menu

Wednesday 5 September 2012

အမှန်တရားနဲ့ အမေ့စကား(နီမင်းဆွေ)




ကိုယ်ငယ်စဉ်တုန်းက မဟုတ်တာတစ်ခုခုကို လုပ်ချင်မိပြီဆိုရင် ဘာရယ်ညာရယ် သိပ်စဉ်းစားမနေတော့ဘူး၊ စွတ်ရွတ်ပြီး လုပ်ချလိုက်တာပဲ။ ကိုယ်လုပ်တဲ့အလုပ်ကို တစ်ချိန်ချိန်မှာ လူတွေသိသွားနိုင်သလား၊ နောက်သိသွားရင် လူတွေကိုယ့်ကို ဘယ်လိုထင်သွားနိုင်မလဲဆိုတာတွေကို မစဉ်းစားခဲ့ပါဘူး။ အထူးသဖြင့် အသက် ၁၈ နှစ် ၁၉ နှစ်သား အရွယ်လောက်တုန်းကဆို ပိုဆိုးပါတယ်။ အဲဒီလိုလုပ်လိုက်လို့ ပြဿနာတွေတက်လာပြီဆိုရင် ကိုယ့်အတွက် သွားရှင်းရလိုက် တောင်းပန်ရနဲ့ အမေ့ ခမျာ ဒီသားတစ်ယောက်အတွက် စိတ်ဆင်းရဲခဲ့ရတဲ့ အကြိမ်ပေါင်းဟာလည်း မနည်းခဲ့ပါဘူး။
တစ်ခါမှာတော့ အမေဟာ ကိုယ့်ကြောင့် တက်သွားရတဲ့ ပြဿနာတစ်ခုကိုရှင်းပြီးပြန်အလာ ကိုယ့်ကိုခေါ်ပြီး'သားက မဟုတ်တာတွေကို သိပ်လုပ်ချင်ပြီး၊ အဲဒီအလုပ်တွေကို လူမသိအောင်လုပ်တဲ့နည်းလမ်းလည်း မသိဘူး'လို့ ကိုယ့်ကို ပြောလိုက်ပါတယ်။ ကိုယ်လည်း တော်တော်ဝမ်းသာသွားပြီး 'မဟုတ်တာကို လူမသိအောင် ဘယ်လိုလုပ်ရလဲ အမေ' လို့ ပြန်မေးမိပါတယ်။ အဲဒီတော့မှ အမေက 'မဟုတ်တာကို လူမသိအောင် လုပ်တဲ့နည်းကတော့ အဲဒီအလုပ်ကို အစကတည်းကမလုပ်ဘဲ နေလိုက်ရုံပဲပေါ့သားရယ်'လို့ ပြန်ပြောခဲ့ပါတယ်။

အမေ့စကားကြားကြားချင်း မဟုတ်တာကို လူမသိအောင် လုပ်ချင်တဲ့ကိုယ့်မှာတော့ ပက်လက်လန်သွားရပါတယ်။ နောက် အမေမရှိတော့မှ အမေပြောခဲ့တဲ့ စကားလေးကို တစိမ့်စိမ့်သတိရပြီး လောကမှာ မဟုတ်တာကို လူမသိအောင်လုပ်လို့ မရနိုင်ပါလား၊ နောက်ပြီး မရိုးသားတဲ့အလုပ်ဆိုတာမျိုးကို တစ်ကြိမ်တစ်ခါလုပ်လိုက်မိတာနဲ့ ဘ၀သေပြီး တစ်ခါတည်း ကိစ္စပြတ်သွားတတ်ပါလားဆိုတာတွေကို တစ်ဆက်တည်း နားလည်လာခဲ့ရပါတယ်။
လောကမှာ လူဟာ မကောင်းတာကို လုပ်ချင်တဲ့စိတ်ဟာ ကောင်းတာကို လုပ်ချင်တဲ့စိတ်ထက် ပိုများနေလေ့ရှိပါတယ်။ မကောင်းတာကို လုပ်ချင်တဲ့စိတ်တွေ များနေတဲ့သူဟာ ကိုယ်တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကိုလည်း နောင်တစ်ချိန်မှာ သိလာရပါတယ်။ ကိလေသာကင်းစင်တဲ့ သက်ရှိသတ္တ၀ါဆိုတာ လောကမှာ မရှိသလောက် ရှားလှပါတယ်။ တစ်ခါတုန်းက ဂရိတွေးခေါ်ပညာရှင်ကြီးတစ်ယောက်ကို တဏှာရာဂ အလွန်ပြင်းထန်တဲ့လူကြီးလို့ လူတစ်ယောက်က စွပ်စွဲပါတယ်။ အဲဒီမှာ တွေးခေါ်ပညာရှင်ကြီးရဲ့ တပည့်တွေက စိတ်ဆိုးပြီး ပြောတဲ့လူကို ၀ိုင်းပြီး ရိုက်မယ်ပုတ်မယ်လုပ်ကြပါတယ်။ အဲဒါကိုသိသွားတဲ့ဆရာကြီးက 'မင်းတို့ ဘာမှသွားမလုပ်ကြနဲ့ သူပြောတာ မှန်တယ်၊ ဒါပေမယ့် ငါကဒီစိတ်တွေကို ထိန်းချုပ်ထားနိုင်လို့သာ လူ တွေမရိပ်မိကြတာ'လို့ ပြန်ပြောခဲ့ဖူးပါတယ်။
ဒါပေမယ့်မဟုတ်တာကို မလုပ်မိအောင် ကိုယ့်ကိုကိုယ်ထိန်းဖို့ဆိုတာ တကယ်တော့ သိပ်မလွယ်လှပါဘူး။ နောက်ပြီး ဟုတ်မှန်ရာကို လုပ်ရတာဟာလည်း ဆေးခါးကြီးကိုမျိုရသလို မတရားခက်လှပါတယ်။ သာမန်လူတွေဟာ လွယ်တဲ့လမ်းကိုလိုက်သွား လေ့ရှိကြပါတယ်။ တချို့မြင့်မြတ်တဲ့ စိတ်ထားရှိပြီး စိတ်ဓာတ်ခိုင်မာသူတွေသာ ဒီလိုအခက်အခဲတွေကြားက ရုန်းထွက်နိုင်ကြပါတယ်။ သူတို့ဟာ အမှန်တရားနောက်ကို အသက်ပေးပြီး ဦးလည်မသုန် လိုက်လေ့ရှိ ကြတာပါ။ ဒီကိစ္စနဲ့ ပတ်သက်လို့ အနီးစပ်ဆုံးမြင်သာအောင် ဥပမာနှိုင်းပြီး ပြောပြစရာ သာဓကတွေ အများကြီးရှိပါတယ်။
ကမ္ဘာပေါ်က ထင်ရှားတဲ့ခေါင်းဆောင်တွေကို ကြည့်မယ်ဆိုရင် သူတို့မှာရှိတဲ့ မြင့်မြတ်တဲ့ အချက် ၃ ချက်ကြောင့် လူတွေ ကြည်ညိုလေးစားကြတယ်ဆိုတာကို တွေ့ရမှာ ဖြစ်တယ်။ ပထမတစ်ချက်က အမှန်တရားကို မြတ်နိုးတာရယ်၊ ဒုတိယအချက် က ရိုးသားတာရယ်နဲ့ တတိယအချက်က အသိဉာဏ် ထက်မြက်တာရယ်ကြောင့်ပဲ ဖြစ်ပါတယ်။
အမေရိကားမှာ အခုလက်ရှိ သမ္မတအိုဘားမားထိ သမ္မတပေါင်း ၄၄ ဆက် ရှိခဲ့ပါပြီ။ ဒီသမ္မတတွေ အားလုံးကို လူတွေတသသနဲ့ သတိရနေကြတာတော့ မဟုတ်ပါဘူး။ ရင်ထဲ အသည်းထဲက ဒီကနေ့ထက်တိုင် မေ့မရနိုင်တဲ့ သမ္မတတွေရှိခဲ့သလို နာ မည်တောင် မကြားချင်လောက်အောင်ဖြစ်ရတဲ့ သမ္မတတချို့တလေလည်း ရှိခဲ့တာပါပဲ။ အဲဒီလို အခုအချိန်ထိ လူတွေကျေးဇူးတင်နေကြတဲ့ သမ္မတ ၁၀ယောက် သတ်မှတ်ထားတဲ့အထဲမှာ ခုနကပြောခဲ့တဲ့ ကောင်းတဲ့အချက်တွေ ဘယ်လိုရှိနေတယ်ဆိုတာရယ် လူတွေ သတိမရချင်ကြတဲ့ သမ္မတတွေမှာရော ဘယ်လိုချို့ယွင်းအားနည်းချက်တွေ ရှိနေသလဲဆိုတာရယ်ကို စိတ်ဝင်စားခဲ့မိပါတယ်။ အဲဒီလို အထူးချွန်ဆုံးသမ္မတ ၁၀ ယောက်နဲ့ အညံ့ဆုံးသမ္မတ ၁၀ ယောက်အ ကြောင်း ဖော်ပြထားတဲ့ စွယ်စုံကျမ်းတစ်ခုကို လူတွေတော်တော်များများ ကြိုက်ကြတာကို တွေ့ရပါတယ်။

နိုင်ငံတစ်နိုင်ငံမှာ ကောင်းတာလုပ်တာကို မကြိုက်တဲ့လူတစ်စုဆိုတာ ဘယ်တော့မဆို ရှိနေတတ်ပါတယ်။ နံပါတ် ၆ နေရာရတဲ့ သမ္မတ 'ဂရိုဗာကလိဖ်လင်း' ပြောခဲ့သလိုပြောရရင် ဒီလူတွေဟာ အသားထဲက လောက်ထွက်ကြတဲ့လူတွေပါပဲ။ အဲဒီလူတွေဟာ အသိဉာဏ် ထက်မြက်ကောင်း ထက်မြက်မှာဖြစ်ပေမယ့် အမှန်တရားနောက် မလိုက်ချင်သူ မရိုးသားသူတွေ ဖြစ်ကြပါတယ်။ တိုင်းပြည်ဘာဖြစ်ဖြစ် ငါပိုက်ဆံရရင်ပြီးရောဆိုတဲ့လူတွေ ဖြစ်ကြပါတယ်။ ဒီလူတွေဟာ ငါတို့လုပ်တာကို ပြည်သူတွေ မသိလောက်ဘူးလို့ ထင်နေကြသူတွေလည်း ဖြစ်တယ်  . . .
အဲဒီစွယ်စုံကျမ်းထဲမှာ ဖော်ပြထားတဲ့ ထူးချွန်တဲ့သမ္မတတွေထဲမှာ 'ဂျွန်အက်ဖ်ကနေဒီ'(John F Kenne-dy)က နံပါတ် ၁၀ နေရာမှာ ရှိပါ တယ်။ သူ့ကိုကျေးဇူးတင်နေပြီး လူတွေ အားကျအတုယူချင်ကြတဲ့ အချက်တွေထဲက တစ်ချက်က သူဟာသူ့ရဲ့ အစိုးရအဖွဲ့ထဲကို အင်မတန်တော်တဲ့ ကျောင်းဆရာတွေ၊ စာရေးဆရာတွေ၊ သိပ္ပံပညာရှင်တွေနဲ့ အသိဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေအများကြီးကို ခေါ်လာခဲ့လို့ပဲဖြစ်ပါတယ်။
တော့ 'သောမတ်စ် ဂျက်ဖာဆန်'(Thomas Jefferson) ဖြစ်ပါတယ်။ သူ့ရဲ့ အထူးခြားဆုံး အရည်အချင်းကတော့ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကို ရှေ့တန်းတင်ဦးစားပေး ဆောင်ရွက်လေ့ရှိပြီး အဲဒါတွေလုပ်ပြီးမှ သူစိတ်ဝင်စားတာကို လုပ်လေ့ ရှိတဲ့အတွက်ကြောင့်ပဲလို့ ဆိုပါတယ်။
နောက်နံပါတ် ၆ နေရာမှာရှိတဲ့ သမ္မတ'ဂရိုဗာကလိဖ်လင်း' (Grover Cleveland) အကြောင်းပြောကြေးဆိုရင်တော့ ပြောစရာတွေ တော်တော်များများ ရှိပါတယ်။ ဒါပေမယ့် သူပြောခဲ့တဲ့စကား ၃ ခွန်းကို ပြန်ပြောရုံနဲ့ သူ့ရဲ့အမှန်တရားကို မြတ်နိုးမှုနဲ့ အသိဉာဏ်ထက်မြက်မှုတွေကို ရိပ်စားမိနိုင်တာမို့ အဲဒီစကား ၃ ခွန်းကိုပဲ ပြန်လည်ဖော်ပြပေးချင်မိပါတယ်။
'ကျွန်တော်တို့ကို အခွင့်အရေးပေးပါ၊ ဒါမှဆင်းရဲတဲ့ အလုပ်သမားတွေကို သက်သာချောင်ချိအောင် လုပ်ပေးနိုင်မှာဖြစ်တယ်လို့ ပြောလာတဲ့ လူချမ်းသာတွေရဲ့ စကားကို ဘယ်တော့မှမယုံနဲ့'
'အစိုးရ၀န်ထမ်းဆိုတာ ပြည်သူကို အလုပ်အကျွေးပြုရတဲ့သူတွေ ဖြစ်တယ်၊ သူတို့ဟာပြည်သူက ပြုစုပေးလိုက်တဲ့ ဥပဒေတွေကို အသက်ဝင်ပြီး အကောင်အထည်ပေါ်လာအောင် ပုံဖော်ပေးရမယ့်လူတွေလည်း ဖြစ်တယ်' ဆိုတာနဲ့ 'ဒီမိုကရေစီသင်္ဘောကြီးဟာ ဘယ်လို မုန်တိုင်းမျိုးကိုမဆို ခံနိုင်ရည်ရှိပေမယ့် တစ်ခါတစ်ရံမှာတော့ သင်္ဘောထဲက သင်္ဘောသားတွေရဲ့ ပုန်ကန်ထကြွမှုကြောင့် နစ်မြုပ်သွားရတာမျိုးလည်း ရှိတတ်ပါတယ်'ဆိုတဲ့ စကား ၃ ခွန်းဖြစ်ပါတယ်။
နောက် ပဉ္စမနေရာမှာရှိတဲ့ နောက်တစ်ယောက်ကတော့ 'အမြဲပြုံး ပြုံးလေးနေပါ ဒါပေမယ့် လက်ထဲမှာတော့ တုတ်ကြီးကြီးကို ကိုင်ထားပါ' ဆိုတဲ့ အာဖရိကစကားပုံကို အလွန်တရာမှ နှစ်သက်တဲ့'သီးယဒေါ်ရူးဇဗဲ့' (Theodore Roosevelt) ပဲဖြစ်တယ်။ ဒီစကားကိုပြောခဲ့တဲ့ ရူးစဗဲ့ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သယံဇာတတွေ မပျက်စီးမယိုယွင်းအောင် ထိန်းသိမ်းတဲ့နေရာမှာ ကျန်တဲ့သမ္မတတွေအားလုံးထက်ပိုပြီးတော်လို့ လူတွေသူ့ကို ချစ်ခင်လေးစားကြတာလို့ ဆိုပါတယ်။
ဒီစွယ်စုံကျမ်းထဲက တတိယအတော်ဆုံးနေရာမှာ ဖော်ပြခံရတဲ့ သမ္မတကတော့'ဖရန့်ကလင်ဒီရူးစဗဲ့' (Franklin D. Roosevelt) ပဲ ဖြစ်ပါတယ်။ ရူးစဗဲ့ရဲ့ ထူးခြားတဲ့အချက်တွေကတော့ ဒီလိုပါ။ သူအိမ်ဖြူတော်ရောက်တဲ့အချိန်ဟာ စီးပွားရေးပျက် ကပ်ကြီးစဆိုက်တဲ့ အချိန်ဖြစ်နေပြီး အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံး ဒုက္ခရောက်နေတဲ့အချိန်  ဖြစ်နေတဲ့အတွက်ပါပဲ။ ရုံးပိတ်ရက်တွေများနေတဲ့ ဘဏ်တွေရဲ့ ရုံးပိတ်ရက်တချို့ကို ပယ်ဖျက်ပြီး ဘဏ်ဝန်ထမ်းတွေကို ရုံးပြန်တက်စေခဲ့ပါတယ်။ ဘဏ်တွေမှာ အိပ်နေတဲ့ငွေတွေကို ဘဏ်တွေအတွက်လည်း အကျိုးရှိအောင် ပြည်သူတွေကိုလည်း အထောက်အကူပြုနိုင်အောင် အလေးထားပြီး ကိုင်တွယ်ခဲ့တဲ့အချက်ဟာ သူ့ရဲ့ထူးခြားတဲ့ အရည်အချင်းတစ်ခုဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အကြွေးတွေတင်နေတဲ့ လယ်သမားတွေ၊ ပိတ်ပစ်ရတော့မယ့် အခြေအနေကို ဆိုက်နေတဲ့ စက်ရုံတွေနဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်းတွေကို အသက်ရှူချောင်စေပြီး နာလန်ထူလာစေမယ့် ဥပဒေတွေကို လွှတ်တော်က အတည်ပြုပေးနိုင် အောင် ကြိုးစားနိုင်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။ နောက်အဲဒီလို နိုင်ငံအခြေခိုင်အောင် ပြန်လုပ်နိုင်စပြုတဲ့အချိန်မှာ ဒုတိယကမ္ဘာစစ်ကြီး စဖြစ်တော့တာပါပဲ။ ဒီဒုတိယကမ္ဘာစစ်ကြီးကိုလည်း ကျန်းမာရေး အလွန်တရာဆိုးရွားနေတဲ့ကြားထဲက သူမသေခင် အချိန်ပိုင်းလေးအထိ စစ်ကြီးကို နိုင်မယ့်လမ်းစတွေပေါ်လာအောင် စွမ်းဆောင်ပေးသွားနိုင်ခဲ့ပါတယ်။ နောက်အရေးကြီးဆုံးတစ်ချက်ကတော့ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရယ်လို့ ဖြစ်ပေါ်လာစေနိုင်မယ့် အခြေခံအုတ်မြစ်တွေကို ချပေးနိုင်ခဲ့တဲ့အတွက်ပဲ ဖြစ်ပါတယ်။
နောက်အထူးချွန်ဆုံး သမ္မတလို့ အဲဒီစွယ်စုံကျမ်းက သတ်မှတ်သူကတော့ ၁၈၆၁ ခုနှစ်ကနေ ၁၈၆၅ ခုနှစ်ထိ သမ္မတတာဝန်ထမ်းဆောင်သွားတဲ့ 'အေးဘရာဟမ်လင်ကွန်း' (Abraham Lincolm) ပဲဖြစ်ပါတယ်။ လင်ကွန်းဟာ သူ့နိုင်ငံကို ကမ္ဘာပေါ်က ဒီမိုကရေစီ ဖော်ဆောင်နိုင်တဲ့နိုင်ငံတွေထဲမှာ ထိပ်ဆုံးက ရှိစေချင်ခဲ့တာပါ။ ဒါပေမယ့် အမေရိကန်တောင်ပိုင်းမှာ ကျွန်စံနစ်ကို ကျင့်သုံးနေကြလေတော့ သူ့ရဲ့မျှော်လင့်ချက်က အင်မတန်မှ အလှမ်းကွာဝေးနေခဲ့ပါတယ်။ ဒါ့ကြောင့် ကျွန်စံနစ်ကို ဖျက် သိမ်းပစ်တဲ့အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီမှာတင် လူလူချင်းကို တိရစ္ဆာန်လို သဘောထားချင်တဲ့စိတ်ကို မချုပ်တည်းနိုင်တဲ့ တောင်ပိုင်းက ပြည်နယ်တွေက ပြည်ထောင်စုကို အာခံကြတော့တာပါပဲ။ တိုင်းပြည်ဟာ ပြိုကွဲတော့မလိုဖြစ်နေပြီး ချောက် ထဲကိုကျဖို့ ခြေတစ်ဘက်တောင် လှမ်းနေပါပြီ။ စစ်ဖြစ်စေနိုင်မယ့် လုပ်ရပ်မှန်သမျှကို ဘယ်သူမှလက်ခံကြမှာမဟုတ်ဘူးဆိုတာ ကိုလင်ကွန်းသိပါတယ်။ သူ့ကိုမုန်းတီးတဲ့လူတွေ အရမ်းများလာမယ်ဆိုတာကိုလည်း သူနားလည်ထားပါတယ်။ ဒါပေမယ့် လင်ကွန်းဟာ သူ့ဘ၀တစ်ခုလုံး ပေးဆပ်ရပေးဆပ်ရ တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ်က လွတ်မြောက်ရင်ပြီးရောလို့ ခံယူထားသူဖြစ်ပါတယ်။ သူမျှော်လင့်ထားတဲ့အတိုင်းသူဟာ ပြည်တွင်းစစ်ကြီးပြီးလို့ ရက်ပိုင်းအတွင်းမှာပဲ လုပ်ကြံခံသွားခဲ့ရပါတယ်။
နိုင်ငံတစ်နိုင်ငံမှာ ကောင်းတာလုပ်တာကို မကြိုက်တဲ့လူတစ်စုဆို တာဘယ်တော့မဆို ရှိနေတတ်ပါတယ်။ နံပတ် ၆ နေရာရတဲ့ သမ္မတ 'ဂရိုဗာကလိဖ်လင်း' ပြောခဲ့သလို ပြောရရင် ဒီလူတွေဟာ အသားထဲက လောက်ထွက်ကြတဲ့လူတွေပါပဲ။ အဲဒီ လူတွေဟာ အသိဉာဏ်ထက်မြက်ကောင်း ထက်မြက်မှာဖြစ်ပေမယ့် အမှန်တရားနောက် မလိုက်ချင်သူ မရိုးသားသူတွေ ဖြစ်ကြပါတယ်။ တိုင်းပြည် ဘာဖြစ်ဖြစ် ငါပိုက်ဆံရရင်ပြီးရော ဆိုတဲ့လူတွေ ဖြစ်ကြပါတယ်။ ဒီလူတွေဟာ ငါတို့လုပ်တာကို ပြည်သူ တွေ မသိလောက်ဘူးလို့ ထင်နေကြသူတွေလည်း ဖြစ်တယ်။
လူတွေအားလုံးဟာ ငတုံး ငအ တွေ မဟုတ်ကြပါဘူး။ တိုင်းပြည်မတိုးတက်အောင်တမင် ကပ်ဖဲ့လိုက်နေသူတွေရဲ့ ခြေပုန်းတွေကို မသိလို့ မဟုတ်ပါဘူး၊ အချိန်မကျသေးလို့သာ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ မရိုးသားတဲ့လုပ်ရပ်ကို လုပ်ချင်သူ တွေရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်သွားနိုင်မလဲဆိုတာကို ဒီလူတွေ မစဉ်းစားချင်ကြဘူး။ နိုင်ငံရေးမှာ သွေးရိုးသားရိုး မှားသွားတာကို ပြည်သူက လက်ခံနိုင်မှာ ဖြစ်ပေမယ့် မရိုးသားတာကိုတော့ ဘယ်သူမှ လက်ခံနိုင်ကြမှာ မဟုတ်ဘူးဆိုတာကိုလည်း နားမလည်ကြတဲ့သူတွေပါပဲ။
ဒီလို ကိုယ့်နိုင်ငံကောင်းစား မယ့်အရေးကို လျစ်လျူရှုပြီး ခေတ်ဟောင်းကို ပြန်ရောက်လာလိမ့်နိုး ရောက်လာလိမ့်နိုးနဲ့ မျှော်ကိုးနေတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေကို သူတို့ဘယ်လိုပဲ ဖုံးကွယ်ထားထား တစ်ချိန်မှာ အဲဒီစိတ်တွေဟာ ဘီလူးအစွယ်ထွက်သလို ပေါ်ထွက်လာမှာပါပဲ။ အခုတောင် ဒီသင်္ဘောကြီးကို နစ်စေချင်တဲ့ သူအချို့ရဲ့ စိတ်ဆန္ဒတွေကို လူတွေ ရိပ်မိနေကြပါပြီ။ ဒီလူတွေ သူတို့ရင်ထဲက မကောင်းတာ လုပ်ချင်တဲ့စိတ်တွေကို ထိန်းချုပ်မထားနိုင်ဘဲ ဒီအတိုင်းသာ ဆက်သွားနေကြမယ် ဆိုရင်တော့ နောင်တစ်ချိန်မှာ သူတို့ရဲ့ သားစဉ်မြေးဆက်တွေဟာ လူကြားထဲမတိုးရဲတဲ့ဘ၀ကို ရောက်ကုန်ကြမှာဖြစ်တယ်။
ဒါ့ကြောင့် လူသိသွားရင် လက်ခံနိုင်စရာမရှိတဲ့ ဒီလုပ်ရပ်တွေကို အမေပြောသလို အစကတည်းက မလုပ်ဘဲထားလိုက်မှ တိုင်းပြည်အတွက်ရော သူတို့အတွက်ပါ အကျိုးရှိလာနိုင်မှာဖြစ်တယ်ဆိုတာကို သူတို့ အချိန်မီသိသွားနိုင်ကြပါစေလို့ ဆု တောင်းလိုက်မိရတာပါပဲ။
EMG

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis