာ နာခဲ့ကြရတာ။
ကျွန်တော်တို့အကြားမှာ မယုံကြည်မှုဆိုတာတွေက ရှိနေနိုင်ဆဲပါ။ ဒဏ်ရာဟောင်းတွေ မကျက်သေးချိန်မှာ ဒဏ်ရာသစ်တွေ ထပ်ဖြစ်လာဖို့ အကြောင်းဖန်လာတာတွေလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ဒီကနေ့အခါလောက် ငြိမ်းချမ်းရေးကို ဖန်တီးဖို့ အခွင့်သာဆုံး အခါဆိုတာ မရှိခဲ့ဖူးသလို အခုနေအခါလောက် ငြိမ်းချမ်းရေးကို အလိုအပ်ဆုံး အခိုက်ကာလဆိုတာလည်း သေချာပါတယ်။ တစ်ကမ္ဘာလုံးနဲ့ ချိတ်ဆက်ဖို့အတွက် တစ်နိုင်ငံလုံးမျှတတဲ့ အခြေအနေနဲ့ ချိတ်ဆက်ထားမှုဆိုတာကို ကျွန်တော်တို့ မဖြစ်မနေ လိုအပ်နေခဲ့ပါပြီ။
အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုဆိုတာ အမှန်ပဲ ဒီအဆင့်အထိ ပြန်ရောက်လာဖို့အထိတောင် ကြိုတွေးထားဖို့ ခက်ခဲ့တာပါ။ ဒါပေမဲ့အခု အတိုင်းအတာတစ်ခုအထိ ခရီးရောက်နေတာကြည့်ရင် ဒါမဖြစ်နိုင်စရာ မရှိဘူးဆိုတာ ရှင်းပါတယ်။
အပြန်အလှန်ယုံကြည်မှု တည်ဆောက်ဖို့ဆိုတဲ့ နောက်တစ်ဆင့်ကို တက်ကိုတက်ကြရပါမယ်။ လက်ရှိ ကချင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကိုသာ အမှန်တကယ် ရပ်တန့်နိုင်ခဲ့ပြီဆိုရင် ယုံကြည်မှုရေချိန်ဟာ အလုပ်ဖြစ်နိုင်တဲ့ အတိုင်းအတာကို ရောက်ပြီလို့ဆိုလို့ရပါပြီ။ တိုင်းရင်းသားတွေ မကျေနပ်တဲ့ အခြေခံအချက်တွေကို နားထောင်ပြီး လတ်တလောမှာ လုပ်နိုင်သလောက်ကိုပဲ လုပ်ပေးဦး၊ ဒါဟာ ခရီးဆက်ဖို့ တစ်အားဖြစ်စေမှာပါ။ ယုံကြည်မှုဆိုတာဟာ စကားလုံးတွေနဲ့ ၀ယ်လို့မရသလို၊ ကျည်ဆန်တွေနဲ့လည်း ပုံဖော်လို့မရတာ သေချာပါတယ်။ ယုံကြည်မှုကို လက်တွေ့အလုပ်နဲ့ပဲ တည်ဆောက်လို့ရပါမယ်။
ယုံကြည်မှုဆိုတာ တည်ဆောက်နိုင်မှ ပြည်ထောင်စုစစ်စစ်ဆိုတာ တကယ်ရှိလာနိုင်မှာပါ။ ကျွန်တော်တို့အားလုံးက ပြည်ထောင်စုကြီး ချောက်ထဲရောက်တော့မယ်ဆိုတဲ့ စကားနဲ့ ကယ်တင်ခြင်း တေးသံအောက်မှာ နားကွဲခဲ့ကြတာ။ တကယ်က ပြည်ထောင်စုစစ်စစ် ဆိုတာကိုပဲ လိုအပ်ခဲ့တာ။ ကျွန်တော်တို့အတွက် ငြိမ်းချမ်းရေး အန္တိမပန်းတိုင်ဟာ ပြည်ထောင်စုစစ်စစ်ပဲ။ မြန်မာနိုင်ငံအတွက် ဘယ်လိုမျိုးမှ ပြည်ထောင်စု စစ်စစ်လဲဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပေမဲ့ ဘယ်လိုမျိုးဆိုရင် မစစ်ဘူးလို့ ခံစားမိသလဲဆိုတာတော့ တိုင်းရင်းသားတိုင်း ဖြေနိုင်မဲ့ မေးခွန်းပါ။ အဲဒီမေးခွန်းတွေ မေးနိုင်ဖို့၊ ဖြေနိုင်ဖို့ မျက်နှာစုံညီ တွေ့ခွင့်ဆိုတာ ရှိလာဖို့လိုပါပြီ။
ဘူရွန်ဒီတို့၊ မိုဇမ်ဘစ်တို့လို နိုင်ငံမျိုးတွေတောင် ပြည်တွင်းစစ်ကနေ ငြိမ်းချမ်းရေးဆီ အရောက်လှမ်းနိုင်ရင် ကျွန်တော်တို့ဆီမှာရော ဘာလို့ မဖြစ်နိုင်စရာရှိမှာလဲ။
လတ်တလောမှာတော့ ငြိမ်းချမ်းရေးချိုးငှက်ကို ကြော်ပြီး ခေါင်ရည်နဲ့ မြည်းသလိုဖြစ်နေတဲ့ ကဗျာမဆန်တဲ့ ကြေကွယ်ဖွယ်ဇာတ်လမ်းကို အရင်ဆုံး ရပ်ကြရပါလိမ့်မယ်။
တစ်ဖက်တည်းနဲ့ တီးလို့မမြည်တဲ့ လက်ခုပ်ဆိုတာကိုတော့ မေ့ထားလို့မရပေမဲ့ ကိုယ်ကစ လက်လှမ်းဖို့ရာတော့ အားကြီးသူက သဘောထား ကြီးပြရပါလိမ့်မယ်။ ငြိမ်းချမ်းရေးချိုးငှက်ကို အမုန်းမီးက လောင်မြိုက်မသွားခင်မှာ ဂျင်မီဟင်းဒရစ်ပြောသလိုပဲ ချစ်ခြင်းရဲ့အာဏာနဲ့ ငြှိမ်းကြရပါမယ်။ အဲဒီကမှ အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေးဆိုတာ တကယ်ဖြစ်လာဖို့ လမ်းပွင့်လာမှာပါ။
ပုပ်ရဟန်းမင်းကြီး ဘင်နစ်ဒစ်-၁၆ က ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ "ငြိမ်းချမ်းရေးဆိုတာ အမှန်တရားနဲ့ ချစ်ခြင်းအပေါ် တံခါးဖွင့်ထားတဲ့ ယုံကြည်ချက်နဲ့မှသာ အောင်မြင်ပေါက်မြောက် နိုင်တယ်ဆိုတာပါ"။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis