menu

Saturday 18 August 2012

ရှေ့တောင်နေပြည် ပုဂံဆီဝယ်(ခင်သန္တာ)



ဒီဇင်ဘာ လတိုင်း ခရီး ထွက်လေ့ရှိတဲ့ ကျွန်မ ဒီနှစ်မှာတော့ သင်္ကြန် တွင်းမှ ခရီး ထွက်ဖြစ် ပါတော့တယ်။
ကျွန်မ အမျိုးသား ရုံးက ခွင့်မရတာက တစ်ကြောင်း၊ ကျွန်မ ကိုယ်တိုင်လည်း မအားလပ်တာက တစ်ကြောင်းမို့ နှစ်စဉ် ထွက်နေကျ ခရီးစဉ် အချိန်ကို ရွှေ့ဆိုင်း လိုက်တာပါ။ အမျိုးသားရဲ့ ခွင့်က သင်္ကြန် တွင်းမှာတောင် သိပ်မသေချာတာကြောင့် ကျွန်မတို့ကပဲ သူတာဝန်ကျရာ နေပြည်တော်ကို အရင်သွားပြီး အဲဒီကမှ တစ်ဆင့်ပုဂံ ၊ညောင်ဦး၊ ပုပ္ပါး ခရီးစဉ်ကို သွားဖို့ ရွေးချယ် လိုက်ပါတယ်။

သင်္ကြန် ရက်တွေမှာ ခရီး မထွက်ဖူးတာကြောင့် ကားလက်မှတ် အခက်အခဲကို အရင်ဆုံး ရင်ဆိုင် ရပါတယ်။သင်္ကြန်တွင်း တိုးချဲ့ ပြေးဆွဲပေးတဲ့ ကားတွေများပေမဲ့ ရက်ရှည် ရုံးပိတ်ရက် ဖြစ်တာကြောင့် ခရီးသွားတဲ့ သူတွေကလည်း များပြားလှပါတယ်။ ရန်ကုန်ကနေ နေပြည်တော်ကို အဝေးပြေးကားနဲ့ သွားကြပြီး နေပြည်တော်ကနေ တစ်ဆင့် ပုဂံ ဘက်သွားဖို့ကိုတော့ အမျိုးသားက ဗင်ကားလေး တစ်စီး ငှားထားပါတယ်။ အရင်နှစ်တွေ ခရီးထွက်တိုင်း ကျွန်မတို့ မိသားစုနဲ့အတူ ကျွန်မတို့အိမ်က မိန်းကလေးကိုပါ ခရီးတွေကို ခေါ်သွားလေ့ ရှိပါတယ်။
ဒီနှစ်မှာတော့ ကျွန်မရဲ့ အားကစား သင်တန်း လက်ထောက် နည်းပြကိုပါ ခေါ်သွားဖြစ်တာကြောင့် ကျွန်မရယ်၊ သမီးရယ် သူတို့ နှစ်ယောက် စုစုပေါင်းလေးယောက် ရန်ကုန်ကနေ ထွက်ခဲ့ကြပါတယ်။ ကျွန်မတို့ ပထမဦးဆုံး နေပြည်တော်မှာနှစ်ရက်လည် ဖြစ်ကြပါတယ်။နေပြည်တော်မှာ လည်တဲ့ ရက်တွေကတော့ အမျိုးသားရဲ့ ကားနဲ့ပဲလည် ဖြစ်ကြပါတယ်။ ပထမတစ်ရက်မှာ အမျိုးသား ဥယျာဉ်၊ ဆာဖာရီ ဥယျာဉ်တို့ကို လည်ပတ်ခဲ့ကြပြီး နောက်တစ်ရက်မှာတော့ ငလိုက်ကန်သာ ဆည်ကို  လည်သွားခဲ့ကြပါတယ်။

ရန်ကုန်မှာ ကြီးပြင်းခဲ့တဲ့ သမီးက နေပြည်တော်ရဲ့ စံပြစပါး စိုက်ခင်း လယ်ကွက်တွေကို မြင်တော့ သဘော ကျနေပါတယ်။ မြန်မာနိုင်ငံသားပီပီ စပါးခင်း စိမ်းစိမ်းစိုစိုတွေကို မြင်လို့ သဘောကျတာကို ကျွန်မ ဂုဏ်ယူ ရပေမဲ့ အဲဒီလို သဘော ကျစရာ စပါးတစ်ခင်း ဖြစ်အောင် သုံးရတဲ့ ကုန်ကျစရိတ်နဲ့ ပြန်ရမဲ့ဝင်ငွေ အချိုးဘယ်လို ညီမညီ ဆိုတာကိုတော့ ရှင်းမပြမိတော့ပါဘူး။ စပါးခင်းတွေ မြင်လို့ သဘောကျတတ်တဲ့ စိတ်ကလေး ပေါ်လာတာကိုပဲ ကျွန်မ ကျေနပ်လိုက်ပါတယ်။


နေပြည်တော်မှာ  အမျိုးသား တာဝန်ကျတာ ခြောက်နှစ်ကျော်ခုနစ်နှစ်နီးပါး ရှိပေမဲ့ ကျွန်မတို့သားအမိ  လိုက်မနေဖြစ်ပါဘူး။ အလည်ပဲ သွားဖူးကြတာပါ။ ကျွန်မရဲ့အားကစား သင်တန်းကြောင့်ရော သမီးလေးရဲ့ပညာရေးကြောင့်ပါ ရန်ကုန်မှာပဲနေ ဖြစ်နေပါတယ်။ ဒီတစ်ခေါက် နေပြည်တော်ကို ရောက်တော့ ရန်ကုန်မြို့နဲ့ ယှဉ်လိုက်ရင် အရမ်းကို သပ်ရပ် ခမ်းနားနေတယ်လို့ ခံစား လိုက်ရပါတယ်။ ရန်ကုန်မြို့ကတော့ မြို့ဟောင်းကြီး တစ်ခုလိုတောင် ဖြစ်နေပါပြီ။ မြို့နေလူထုရဲ့ အမှိုက်စည်းကမ်း မရှိမှု၊ လူနေထူထပ်မှုတွေကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ လူနေမှု ဘ၀တောင် ပျောက်ချင်သလို ဖြစ်နေပါပြီ။

ဒါပေမဲ့ နေပြည်တော် မြို့နေ လူထုရဲ့သုံးပုံ နှစ်ပုံလောက်က ရန်ကုန်မြို့မှာ နေထိုင်ဖူးတဲ့ လူတွေ ဖြစ်နေပါတယ်။အဲဒီတော့ ကျွန်မ သတိ ထားမိသလောက် စည်းကမ်းပိုင်းမှာ အားနည်းတာ တွေ့ရပါတယ်။ ဥပမာ အမျိုးသား နေထိုင်တဲ့ အရာရှိကြီးများ တိုက်ခန်းလို နေရာမှာတောင် နေ့အခါ အိမ်ရှေ့မီးတွေ ပိတ်ဖို့မေ့နေပြီး တစ်နေကုန် ဖွင့်ထားမိကြတာ ဘယ်အခန်းကမှန်း မသိ ရေလျှံသံတွေက ညညဆို အကြာကြီး ကြားနေရတာ (သူတို့တိုက်ခန်းရဲ့ ရေတိုင်ကီတွေက တိုက်ခေါင်မိုးပေါ်တွေမှာ တင်ထားတာပါ)၊ အော်ပြေးပြေးတဲ့ အမှိုက် သိမ်းကားကို အမီလိုက် မပစ်နိုင်ကြလို့ သင့်တော်ရာ လျှိုကြား၊ တောင်ကြားတွေမှာ အမှိုက်စွန့် ပစ်နေကြတာတွေက သိပ်မကြာခင် သန့်ရှင်း သပ်ရပ်မှု ပျောက်သွားမှာ စိုးရိမ် စရာပါ။ နိုင်ငံတော် အစိုးရက ဘယ်လောက်ပဲ အဆင့်မြင့်မြင့် ဆောင်ရွက် ပေးထားပေမယ့် နေထိုင်တဲ့ ပြည်သူတွေက စည်းကမ်း မရှိကြရင် ရွှေပြည်သစ် ဆိုတာ ခဏတာပဲ ရှိမဲ့ အရာပါ။

နေပြည်တော်ကနေ ပုဂံကို ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးကနေ သွားကြတာပါ။ လမ်းသစ်ကြီးက ဖြောင့်ဖြူး ကောင်းမွန်နေတာကြောင့် သွား ရတာ အချိန် မကုန်ဘဲ ခရီးတွင်ပါတယ်။ ပုဂံ၊ပုပ်္ပါးနယ်မြေက အဖေတို့နဲ့ မန္တလေးမှာ နေစဉ် အကြိမ်ကြိမ်ရောက်ဖူးခဲ့ကြောင့် ကျွန်မ သိပ်မသွားချင်တော့ တဲ့ နေရာပါ။ သမီးလေးက သူငယ်ငယ်က ရောက်ဖူးခဲ့တာ မမှတ်မိတော့ ဘူးဆိုတာကြောင့် လိုက်ပို့ရတာပါ။ ဒါပေမဲ့ ပြန်ရောက် သွားတော့လည်း ဘယ်တော့မှ မရိုးနိုင်တဲ့ အညာကျေးလက် ရှုခင်း တွေက ကျွန်မစိတ်ကို ညွတ်နူးစေပါတယ်။ ပုဂံ အလှနဲ့ ပုပ္ပါးတောင် ကလပ်ကြီးကလည်း အမျိုး အမည် မဖော်ပြနိုင်တဲ့ ခံစားမှုကို ပေးစွမ်းနိုင်ပါ တယ်။ အောက်ပြည်အောက်ရွာတွေမှာ မရနိုင်တဲ့ အနံ့ဖြစ်တဲ့ တမာ ရနံ့ကလည်း ဆရာမြသန်းတင့် လို တမာနုချိန်စစ်တမ်း  မကောက်နိုင်ပေမဲ့ ပုဂံမြေရဲ့ ရင်ခုန်စရာပြယုပ် တစ်ခု ဖြစ်နေတာကိုတော့ လက်ခံရပါတယ်။

ပုဂံခေတ်ရဲ့ ကာလ အပိုင်းအခြားက  ၉ရာစု ကနေ ၁၃ရာစုထိ ရှိခဲ့ပြီး ပျဉ်းပြားမင်းက ၈၅၉ ခုနှစ်မှာ တည်ခဲ့တယ်လို့ ကျောင်းစာတွေထဲမှာ သင်ခဲ့ရဖူးပါတယ်။ပုဂံခေတ်ရဲ့ ရှေ့မှာပျူခေတ် ဆိုတာ ရှိခဲ့ပေမဲ့  မင်းဆက်တွေကို မှတ်သားခဲ့ ဖူးတာ ပု၊ပင်း၊အင်း၊ တောင်၊ညောင်၊ ကုန်းဘောင် လို့ ဆိုတာကြောင့် သမိုင်းဝင် ဘုရင်မင်းဆက် ဆိုတာ ပုဂံခေတ်မှ စပြီး ပေါ်ပေါက်ခဲ့တာလားလို့ တွေးထင်စရာပါ။ ပုဂံခေတ်ရဲ့ နောက်ဆုံးမင်း ဆက်က သီဟသူဖြစ်ပြီး ပင်းယခေတ်ကို စတင် တည်ထောင်သူဟာလည်း သီဟသူပဲလို့ မှတ်မိခဲ့ တာပဲ။ ဟုတ်မဟုတ်တော့ သိပ်မသေချာပါဘူး။

ဘယ်က စလိုက်မှန်း မသိတဲ့ ဒီဒေသရဲ့ စွယ်တော်လေးဆူနေ့ချင်းဖူးတို့၊ ပြည့်ငါးပြည့်ဆိုတာ တွေကိုလည်း ကျွန်မတို့ အရောက် ဖူးခဲ့ကြပါ တယ်။ စွယ်တော် သုံးဆူက ဒီဘက်ကမ်းမှာ ရှိပြီး စွယ်တော် တစ်ဆူကတော့ ဧရာဝတီမြစ် တစ်ဖက် ကမ်းတန့်ကြည်တောင်ပေါ်မှာ တည်ရှိနေတာပါ။ မြတ်စွာ ဘုရား ဒေသစာရီ ကြွချီစဉ်က ရပ်တန့်ပြီး ကြည့်ခဲ့လို့ တန့်ကြည့်တောင်လို့ အမည်တွင်ခဲ့ တယ်လို့ ပါးစပ် ရာဇ၀င်တွေက ဆိုကြပါတယ်။ တန့်ကြည်တောင်ပေါ်က မနက်စောစော မြင်ရ တဲ့ ဧရာဝတီမြစ်ရဲ့ အလှကတော့ ရင်သပ်ရှုမော စရာ။ အသက်ရလာပြီဖြစ်တဲ့ ဧရာဝတီမြစ်ကြီးက သောင်တွေ ထွန်းလို့ မြစ်ကောလာတာကြောင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ကြည့်ရင် တော့ ရင်လေးစရာပါ။ ဒါပေမဲ့ အလှအပ တစ်ခု အနေနဲ့ ခံစားကြည့်ရင်တော့ တော်တော်လှတဲ့ ရှုခင်းပါ။
ပုဂံ ဘုရားတွေ လှည့်ပတ် ဖူးနေချိန် ကျွန်မ စိတ်ထဲမှာညီသစ်ဆင်းအစပြုပြီး ရေးထားတဲ့ ဆရာဇော်ဂျီရဲ့ ရှေးခေတ် ပုဂံကဗျာများ အကြောင်း ရောက်လို့ နေပါတယ်။ ထုမှာဓမ္မရံ၊ အနုမှာ အာနန္ဒာ၊ အမြင့်မှာ သဗ္ဗညုလို့ဆိုပြီး ဒေသခံ ကလေးတွေ ပါးစပ်ဖျားက တတွတ်တွတ် ရွတ်နေ သံကို ကြားကြရပါတယ်။ ထုထည်မှာတော့ ဓမ္မရံကြီးဘုရားက အကြီးဆုံးဖြစ်ပြီး၊ အနုပညာ လက်ရာ မှာတော့ အာနန္ဒာဘုရားရဲ့ လက်ရာက အနုအစိတ် နိုင်ဆုံးလို့ ဆိုကြပြီး အမြင့် ဆုံးတည်ရှိနေတာကတော့ သဗ္ဗညုဘုရားလို့ ပြောကြပါတယ်။

ထုထည်ကြီးမားတဲ့  ဓမ္မရံကြီးနဲ့ အမြင့်ဆုံးဖြစ်တဲ့ သဗ္ဗညုဘုရားကို ကျွန်မစိတ်က သိပ်မထူးခြားလှပေမဲ့ အာနန္ဒရဲ့ ဗိသုကာလက်ရာ ကိုတော့ မချီးကျူးဘဲ မနေနိုင်ပါဘူး။ပုဂံဒေသကို အကြိမ်ကြိမ် ရောက်ဖူးနေတာမို့ ကျွန်မအတွက် အဆန်းတကြယ် ဘာမှသိပ်မရှိလောက်ဘူး ထင်ခဲ့မိပါတယ်။ ဒါပေမဲ့အသိနဲ့အရွယ်ရဲ့ ကွာခြားချက်ကြောင့်ထင်ပါတယ်။ အခုတစ်ခါရောက် သွားတော့မှ ဒီဒေသတွေဟာ အကြိမ်ကြိမ် ပြန်ပြီးသွားကြည့်သင့်တဲ့ နေရာတွေ ပါလားလို့ တွေးမိတာပါ။ အာနန္ဒရဲ့တည်ဆောက်ပုံက မဏ္ဍပ်သဖွယ်တည် ဆောက်ထားတာပါ။ ဂူတွင်းအူတိုင်မဏ္ဍပ်တည်ရာကနေ လေးမျက်နှာမှာ တန်ဆာ ဆင်ယင်ထားပြီး ထောင့်တိုင်းမှာ ခြသေ့င်္ရုပ်တုတွေကို ထုလုပ်ထားပါတယ်။

ဗုဒ္ဓရဲ့ ရုပ်ပွားတော် ရပ်တော်မူ လေးဆူကို တည်ထားကိုးကွယ်ထားပြီး လိုဏ်စင်္ကြံကတော့ နှစ်ထပ်ကာရံထားတာပါ။ နံရံလေးဖက်စလုံးမှာ သိဒ္ဓတ္ထလောင်းရဲ့ ပုံတော်တွေကို ထုထွင်းပုံဖော်ထားပါတယ်။ အနုပညာ လက်ရာတွေက တကယ့်ကို အနုစိတ်ပါ။ ဒါကြောင့်ပဲ ဆရာဇော်ဂျီက “နန္ဒာဂူ လိုဏ်မဏ္ဍိုင်အထိ၊၀င်၍ကြည့်ရာ ညီ၏ စိတ်သည် ရပ်တည်ရာရ တည်ငြိမ်လှ ၏၊ လိုဏ်မှ မထွက်တည်ငြိမ်လျက်ပင် စိတ်ကြည်လင်၏၊ လိုဏ်တွင် စင်္ကြံ အာရုံခံရင်း လှည့်ပတ်ရင်းတည့် လင်းလည်းမပြောင်၊မှောင်လည်း မမှိန်မှိန့် တမှိန်၌ တည်ငြိမ်ချမ်းသာ ခဏတာတည့် အာနန္ဒာမှ ပြောစရာ အလှ” လို့ ရေးဖွဲ့ခဲ့တာ ထင်ပါတယ်။

ကမ္ဘာ့ အံ့ဖွယ်ထဲမှာ ဖော်ပြပါရှိဖို့ အတွက် နိုင်ငံအသီးသီးရဲ့ သမိုင်းဝင် ဗိသုကာလက်ရာတွေကို ယူနက်စကိုက စစ်တမ်းကောက်ကြပါတယ်။ ပုဂံ ဒေသရဲ့ ဗိသုကာတွေက အစောဆုံး ရှေးကျခဲ့ပေမဲ့ ပြုစုထားတဲ့ စာရင်း တွေကို သက်ဆိုင်ရာကို အဆင့်ဆင့် တင်ပြနေရတာကြောင့် ပေးပို့တာ နောက်ကျခဲ့တယ်လို့ သမိုင်းတွေထဲမှာ ကျွန်မ ဖတ်ဖူးခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံ အန်ကောဝပ်ရဲ့ လက် ရာတွေက ပုဂံထက် နောက်ကျခဲ့ပေမဲ့ အချိန်မီ မပေးပို့နိုင်ခဲ့တာကြောင့် ပုဂံကိုကမ္ဘာက သိတာ နောက်ကျ ခဲ့ရတယ်လို့ သမိုင်းဆရာကြီးများဆို ထားတာကို ကျွန်မ ဖတ်ဖူးခဲ့တာပါ။ လုပ်ဆောင် ချက်တွေ အထနှေးခြင်းက သမိုင်းကြောင်းတောင် ပြောင်းပြန် ဖြစ်သွားနိုင်ပါလားလို့ ပုဂံနဲ့ပတ် သက်ပြီးကျွန်မ တွေးကြည့်ခဲ့ဖူးပါတယ်။

ပုဂံနယ်မြေကို ရောက်ရင် နေ၀င်ဆည်းဆာ အလှကို ကြည့်ဖို့ကိုလည်း မေ့လို့ မဖြစ်ပါဘူး။ နေ၀င်ချိန်ကတော့ တခြားမြို့ရွှာတွေမှာလည်း ရှိနေကြတာပါပဲ။ ဒါပေမဲ့ ဒီဒေသရဲ့ ထူးခြားချက်က နေ၀င်တာကို အပေါ်စီးကနေ ကြည့်လို့ ရနေတာပါ။နေ၀င် ဆည်းဆာကို ကြည့်ဖို့အတွက် ကျွန်မတို့ ငကျွဲနားတောင်းစေတီနားကို သွားခဲ့ကြပါတယ်။ ငကျွဲနားတောင်း စေတီရဲ့တောင်ဘက် ကပ်လျက်မှာရှိတဲ့ နတ်လှောင်ကျောင်းက လည်း ပုဂံခေတ် ရာဇ၀င်မှာ ထင်ရှားခဲ့ပါတယ်။ တကယ် တော့ နတ်လျောင်းကျောင်းလို့ ခေါ် ရာကကာလ ရွေ့လျားပြီး နတ်လှောင်ကျောင်းဖြစ် လာတာပါ။ အဲဒီကျောင်းက ပုဂံခေတ်ရဲ့ တစ်ခုတည်းသော ဟိန္ဒူဘုရားကျောင်းပါ။ အဲဒီထဲမှာ လဲလျောင်း နေတဲ့ ဗိဿနိုးနတ်မင်းကြီးရဲ့ ဘ၀ဖြစ်စဉ် ဆယ် ဘ၀ကို သရုပ်ဖော်ထားတဲ့ ရုပ်တုတွေလည်း ရှိနေ ပါတယ်။

ပုဂံမှာ နေ၀င်ဆည်းဆာ အလှကို ကြည့်လို့ အလှဆုံးနေရာကတော့ ရွှေဆံတော်ဘုရား ခုံမြင့် ပေါ်က ဖြစ်ပါတယ်။ပစ္စရံအဆင့် ငါးဆင့်ရှိပြီး တက်ရတာ အနည်းငယ် မတ်စောက်ပါတယ်။ကြည့်လိုက်ရင် အိုဟောင်းနေတဲ့ ပုံပေါ်တဲ့ရွှေဆံ တော် ဘုရားပေါ်ကို နိုင်ငံခြားသား ဧည့်သည် တွေကပါ ယုံယုံကြည်ကြည်နဲ့ မကြောက်မလန့် တက်နေကြတာကို ကြည့်ခြင်းအားဖြင့် မြန်မာ့ ဗိသုကာလက်ရာတွေကို အထင်ကြီးလေးစားပုံ ပေါ်ပါတယ်။ကျွန်မတို့ ရွှေဆံတော်ဘုရားခုံမြင့် ပေါ်ကို ရောက်မှကြည့်မိတာ ဘုရားပေါ်တက်နေ ကြတဲ့လူတွေက များလွန်းလို့  အပေါ်ကစီးကြည့် ရင် ပစ္စရံတွေပျောက်နေပြီး လူတန်းကြီးကိုပဲ တွေ့ရပါတယ်။

ရှးဟောင်း အမွေအနှစ် တစ်ခုဖြစ်တဲ့ ပုဂံဒေသ တစ်ဝိုက်က ပြောစရာ မလိုအောင် သာယာလှပပြီး ပြည်တွင်းပြည်ပဧည့်သည်တွေကို ဆွဲဆောင်ထား နိုင်ပါတယ်။ ဒါပေမဲ့ သမိုင်းကြောင်းတွေကို အလုအယက် လိုက်ရှင်းပြနေကြ တဲ့ ကလေးတွေ၊ ပုံစံမျိုးစုံနဲ့ တောင်းရမ်းနေကြတဲ့ အရွယ်စုံတွေ၊အမှတ်တရ ပစ္စည်းရောင်းချနေကြတဲ့ ဈေးသည်တွေရဲ့ ဈေးခေါ်နေပုံတွေက ပုဂံရဲ့ယဉ် ကျေးမှုကို ဖျက်ဆီးနေသလို ခံစားခဲ့ရပါတယ်။ ပုဂံနယ်မြေတစ်ဝိုက်မှာ  ခေတ် မီမီ စာလုံးများကိုလည်း တွေ့ခဲ့ရပါတယ်။ ဥပမာ-ယဉ်တိုက်မှုကင်းမဲ့ဇုန်၊ မူးယစ်ဆေးဝါးကင်းမဲ့ဇုန်တို့ ဆိုတာမျိုးတွေပါ။ တော်ကြာယဉ်ကျေးမှုကင်းမဲ့ ဇုန်လို့စာတန်းထပ်တိုးရမှာကို စိုးတာပါ။

ပုဂံမှာ နှစ်ညအိပ် သုံးရက်နေပြီး နေပြည်တော်ကို ပြန်ခဲ့ကြပါတယ်။မြန်မာနှစ်ဆန်း တစ်ရက်နေ့မှာတော့ နေပြည်တော်ရဲ့ အထင်ကရ ဥပ္ပါတသန္တိ ဘုရားကို ဖူးမျှော်ခဲ့ကြပါတယ်။ တစ်နှစ်တစ်ခါ ခရီးမထွက်ရရင် မနေနိုင်တဲ့ ကျွန်မလည်း တစ်နှစ်လုံး စုဆောင်းထားသမျှလေး ကုန်သလောက်နီးပါး ရှိသွားပြီမို့ အဲဒီနေ့ ညနေမှာတော့ ရန်ကုန်မြို့ကို ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။ဘာပဲဖြစ်ဖြစ် အခုလိုခရီးတွေ ထွက်နိုင်ဖို့ အတွက်  အချိန်နဲ့ ငွေအင်အားတင် တတ်နိုင်တာ မဟုတ်ဘဲ တစ်မိသားစုလုံး ကျန်းမာရေးကောင်းနေကြတာကိုပဲ ကျွန်မကတော့ ကြံဖန်ပြီး ကျေးဇူး တင်နေရပါတယ်။
ခင်သန္တာ       
(Teen မဂ္ဂဇင်း၊ဩဂုတ်လ ၂၀၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis