menu

Thursday 6 September 2012

ခရိုနီဒဏ်၊ ရာသီဥတုဘေးဒဏ်များကြားမှ လယ်သမားများအတွက် လက်တွဲဖော်(ဒေါက်တာထွန်းဝင်း(စိုက်ပျိုးရေး))

အင်္ဂလိပ်ကိုလိုနီခေတ်က ချစ်တီးနှိပ်စက်လို့ တို့လယ်သမားတွေ ကောက်ဆွနဲ့ဆန်ကောပဲ ကျန်တယ်။ ၁၉၆၂ ကနေ ၂၀၀၃ အထိကတော့ တာဝန်ကျေစပါးက ပိတော့ နွံထဲက မတက်နိုင်ဘူး။ ၂၀၀၃ နောက်ပိုင်းက အခု ထိကတော့ လယ်သမားရဲ့ အကျိုးအမြတ် လယ်သမားတွေရဲ့ အခက်အခဲကို ငဲ့ကွက်စဉ်းစားခြင်းမရှိဘဲ မိုးကျရွှေကိုယ်များရဲ့ ကိုယ့်ရဲ့ဂုဏ်သတင်းကျော်ဇော
မှုကိုပဲ ရှေ့တန်းတင်စဉ်းစားတဲ့၊ တပန်းထဲ ပန်းအောင် တွန်းအားပေးဆောင်ရွက်တဲ့ ပန်းတိုင်အထွက်နှုန်းရောက်အောင် လုပ်ဆောင်နေခြင်းများသည် ခေတ်ဟောင်းစနစ်ဟောင်းက အလုပ်မဖြစ်ခဲ့တဲ့ ပုံစံများသာဖြစ်ပါတယ်။ ခေတ်မမီတော့ပါဘူး။

ဥပမာအားဖြင့် လယ်ယာကဏ္ဍအကျိုးစီးပွားကို ယမမင်းစည်းစိမ်ပမာလွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကပင်ယနေ့တိုင်ခံယူဆဲ ဖြစ်တဲ့ ကမ္ဘာ့သီးနှံ အများဆုံး ထုတ်လုပ်ရောင်းချနေတဲ့ အမေရိကန်နိုင်ငံကြီးရဲ့ နိုင်ငံတော်စိုက်ပျိုးရေး ရည်ရွယ်ချက်သည် အမေရိကန်လယ်သမားများ ထုတ်လုပ် သမျှ အားလုံးသော သီးနှံများကို ကမ္ဘာ့ဈေးကွက်မှာ ယှဉ်ပြိုင်ရောင်းချပြီး တောင်သူ အကျိုးအမြတ်ရရှိရေးကို ဦးတည်ဆောင်ရွက်နေလို့ ဆိုတာကို နှိုင်းယှဉ်လေ့လာသိရှိခြင်းဖြင့် သဘောပေါက်နိုင်ပါတယ်။ အဲဒီအခါ တောင်သူက အ ကျိုးအမြတ်ရလေတော့ မထွက်ထွက်အောင် ကြိုးစားတယ်။ ထွက်နိုင်သမျှ နည်းလမ်းမျိုးစုံကို အပြိုင်အဆိုင်ရှာဖွေတယ်။ အဲဒီမှာ စိုက်ပျိုးရေးပညာရှင်တွေက ကူညီပေးတယ်။ သိပ်ကိုရှင်းလင်းပြီး ထင်သာ မြင်သာရှိပါတယ်။

ကျွန်တော်တို့ဆီမှာတော့ ဒီလို ရှင်းလင်းမြင်သာတဲ့လမ်းကို အခုလုပ်အခုရနိုင်ပါသော်လည်း ဦးဆောင်သူများ လူမှန်နေရာ မှန်မဟုတ်လို့ တစ် ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားသော်လည်း လယ်သမားဘ၀၊ တိုင်းပြည်ပါမွဲနေဆဲ၊ ဆင်းရဲတွင်းနက်ဆဲပါ။ ဒီထက်ဆိုးဝါးတဲ့အချက်က ၁၉၈၇ နောက်ပိုင်းမှ ယနေ့ထိတိုင် အာဏာရှိသူနဲ့ ခရိုနီ၊ ပြာ၊ ၀ါ တို့က တောင်သူများ ချွေး၊ သွေးနဲ့ ပြုပြင်ထားတဲ့ မြေရိုင်းမှ မြေယဉ်များကို သက်ဆိုင်ရာဌာနများရဲ့ ကူညီပံ့ပိုးမှုနဲ့ မတရားသိမ်းယူနေခြင်းများသည် နိုင်ငံတော်ရဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးစီမံ ကိန်းမှသည် တောင်းရမ်း စားသောက်သူ ပပျောက်ရေးစီမံကိန်းသို့ တိုးချဲ့လုပ်ဆောင်သွားဖို့ ပို့ဆောင်ပေးသလို ဖြစ်နေပါတယ်။

ကောက်ဆွနဲ့ ဆန်ကောပဲကျန်အောင် ဖိနှိပ်တဲ့ ချစ်တီးများထက်ဆိုးသော တောင်သူ၊ လယ်ပိုင်ဘ၀မှ လယ်ကူလီဘ၀သို့ ပို့ဆောင်ပေးနေသော သက်ဆိုင်သူများနဲ့ ခရိုနီများ၊ ယင်းတို့လုပ်ငန်းတရားဝင် ဖြစ်ရေးအတွက် ကူညီဖေးမပေးတဲ့ မြေယာအာဏာ ပိုင်ဝန်ထမ်းများဟာ တကယ်တော့ မိမိတို့ရဲ့ ထမင်းရှင်၊ အဖိနှိပ်ခံ၊ ဆင်းရဲသူအပြစ်မဲ့တောင်သူလယ်သမားများရဲ့ ထမင်းအိုးကို ရိုက် ချိုးသူများဖြစ်လို့ သူတို့တွေ၏ကံ အကျိုးပေးဟာ ကောင်းကွက်တစ် ချက်မှ ရှိမယ် မထင်ဘူး။ တစ်ဘ၀ များသာဖြစ်တယ်။ သူတို့ရဲ့ ပုံရိပ်များဟာ အပြစ်မဲ့တောင်သူများရဲ့ ဘ၀အဆက်ဆက်မှာ ဖျောက်မရ၊ ဖျက်မရတဲ့ အမည်းစက်ပုံရိပ်များဖြစ်လို့သံသရာ အကျိုးပေးကို စဉ်းစားဆင်ခြင် ဆောင်ရွက်သင့်ကြပါတယ်။ ဒီလိုလူ့ပယောဂ ဘေးဒဏ် တွေကြားထဲ အလူးအလဲ ခံစားနေရဆဲမှာ မုဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို အချိန်အ ခါမဟုတ် မိုးရွာမှု၊ မြစ်ရေကြီးမှုတို့ကြောင့် ၎င်းမြန်မာပြည်ရဲ့ ဆန်အိုးတည်ရှိရာ ဧရာဝတီ၊ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင်ပြည်နယ်တွေရဲ့ လယ်မြေဧကစုစုပေါင်းခြောက်သိန်းကျော်သည် ဇူလိုင်တတိယပတ်မှ ယနေ့ထိတိုင် တစ်လကျော်ရေမြုပ်ခံနေရတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်ဆိုင်ရာဌာနများကိုဆက်သွယ်မေးမြန်းတော့လည်း ဒါ နှစ်စဉ်ဖြစ်ရိုးဖြစ်စဉ်ကိစ္စဖြစ်လို့ ပူပန်စရာမလို၊ အားလုံးအဆင်ပြေသွားမှာပါလို့ပဲ ပြောပါတယ်။

တကယ်တော့ ပူပန်စရာ အပြည့်ရှိပါတယ်။ စပါးသီးနှံဟာ ပျိုးခင်းဘ၀အရွယ်မှာ ရေမြုပ်လို့ ၁၀ ရက်ဆိုရင် အားလုံးသေပါတယ်။ အခုလို တစ်လ၊ နှစ်လအရွယ် လောက်ဆိုရင်တော့ အရွယ်တွေအားလုံးရွံ့ကပ်လို့ နှစ်ပတ်ကနေ သုံးပတ်အတွင်းမှာ ရိနွမ်းပြီးသေပါတယ်။ ဒါဆိုရင်အခုရေမြုပ်နေဆဲ
ဖြစ်တဲ့ စပါးခင်းဧကခြောက်သိန်းခွဲစလုံးဟာ လုံးဝမျှော်လင့်ချက်ကင်းစွာ ရွှံ့နွံ့များကပ်ပြီး ရိနွမ်း၊ ပုတ် ဆွေးသေဆုံးသွားမှာ အသေအချာဖြစ်ပါ တယ်။ ဒါကို ထုံးစံအတိုင်း ရေကျလို့ပြန်ကောင်းလာမယ်ထင်ပြီး ကိန်းဂဏန်းတွေလုပ်ပြီး မကောင်းသတင်း မမြင်လို မကြားလိုသော အတိတ် အစွဲအလမ်းများကို ဆက်လက်ဖြေဖျောက်လိုကလည်း ဖြေဖျောက်ကြလေရော့။

ဒါပေမဲ့ ဒီပျက်စီးသွားတဲ့ လယ်တွေကိုပြန်စိုက်ဖို့ စီမံဆောင်ရွက်ခြင်း မပြုကြရင်တော့ ဒီပျက်စီးဆုံးရှုံးတဲ့ စပါးလယ်မြေက ရရှိမယ့်ဆန်တင်းပေါင်း လေးသိန်းဆုံးရှုံးဖို့ရှိပါတယ်။ ဒီဆန်လေးသိန်းပမာဏသည် မနှစ်က မြန်မာပြည်ရဲ့ ပို့ကုန်ပမာဏဆိုတော့ လာမယ့်နှစ်ရာသီအတွက် အရေးပေါ် ဆန်ထားရှိဖို့အတွက်ပါ အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့်ဒီရေမြုပ်လယ်တွေ လာမည့်ကာလအတွင်း တဖြည်းဖြည်း ကျဆင်းချိန်မှာ ရေကျ နောက်စိုက်လိုက်စိုက်နိုင်ဖို့ အခုကတည်းက ပျိုးခင်းကိုမြင့်ရာမှာထောင်ဖို့ လိုတယ်။ ပျိုးထောင်ဖို့ မျိုးစေ့လိုမယ်။ ဘာလို့လဲဆိုတော့ ယခုနှစ်ရေ ကြီးတာက ကယ်ဆယ်ရေးစခန်း ရာကျော်ဖွင့်ပြီး လက်ခံရအောင် တောင်သူတွေ နေရပ်စွန့်ပြီး လွတ် ရာပြေးခဲ့ရလို့ မျိုးစပါးကို သယ် နိုင်ဖွယ်မထင်၊ ဒီစပါးဧကခြောက်သိန်းခွဲအတွက် မျိုးစေ့တင်းပေါင်း ၁၀ သိန်းလောက်လိုပါတယ်။

ဒါ့အပြင် မိုးရေမကျမီအောက်တိုဘာလမတိုင်မီမှာ ပျက်စီးသွားတဲ့ လယ်မြေဧကခြောက်သိန်းခွဲအတွက် တောင်သူ သူ့ဘာသာသူပြန်စိုက်မှာပဲဆိုတဲ့ လုပ်ရိုးလုပ်စဉ်မျက်နှာလွှဲခဲပစ်စီမံကိန်း သဘောမျိုးမထားဘဲ လယ်မြုပ်ဒေသတိုင်းကတာဝန်ရှိသူများဖြစ်တဲ့ နိုင်ငံတော်ရဲ့
ဒေသဆန်ကုန်သည်၊ ဆန်စက်ပိုင်ရှင်များ၊ အင်န်ဂျီအိုများသည် ယခုအချိန်မှစ၍ မထိခိုက်သော ဒေသများမှ မျိုးစပါးများကို ၀ယ်ယူစုဆောင်း၍ပံ့ပိုးဝေငှသင့်ပါတယ်။ ဒီလိုရေကျပြီး ဒေသတွေမှာ စိုက်သင့်တဲ့မျိုးတွေကတော့ သက်တမ်း ၉၀ မှ ၁၁၀ ရှိတဲ့ ၇၄၇၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ ရတနာတိုး၊ ရွှေမြန်မာ စတဲ့မျိုးတွေသာ ဖြစ်သင့်ပြီး ယခုမျိုးရရချင်း ကုန်းလွတ်နေရာများမှာ ကြိုတင်ပျိုးထောင်ထားကြမယ်။ ရေကျလျှင်ကျခြင်း နေရာတွေမှာ ထွန် ယက်ပြီး အလိုက်သင့် တဖြည်းဖြည်းစိုက်မယ်ဆိုရင် ဒီရေကျပြီး လယ်မြေများက စပါးအထွက် သည်တစ်ဧက တင်းရာကျော်မှာ အသေအချာ ဖြစ်တယ်။ ဒါ့ကြောင့်မို့ အကယ်၍ ပျက်စီးသော ၆၀၀၀၀ ကျော်မှာ ဧက ၃၀၀၀၀ လောက် ပြန်စိုက်နိုင်ရုံဖြင့် ပုံမှန်မိုးစိုက်ဧကအထွက်ကို ပြန်ပြီး ခုသွားနိုင်မယ်။ ရေကျပြီး လယ်မြေတွေမှာ စပါးထွက်ရခြင်းအား၊ ရေ ဖုံးစဉ်ကာလရှည်မှာ အနယ်ထိုင် ကျန်ခဲ့တဲ့ နုန်းအနယ်အနှစ်တွေသည် ရေကျနောက်ပိုင်းစိုက်တဲ့ စပါးတွေအတွက် မြေဆီအာဟာ ရကောင်းများဖြစ်ပြီး စိုက်ပျိုးချိန် ကာလတစ်လျှောက်လည်း နေ ရောင်အပြည့်အ၀ ရရှိတာကြောင့်ဖြစ်တယ်။ ယူတတ်မယ်ဆိုရင် အဆိုးထဲက အကောင်းပြန်ပြီးရရှိနိုင်လို့စပါးပြန်စိုက်ဖို့ကို အထူးအလေး ထားဆောင်ရွက်သင့်ပါတယ်။

စာရေးသူ ၁၀ နှစ်ကာလ အတွေ့အကြုံအရ အခုလိုမိုးရာသီကာလ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ အာဏာပိုင်နဲ့ ဆန်စပါး ပညာရှင်ကြီးများက ၁၉၇၈ မှစတင်၍ ဒေသစပါးမျိုးများ မထွက်မှာစိုး၍ ယင်းဒေသစပါးမျိုးများ နေရာတွင် မနောသုခ၊ သီးထပ်ရင်၊ ဆင်းသွယ်လတ်၊ မနော်ဟရီ၊ ရွှေဝါထွန်း၊ ကျော်ဇေယျ၊ ရတနာ တိုးတို့လို အပြည်ပြည်ဆိုင်ရာ ဆန်စပါးသုတေသနထုတ်မျိုးများ ကိုအစားထိုးစိုက်ခဲ့တယ်။ ယခင် တောင်သူများ သမားရိုးကျ အသုံးပြုတဲ့ ပေါ်ဆန်း၊ ငကျွဲ၊ နှံကား စပါးတွေလောက် မထွက်နိုင်ဘူးလို့ ယူဆလို့ပါပဲ။ တကယ်တော့ ဒီစပါးမျိုးတွေ ဖြစ်တဲ့မနောသူခ အပါအ၀င် မျိုးအုပ်စုသည် ပုလဲ သွယ်လို ဆည်ရေသောက်လယ် မြေတွေအတွက်သာ ရည်ရွယ်ထုတ်လုပ်ထားခြင်းဖြစ်လို့ အခုလို မိုးရွာ ကာရေဒဏ်၊ လေ ဒဏ်ခံနိုင်ရည်မရှိခြင်း၊ မိုးရာသီကာလတစ်လျှောက် နေရောင်အပြည့်အ၀မရခြင်းကြောင့် သူတို့ထွက်နိုင်တဲ့ အထွက်တင်းရာကျော်မထွက်ဘဲ တစ်ဧကကို တင်း ၅၀ မှ ၆၀ လောက်ပဲထွက်နေခြင်းဖြစ်တယ်။ ဒါ့ကြောင့် မိုးရာသီမြစ်ဝကျွန်းပေါ် ဒေသမှာ အလားတူ အထွက်နှုန်း ၅၀ မှ ၆၀ ကျော်ထိ ထွက်နိုင်ပြီး ရာသီဘေးဒဏ်၊ မိုးဒဏ်၊ ရေမြုပ်ဒဏ်၊ ပိုးမွှားရောဂါဒဏ်ကို လုံးဝခံနိုင်ရည်ရှိတဲ့ ပေါ်ဆန်းဘေးကြားယဉ်၊ ငကျွဲ၊ နှံကား စပါးမျိုး တွေကိုပဲ စိုက်သင့်ကြောင်း အကြိမ်ကြိမ်အဆိုပြု တင်ပြနေခြင်းဖြစ်ပါတယ်။

ဒီဒေသမျိုးစပါးတွေဖြစ်တဲ့ ငကျွဲ၊ ပေါ်ဆန်းမျိုးတွေရဲ့ ရေမြုပ်ဒဏ်ခံနိုင်စွမ်းက ပြိုင်စံရှားပါတယ်။ စာရေးသူကိုယ်တိုင် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနမှာ ၁၉၉၀ ခုနှစ်က သူတို့ရဲ့ လေမဲ့အနေအထားခံနိုင်စွမ်းရည်ကို စမ်းသပ်ရာမှာ မျိုးစေ့တွေကို မြေအနက် တစ်လက်မနဲ့ ရေနှစ် လက်မအောက်မှာမြှုပ်ပြီး စမ်းသပ်စိုက်ပျိုးခဲ့တယ်။ ငကျွဲနဲ့ပေါ် ဆန်းမျိုးစေ့များသည်သာ မြေအတွင်းမှ ပေါက်ထွက်ပြီး ရေပေါ်အ ထိတိုင် ဖောက်ထွက်ရှင်သန်နိုင်ကြောင်းကို တွေ့ရှိခဲ့တယ်။ ဒါ့ ကြောင့်မို့ လေမဲ့ကာလ ရေဖုံးလွှမ်း စဉ်မှာ ဒီစပါးမျိုးတွေသည်သာအခြားလက်ရှိစပါးမျိုး တွေ ထက်ခံနိုင်ရည်ရှိပါတယ်။ ဒီအပြင် ဒီငကျွဲ၊ ပေါ်ဆန်း၊ စပါးတွေသည်သာရေကိုလွတ်အောင် အဆစ်ပိုများ ဆက်ထွက်ပြီး ရေလွတ်ရာကို ရှည် ထွက်နိုင်စွမ်းရှိပါတယ်။

ဒီလိုအရည်အချင်းတွေကို ပိုင်ဆိုင်ရုံမျှမက ရောင်းဈေးမှာ ဒီမနောသုခ၊ သီးထပ်ရင်စပါးများ ထက် (၂-၃) ဆရှိတာမို့ ပေါ်ဆန်း ငကျွဲစိုက်ဧက တစ်ဧကသည် မနောသုခ၊ သီးထပ်ရင်၊ ဆင်းသွယ်လတ်စိုက်ဧက နှစ်ဧက၊ သုံးဧကနဲ့ ညီပါတယ်။ ဆန်ကိုချက်ကြည့်မယ်ဆိုရင်လည်း အိုးနှစ်ဆတက်သမို့ ဆန်စားသုံးမှုကို ချွေတာနိုင်ပါတယ်။

ဒီလောက် ရာသီဒဏ်၊ ရေဒဏ်၊ မိုးဒဏ်ခံနိုင်ပြီး တောင်သူကိုလည်း အကျိုးအမြတ်ပေးတဲ့ ကမ္ဘာ့နိုင်ငံများရဲ့ အရည်အသွေး အကောင်းဆုံး ပထမဆုကိုလည်း နှစ်စဉ်အဆက်ချီးမြှောက်ခံရတဲ့ ဖျာပုံ ပေါ်ဆန်းဘေးကြားရင်ရဲ့ ကောင်းသတင်းဂုဏ်ကို မျက်ကွယ်ပြုပြီး အမေကျော် ဒွေးတော်လွမ်း ဇာတ်ခင်းတဲ့ တစ်ကြိမ်မျှယှဉ်တွဲ စမ်းသပ်ခြင်း မပြုပါဘဲလျက် နောက်မှ ပေါက်တဲ့ ရွှေကြာပင် ဒီပုလဲသွယ်စပါးသည်သာ ပေါ်ဆန်း
ဘေးကြားရင်ထက် အစစသာပါတယ်လို့ နိုင်ငံသိကြော်ငြာထုတ်ခြင်းသည် လွန်စွာမှအကျည်းတန်လှတယ်။ ရှက်ဖွယ်ကောင်းလှပါတယ်။ ဒါ့ကြောင့်မို့ လူဘီးလူခရိုနီ၊ ၀ါ၊ ပြာတို့ရဲ့ ဒဏ်၊ ရာသီဥတု ဘေးဒဏ်အမျိုးမျိုးအောက်မှာ ရဲဝံ့စွာတွန်းလှန်ရုန်းကန်လျက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တောင်သူလယ်သမားများအတွက် အလားတူရာသီဘေးဒဏ်ဖြစ်တဲ့၊ ရေကြီးနစ်မြုပ်မှုဒဏ်ကို ခံနိုင်တဲ့၊ စီးပွားရေးအရလည်းကောင်း ကူ ညီပံ့ပိုးပေးဖို့ အဆင့်သင့်ရှိနေတဲ့ ပေါ်ဆန်းဘေးကြားရင်ကိုသာ လာမည့် မိုးရာသီမှာအကောင်းဆုံးသော မိတ်ဆွေအဖြစ်အသုံးချ စိုက်ပျိုးကြမယ်ဆိုရင်တော့ ဒီရေကြီးနစ်မြုပ်လေ့ရှိတဲ့ မြန်မာပြည်ဆန်အိုးဒေသတိုင်းကြီးများအတွက် ရင်လေးစရာ မလိုတော့ဘူးပေါ့။ ။
7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis