menu

Thursday 6 September 2012

လက်နက်နှင့် တရားမျှတမှု( ဂျူး )



လက်နက်၏ အငြင်းပွါးစရာမလိုသော နောက်ဆုံးရလဒ်မှာ အသက်ကို အန္တရာယ် ပြုခြင်းပင် ဖြစ်သည်။ လက်နက်ဆိုရာ၌ လူ့အသက်ကို သေစေနိုင်သော ပစ္စည်းအားလုံးများ ပါဝင်၏။ ဓါး၊ သေနတ်တို၊ သေနတ်ရှည်မှ အစ မိုလိုတော့ဗုံးအထိ ပစ္စည်းမှန်သမျှသည် လက်နက်ဖြစ်သည်။ သို့သော် လက်နက်သည် ကိုင်တွယ်အသုံးပြုသူ၏ စိတ်စေတနာပေါ်မှာ မူတည်ပြီး ဂုဏ်သတ္တိနှစ်မျိုး ကွဲပြားသွားပါသည်။တရားမျှတ ဖြောင့်မတ်သူ၏ လက်ထဲတွင် လက်နက်သည် မိမိကိုယ်ကို ကာကွယ်ရန် အားကိုးရသည့်ပစ္စည်း၊ သို့သော် ကိုယ်ကျင့်သိက္ခာ မတည်ကြည်သူ၊ လူသားအချင်းချင်း ညှင်းပန်းအနိုင်ယူလိုသူ၏ လက်ထဲတွင်တော့ လက်နက်သည် အာဏာဖြစ်သည်။ လက်နက်သည် ခြိမ်းခြောက် အနိုင်ယူခွင့်ရှိသည့် ပစ္စည်းတခု ဖြစ်သည်။


အမေရိကန် ပြည်ထောင်စုတွင် ၁၇၉၁ ခုနှစ်မှစ၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နောက်ဆက်တွဲ ပြင်ဆင်ချက်များအဖြစ် အခွင့်အရေး ဥပဒေမူကြမ်းကို ရေးဆွဲအတည်ပြုခဲ့ ရသည်။ ထို အခွင့်အရေး ဥပဒေမူကြမ်းပါ ပြင်ဆင်ချက်အမှတ် (၂)သည် ပြည်သူတို့၏ လက်နက်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်နေပါသည်။ ပြင်ဆင်ချက် အမှတ်(၂) သည် အောက်ပါအတိုင်း ဖြစ်သည်။
"လွတ်လပ်သော နိုင်ငံတော်တခု၏ လုံခြုံရေးအတွက် စနစ်တကျ မျှမျှတတ ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့တရပ် လိုအပ်သောကြောင့် ပြည်သူတို့၏ လက်နက်များ လက်ဝယ်ထားရှိ ကိုင်ဆောင်ပိုင်ခွင့်သည် ဖောက်ဖျက်ခြင်း ခံရလိမ့်မည် မဟုတ်"
အမေရိကန်ပြည်ထောင်စုတွင် ၁၈ ရာစုပိုင်းကစ၍ ပြည်သူပြည်သားတိုင်း လက်နက် ကိုင်တွယ် အသုံးပြုခဲ့ကြသည်။ အမဲလိုက်ရာတွင် အသုံးပြုသည်။ မိမိကိုယ်ကို ကာကွယ်ရာ တွင် အသုံးပြုသည်။ ထို လက်နက်ကိုင်ဆောင်မှုကြောင့် လုယက်တိုက်ခိုက်မှုများ၊ အသက်အန္တရာယ် ခြိမ်းခြောက်မှုများ၊ အနိုင်ကျင့် ညှင်းဆဲမှုများ၊ လူသတ်မှုများစွာ ပေါ်ပေါက်ခဲ့ ရသည်။ သို့သော် တဖက်မှာက မိမိကိုယ်ကို ကာကွယ်နိုင်ခွင့် ရှိနေခဲ့သည်။

ကုန်စုံဆိုင် ပိုင်ရှင်တယောက်သည် သေနတ်ဆောင်ထားခြင်းဖြင့် ဆိုင်ကို လုယက်သူများ၏ ရန်မှ အကာအကွယ် ရနေပြန်သည်။ အမျိုးသမီးတယောက်သည် မိမိတဦးတည်း နေထိုင်သော အိမ်သို့ ကျူးကျော်သူများ မ၀င်ရောက်နိုင်ရန် သေနတ်တလက်ဖြင့် အကာအကွယ် ယူနိုင်သည်။ လက်နက်ကိုင်ဆောင်ခွင့် ပေးထားသည်ဟု ယူဆရသော ပြင်ဆင်ချက် အမှတ်(၂)ကြောင့် ကောင်းကျိုးများလည်း ရှိသလို၊ ဆိုးကျိုးများလည်း ရှိသည်ကို မည်သူမျှ မငြင်းနိုင်ကြပါ။

လက်နက်ကိုင်ဆောင်ခွင့် ရုပ်သိမ်းသော ဥပဒေတခု ပြဌာန်းလိုက်လျှင် တရားဥပဒေကို လေးစားသူများကတော့ လိုက်နာကြပေလိမ့်မည်။ တရားဥပဒေကို ဂရုမစိုက်သူများက ခိုးကြောင်ခိုးဝှက် ဆက်လက်ကိုင်ဆောင်လိမ့်မည်။ ထိုအခါ လက်နက်မဲ့သွားသော ဥပဒေလိုက် နာသူ ပြည်သူများသည် လက်နက်ရှိ ရမ်းကားသူများ၏ အန္တရာယ်ကို မည်ကဲ့သို့ ကာကွယ်ရ မည်နည်း။ အိမ်တိုင်း အိမ်တိုင်းတွင် လုံခြုံမှုရှိအောင် တအိမ်စီ၌ ရဲသားတဦးစီ စောင့်ကြပ် ပေးနိုင်ပါသလား။ ထိုမေးခွန်းသည် လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်သော မြို့ကလေး များရှိ အမေရိကန်ပြည်သူများက မေးလာသော မေးခွန်း ဖြစ်ပါသည်။ သည့်ထက်ပို၍ ကြောက်စရာကောင်းသော မေးခွန်းတခု ရှိခဲ့သည်။ တရားဝင် လက်နက်ကိုင်ဆောင်ခွင့် ရထားသော ရဲသားများ၊ စစ်သည်တော်များ၏ တည်ကြည်ဖြောင့်မတ်မှုကို မိမိတို့ ပြည်သူများက မည်သည့် အတိုင်းအတာထိ အသက်နှင့် ရင်းနှီး၍ ယုံကြည်စိတ်ချ နိုင်ပါမည် နည်း။

၁၉၈၁ ခုနှစ် မတ်လတွင် အမေရိကန်သမတ ရော်နယ်လ်ရေဂင်ကို လူတယောက်က သေနတ်တလက်ဖြင့် သေကြောင်းကြံစည်ခဲ့သည်။ မေလတွင် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်(၂) ကို လူတယောက်က သေနတ်ဖြင့် ပစ်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အီလီနွိုက်ပြည်နယ် မော်တင်ဂရိုဖ့်မြို့၌ လက်နက်ကိုင်ဆောင်ခွင့်ကို ပထမဦးဆုံး ဖျက်သိမ်း လိုက်သည်။ ထို ဖျက်သိမ်းမှု ဥပဒေသည် တမြို့မှ တမြို့သို့ ကူးစက်သွား၏။ ထိုမြို့များထဲတွင် အုတ်ပတ်မြို့လည်း ပါဝင်သည်။ အုတ်ပတ်မြို့တွင် လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းပြီး နောက် ဖြစ်ပျက်သွားသော အကြောင်းအရာတခုမှာ စိတ်ဝင်စားစရာကောင်းနေသည်။

လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းပြီး နှစ်ရက်အကြာတွင် ဓါတ်ဆီဆိုင်ပိုင်ရှင် တယောက် ဓါးပြတိုက်ခံရ၏။ ယခင်က သူ့ဆိုင်ကို ဓါးပြတိုက်ရန် အကြိမ်ပေါင်းများစွာ ကြိုးစား ပြီး မည်သူမျှ မအောင်မြင်ကြ။ အကြောင်းမှာ ဓါတ်ဆီဆိုင် ပိုင်ရှင်သည် သေနတ်တလက် အမြဲကိုင်ဆောင်ထားသောကြောင့် ဖြစ်သည်။ ယခုအခါ ဆိုင်ရှင်သည် ဥပဒေကို လေးစား လိုက်နာပြီး သေနတ်ကို မိမိနှင့်အတူ ကိုင်ဆောင် မထားတော့ချေ။ ထိုအခါ ဓါးပြများသည် သူ့ခေါင်းကို သေနတ်နှင့်တေ့ပြီး ငွေများအားလုံးကို ယူသွားကြ၏။ ဓါးပြများ ထွက်ပြေးသွား တော့မှ သူသည် မိမိကားထဲ၌ ရှိနေသော အစိုးရကို ပြန်မအပ်ရသေးသည့် သေနတ်ကို ယူ၍ ဓါးပြများကို ပစ်ခတ်ရန် ကြိုးစားသည်။ သို့သော် နောက်ကျသွားပြီ ဖြစ်သည်။ ထိုဖြစ်ရပ်၏ ရလဒ်မှာ ရယ်စရာကောင်းနေ၏။ မြို့အုပ်ချုပ်သူ တာဝန်ရှိသူများက ဆိုင်ရှင်အား တရားမ၀င် သေနတ်ကိုင်ဆောင်မှုဖြင့် အရေးယူလိုက်သည်။ ဓါးပြများကိုတော့ ယခုချိန်ထိ သူတို့ ဖမ်းမပေးနိုင်ခဲ့ချေ။
ထိုအချိန်မှစ၍ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေ တည်မြဲစေလိုသော ပြည်သူများနှင့် ထိုအခွင့်ကို ဖျက်သိမ်းစေလိုသော ပြည်သူများအကြား သဘောကွဲလွဲမှုများ ဖြစ်ပေါ်လာခဲ့ သည်။ လက်နက်ကိုင်ဆောင်ခွင့် တည်မြဲရေးဘက်မှ ထောက်ခံသူများက သူတို့ ကိုယ်ပိုင် အခွင့်အရေးကို အောက်ပါစကားများဖြင့် တောင်းဆိုခဲ့သည်။

လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းခြင်းဖြင့် လူတယောက်၏အသက်ကို ကယ်တင်နိုင် မည် မဟုတ်။ အရက်မူး၍ ကားမောင်းခြင်းများကို ပပျောက်အောင် ကားကို သိမ်းယူ၍ မရသလို လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းလိုက်ရုံဖြင့် သေနတ်ပစ်မှုများ ပပျောက်သွားမည်ဟု ပုံသေမှတ်ယူ၍ မရပါ။

မည်သူက မှန်သည်၊ မည်သူက မှားသည်ဟု ယခုအချိန်တွင် ကျွန်မတို့ မသိနိုင်သေးပါ။ အချိန်ကာလက အဆုံးအဖြတ် ပေးပါလိမ့်မည်။
လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းမှုနှင့် ပတ်သက်၍ စိတ်ဝင်စားစရာကောင်းသော ရုပ်ရှင်ဇာတ်ကားတခုကို လွန်ခဲ့သည့်လက ကျွန်မ ကြည့်ခဲ့ရပါသည်။ ဇာတ်ကားမှာ Western အမျိုးအစား ကောင်းဘွိုင်ဇာတ်ကားဖြစ်၏။ ကျွန်မကြည့်ဘူး သမျှ ကောင်းဘွိုင်ဇာတ်ကား များတွင် ကျွန်မရင်ထဲသို့ စူးနစ်ဝင်ရောက်ခဲ့သော ပထမဦးဆုံး ကောင်းဘွိုင်ဇာတ်ကား ဖြစ် သည်။

တကယ့်ဖြစ်ရပ်မှန်ဟု ယူဆရသော ဒဏ္ဍာရီဆန်ဆန် သူရဲကောင်း ဥပဒေအရာရှိ တဦး၏ ဇာတ်လမ်းကျောရိုးကို အခြေခံ၍ ရုပ်ရှင်ရိုက်ကူးထားခြင်း ဖြစ်သည်။ ဇာတ်ကောင်မှာ Wyatt Earp ဟူသော ရဲအရာရှိတဦး ဖြစ်သည်။ ထို Wyatt Earp အကြောင်းကို ဇာတ်ညွှန်း ရေးသားရိုက်ကူးသည့် ဇာတ်ကားနှစ်မျိုး ပေါ်ထွက်လာခဲ့သည်။ ဇာတ်ညွှန်းရေးသူ၊ ဒါရိုက်တာ၊ သရုပ်ဆောင်များ အားလုံးခြားနားကြ၏။ မည်သူက အလျင်ရိုက်ကူးခဲ့သလဲ ဆိုသည်ကို ကျွန်မမသိပါ။ ရုပ်ရှင်ကြည့် ပရိသတ်တဦးအနေဖြင့် ဇာတ်ကားနှစ်မျိုးကို ကျွန်မ ကြည့်ခွင့်ရခဲ့ သည်။



ပထမဇာတ်ကားမှာ Dan Gordon နှင့် Lawrence Kasdan တို့ ဇာတ်ညွှန်းရေးပြီး Lawrence Kasdan ရိုက်ကူးသော Wyatt Earp ဇာတ်ကားဖြစ်သည်။ ရုပ်ရှင်သရုပ် ဆောင်များမှာ Kevin Costner, Gene Hackman, Keith David, Bill Pullman, Isabelle Rosellini တို့ ဖြစ်သည်။

ဒုတိယ ဇာတ်ကားမှာ Kevin Jarre ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ George P. Cosmotos ရိုက်ကူးသော Tombstone ဇာတ်ကားဖြစ်သည်။ သရုပ်ဆောင်များမှာ Kurt Russel, Val Kimar [The Doors နှင့် The Real Macoy] Sam Elliot, Bill Paxton, Michael Biehn, Powers Boothe, Dana Delany နှင့် Billy Zane တို့ ဖြစ်သည်။ ဇာတ်ကား နှစ်မျိုးသည် ဇာတ်ကွက်တွင် အနည်းနှင့်အများ ခြားနားမှုရှိသော်လည်း ဇာတ်လမ်းကျောရိုး အဖြစ်အပျက်များ အတူတူပင်ဖြစ်သည်။ Wyatt Earp ဇာတ်ကားသည် Wyatt Earp ၏ ငယ်စဉ်ကလေးဘ၀က စ၍ ဇာတ်လမ်းဖွဲ့၍ ရိုက်ကူးထားခြင်းဖြစ်ရာ ကလေးဘ၀ကတည်းက ဇာတ်ကောင်၏ စရိုက်များကို ဖော်နိုင်ခဲ့သည်။ Wyatt Earp ၏ မိဘများ၊ ညီအစ်ကိုများ [Wyatt ၏အိမ်ထောင်ရေးနှင့် မိတ်ဆွေသူငယ်ချင်းများ] အားလုံးကို ဇာတ်လမ်းထဲမှာ ထည့်ထားသည်။ ပို၍ ပြည့်စုံသည်။ အသေးစိတ်ကျသည်။ သို့သော် ရုပ်ရှင်ဇာတ်ကားတခုအဖြစ် ကြည့်ရသော အခါ အနည်းငယ် ပိုလျှံသွားသယောင် ရှိသည်။

Tombstone ဇာတ်ကားကတော့ Wyatt Earp ရဲအရာရှိအဖြစ်မှ အငြိမ်းစားယူပြီးသည့် ကာလမှ စတင်၍ ဇာတ်လမ်းစတင် ရိုက်ကူးခြင်းဖြစ်ရာ Wyatt ၏ ငယ်စဉ်စရိုက်ကို မပေါ်လွင် ခဲ့ပါ။ Wyatt ငယ်စဉ်က ရန်ဖြစ်ရမှာ မနှစ်မြို့ကြောင်း၊ တရားမျှတမှုကို မြတ်နိုးကြောင်း၊ လူတယောက်က ရန်စလျှင် တတ်နိုင်သမျှ ရန်ကိုရှောင်ပြီး မတတ်သာလွန်းမှ ရင်ဆိုင်ကြောင်း၊ အရက်လုံးဝမသောက်တော့ဘဲ ကော်ဖီသာသောက်ကြောင်း၊ ထိုအကြောင်းများ မပါဝင်ခဲ့ပါ။ ဒုတိယဇာတ်ကောင်ဖြစ်သူ Doc Holiday နှင့် မည်ကဲ့သို့ မိတ်ဆွေ စဖြစ်ခဲ့သည် ဆိုတာလည်း မပါဝင်ခဲ့ပါ။ သို့သော် Tombstone ဇာတ်လမ်းတည်ဆောက်ပုံမှာ ကျစ်လစ်သည်။ ဇာတ်ကွက် အဖြစ်အပျက်အချို့ကို မညှာမတာ ဖြတ်တောက်ဖယ်ရှားပစ်လိုက်သည်။ ဒါရိုက်တာ George P. Cosmatos သည် Wyatt Earp ၏ ဘ၀မှ မိမိအလေးထား၍ ပြောလိုသော အကြောင်းအရာကိုသာ ဦးစားပေး၍ ဆွဲယူ ဖော်ပြလိုက်သည်။ သူ ပြောလိုသည်မှာ လူတယောက်ချင်းစီ၏ မိစ္ဆာစိတ်နှင့် တရားမျှတစိတ်တို့ပေါ်မှာ မူတည်ပြီး လက်နက်၏ ကောင်းကျိုး၊ ဆိုးကျိုးတို့ ဖြစ်ပေါ်လာရခြင်း အကြောင်းပင် ဖြစ်သည်။ လက်နက်ကိုင်ဆောင်ခွင့် ဖျက်သိမ်းရေး ဥပဒေအပေါ် သူ့ကိုယ်ပိုင်အမြင်တခုကို Wyatt Earp ၏ ဇာတ်ကောင်နေရာမှာ ၀င်ပူး၍ ပြောပြခြင်း ဖြစ်သည်။

ဒုတိယပိုင်းကို ဆက်လက်ဖတ်ရှုပါရန်
From Ju Facebook Page

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis