menu

Tuesday 28 August 2012

မိတ္ထီလာတွင် စက်သုံးဆီဆိုင် မြို့ပြင်ပြောင်းရွှေ့ရေး ဆန္ဒဖော်ထုတ်

မိတ္ထီလာ၊ သြဂုတ် - ၂၈
မိတ္ထီလာမြို့ အောင်ဆန်းနယ်မြေ(၁)ရပ်ကွက်တွင် ဖွင့်လှစ်ရောင်းချနေသော ကျော်စက်သုံးဆီဆိုင်ကို မြို့ပြင်သို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန်
၎င်းရပ်ကွက်ရှိ ရပ်ကွက်သူရပ်ကွက်သားများက ယနေ့နံနက် (၉)နာရီမှ စတင်ကာ  နည်းဥပဒေနှင့်အညီ တစ်နာရီခန့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်စက်သုံးဆီဆိုင်ကို မြို့ပြင်သို့ ထုတ်ပေးရေး၊ လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး
 အစရှိသည့် ဆိုင်းဘုတ်များကို ချိတ်ဆွဲပြီး လူအင်အား ၁၀၀ ခန့် ပါဝင်သော ဆန္ဒထုတ်ဖော်ပွဲကို ယင်းစက်သုံးဆီဆိုင်အနီးတွင်ပင် ပြုလုပ်ခဲ့သည်။


မိတ္ထီလာမြို့ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် မြို့ခံစက်သုံးဆီ အရောင်းဆိုင်များနည်းတူ ကျော်စက်သုံးဆီဆိုင်အား မြို့ပြင်သို့
ဖယ်ရှားပေးရန်၊ မိတ္ထီလာမြို့သည် ၁၉၉၁ ဧပြီလ ၇ ရက်က မီးအကြီးအကျယ်လောင်ကျွမ်းဖူးသော မြို့ဖြစ်သဖြင့် မီးဘေး
ကြိုတင်ကာကွယ်ရေးအတွက် ပြည့်စုံလုံလောက်သော ဥပဒေညွှန်ကြားချက်များ ထုတ်ပြန်ပေးရန်၊ မိတ္ထိလာမြို့ အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာနမှ ထုတ်ပြန်သည့် ဥပဒေညွှန်ကြားချက်များကိုလည်း သက်ဆိုင်ရာဌာနအသီးသီးနှင့် မြို့သူမြို့သားများ လိုက်နာမည့်
စည်းစနစ်ကျနသော အမိန့်များဖြစ်ပေါ်စေရန်တို့ကို တောင်းဆို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဆောင်ဆန္ဒထုတ်ဖော်သူ
ဒ်ါမေသက်ဦးကပြောသည်။

"ကျွန်မတို့က တိုင်လို့ ဒီနေရာမှာ စက်သုံးဆီဆိုင်မဖွင့်လှစ်ဖို့ အမိန့်ကြေညာစာလည်း ထွက်ထားတယ်။ ဒါပေမဲ့ ဖွင့်တုန်းပါပဲ။ ခုဆန္ဒပြတာနဲ့
 မလုံလောက်ဘူးဆိုရင် နောက်ထပ်ဆန္ဒထုတ်ဖော်ပွဲ ဆက်လုပ်သွားမှာပါ "ဟု အဆိုပါအမျိုးသမီးကပြောသည်။
ကျော်စက်သုံးဆီဆိုင်ပိုင်ရှင် ဒေါ်အေးအေးတင့်၏ အစ်ကိုဖြစ်သူ ဦး ဟာမာညွှန့်က "ကျွန်တော်တို့ကသက်ဆိုင်ရာ ဌာနအသီးသီးရဲ့
 ထောက်ခံချက်တွေနဲ့  တရားဝင်လိုင်စင်ချထားပေးလို့ ဖွင့်တာပါ။ တရားဝင်ပဲ ဆက်ရောင်းမှာပါ"ဟုပြောသည်။ ဒေသဆိုင်ရာ
အာဏာပိုင်များဖြစ်သော ပြည်သူ့ရဲဝန်ထမ်း ၁၅ ဦးခန့်က လုံခြုံရေး တာဝန်ယူပေးခဲ့ပြီး ဆန္ဒထုတ်ဖော်ချိန်တွင် ဒေသအာဏာပိုင်များ၏
 မေတ္တာရပ်ခံချက်အရ ဆီဆိုင်ခေတ္တပိတ်ထားခဲ့ကာ ဆန္ဒထုတ်ဖေါ်ပွဲပြီးချိန် နံနက် ၁၀ နာရီမှ စတင်၍ ဆီဆိုင် ပြန်လည်ဖွင့်လှစ်ရောင်းချခဲ့သည်။
 7Day News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis