မေး။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ကနေ ပြုပြင်ပြောင်းလဲရေး ပြုလုပ်နေတယ်လို့ သိရပါတယ်။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အခါမှာ တွေ့ရတဲ့ အခက်ခဲတွေ ပြဿနာတွေက ဘာလဲ၊ ရှေ့ဆက်ပြီး ဘယ်လိုပြုပြင် ပြောင်းလဲမှုတွေ ရှိမလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ပထမတစ်ခုကတော့ ပြုပြင်ပြောင်းလဲရေး လုပ်တာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနတစ်ခုထဲ တော့ မဟုတ်ပါဘူး။ ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ကျွန်တော်တို့ အောက်မှာ ဌာနအားလုံး ၅ခု ရှိတယ်။ ၅ ခုလုံးမှာ ပြုပြင် ပြောင်းလဲရေးတွေ လုပ်ပါတယ်။ ဌာနအားလုံးနဲ့ ခြုံပြောရင် အဓိကပြဿနာမှာ ပထမဆုံးက အတတ်ပညာ ပိုင်းဆိုင်ရာ အားနည်းတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က စနစ်တစ်ခုရဲ့ အောက်မှာပဲ ကြီးပြင်းလာ ခဲ့တယ်။ ရေးတာပဲဖြစ်ဖြစ်၊ သတင်းပို့တာပဲ ဖြစ်ဖြစ်၊ တွေးတာ ခေါ်တာပဲဖြစ်ဖြစ် နှစ်ပေါင်းများစွာ ဒီပုံပဲ လုပ်ခဲ့ကြတယ်။ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ ရေးသားမှုမျိုး၊ သတင်းပုံစံမျိုး၊ ကျွန်တော်တို့ ဌာနအနေနဲ့ ဆိုတော့ သတင်းထုတ်ပြန်တာမျိုး ကိစ္စတွေမှာ ဝန်ထမ်းတွေ အနေနဲ့ အရာရှိပိုင်းရော အောက်ကဝန်ထမ်းတွေ အနေနဲ့ပါ အတတ်ပညာ အားနည်းတယ်။ ဒုတိယတစ်ခု ကတော့ စိတ်ပိုင်းဆိုင်ရာပါ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ် ဆိုတာတော့ လူတိုင်းကသိတယ်။ သို့သော် တစ်ဖက်က လုပ်လိုက် ကိုင်လိုက်ရင်းနဲ့ အတတ်ပညာ အားနည်းမှုကြောင့် ငါများ မှားသွားရင် ဘာများ ဖြစ်မလဲ၊ ဒါလည်း ရင်ဆိုင်နေရတဲ့ အခက်အခဲပေါ့။ ပြဿနာ ဖြစ်နေတဲ့ စိန်ခေါ်မှုနှစ်ခု ဆိုရင်တော့ အဓိက အဲဒါပါပဲ။
မေး။ ပြုပြင်ပြောင်းလဲရေး လုပ်တဲ့အတွက် ဘာတွေ ကောင်းလာနိုင်မလဲ။
ဖြေ။ ဘာတွေ ကောင်းလာနိုင်မလဲ ဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်
အရင်တုန်းက နိုင်ငံပိုင် မီဒီယာတွေ ပေါ်မှာ ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု
တဖြည်းဖြည်းနဲ့ နည်းပါးလာခဲ့တယ်။ ဒီလို ပြုပြင်ပြောင်းလဲရေး လုပ်ရင်
နံပါတ်တစ်ကတော့ ပြည်သူတွေအနေနဲ့ နိုင်ငံပိုင် မီဒီယာတွေ အပေါ်မှာ
ပြန်ပြီးတော့ လူတွေ စိတ်ဝင်စား လာမယ်။ သတင်းတွေ အပေါ်မှာ ပိုပြီးတော့
ယုံကြည်မှု ရှိလာမယ်။ နောက်တစ်ခုက နိုင်ငံပိုင်မီဒီယာ ဆိုတဲ့အခါမှာ
အရင်တုန်းကတော့ အစိုးရ တစ်ခုပဲ ရှိတဲ့အတွက်ကြောင့် အစိုးရဘက်က ရပ်တည်
ရေးသား ခဲ့တယ်။ အခုကျတော့ ဒီမိုကရေစီ စနစ် ဖြစ်လာတဲ့အခါ နိုင်ငံရေးပါတီတွေ
အများကြီး ရှိတယ်။ တချို့စီးပွားရေး အုပ်စုတွေ အများကြီး ရှိတယ်။
ရှိတဲ့အခါမှာ အာဏာရ ပါတီဘက်က ရပ်တည်တာ မဟုတ်ဘဲနဲ့ လူတွေအားလုံး လိုချင်တဲ့
သတင်း၊ ပြည်သူတွေအားလုံး သိချင်တဲ့ အကြောင်းအရာ၊ သူတို့ရဲ့ စိုးရိမ်မှုတွေ
ကျွန်တော်တို့ ဖော်ပြထားမယ်။ ဒါကို ကျွန်တော်တို့ ဝန်ကြီး ကတော့
မိန့်ခွန်းတစ်ခုထဲမှာ Public Service Media ပြည်သူ့ရေးရာ ဝန်ဆောင်မှု
မီဒီယာတွေအဖြစ် အဆင့်ဆင့် အသွင်ကူးပြောင်း သွားမယ်လို့ ပြောပါတယ်။
မေး။ အခုလက်ရှိမှာရော ဘာတွေ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေလဲ။
ဖြေ။ အဓိကကတော့ မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားရယ် နိုင်ငံပိုင်
သတင်းစာတွေကို ကိုင်တွယ်နေတဲ့ သတင်းနဲ့ စာနယ်ဇင်း လုပ်ငန်းတွေမှာတော့
ကျွန်တော်တို့ စပြီးတော့ ရေးသားတာ၊ သတင်း တင်ဆက်ပုံတွေ ပြောင်းလာဖို့
လုပ်နေတယ်။ လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိအောင်လို့ သင်တန်းတွေ ပေးမှာပါ။
ခုနောက်ပိုင်း မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးကို နိုင်ငံတကာက
အသိမှတ်ပြုပြီးတော့မှ လေ့ကျင့်ရေး သင်တန်းတွေ အကူအညီများများ ပိုရလာတော့
အများကြီး အထောက်အကူ ဖြစ်ပါတယ်။ အဓိက စလုပ်နေတာကတော့ အဲဒီနှစ်ခုပါပဲ။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အနေနဲ့ကတော့ အရင်တုန်းက သတင်း
ထုတ်ပြန်ရေး လုပ်ငန်းကို မလုပ်ပါဘူး။ ခု နောက်ပိုင်းအစိုးရ လက်ထက်မှာတော့
ကျွန်တော့်ကို ဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ အနေနဲ့ ထားတယ်။
နောက် ပြည်နယ်/တိုင်းတွေမှာ ရှိတဲ့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး
အရာရှိတွေကို သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဒေသကြီး တွေရဲ့ သတင်းထုတ်ပြန်ရေး
အရာရှိ အဖြစ်နဲ့ စမ်းသပ်ပြီးတော့ တာဝန်ပေးတာ ရှိတယ်။ အဲဒါတွေကို
လုပ်နိုင်ဖို့ ပြည်သူ့ဆက်ဆံရေး နည်းပညာတွေနဲ့ ပတ်သက်လို့ သင်တန်းတွေ
အများကြီး ပေးနေပါတယ်။ ခုလက်ရှိလုပ်နေတဲ့ သင်တန်း ဆိုရင်ကျွန်တော်တို့နဲ့
ဥရောပ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတယ်။ နည်းပြအဖြစ်နဲ့ ဒီမိုကရက်တစ် မြန်မာ့
အသံက ဦးခင်မောင်ဝင်းက လာပြီးတော့မှ ချက်ခြင်းအင်တာနက်က တစ်ဆင့်
သတင်းတွေကို ရုံးချုပ်ကို ပို့နိုင်အောင်၊ ရုံးချုပ်ကနေ ချက်ခြင်း
ဝက်ဘ်ဆိုဒ်မှာ တင်ပေးနိုင်အောင် လေ့ကျင့်ခန်း လုပ်နေပါတယ်။
မေး။ ဒီလိုသင်တန်းတွေကြောင့် ဘယ်လိုအကျိုးရလဒ်တွေ ရလာနိုင်မလဲ။
ဖြေ။ အရင်တုန်းက သတင်းထုတ် ပြန်တာ နှေးတယ်။ နိုင်ငံပိုင်မီဒီယာ
တွေမှာလည်း အစိုးရရဲ့ မူဝါဒတွေ အစိုးရရဲ့ လုပ်ဆောင်တာတွေပဲ ဦးစားပေးပြီး
ပြောခဲ့တာ၊ ခုကျတော့ ကျွန်တော်တို့ တဖြည်းဖြည်းနဲ့ ပြည်သူ တွေကရော ဘာများ
စိုးရိမ်နေမလဲ။ သူတို့ဖြစ်စေချင်တာ ဘာတွေများ ရှိနေမလဲ။ ဥပမာ- အယ်ဒီတာထံ
ပေးစာ မျိုးတွေ တချို့ကျတော့လည်း သူ့အမြင်ဆိုတဲ့ ကဏ္ဍမျိုးနဲ့ ပြည်သူတွေက
တိုက်ရိုက်ရေးပို့တဲ့ဟာမျိုးတွေ ကျွန်တော်တို့ ဖြည်းဖြည်းချင်း
စမ်းသပ်ပြီးတော့ ဖော်ပြမယ်။ ဆိုလိုတာကတော့ နိုင်ငံပိုင် မီဒီယာတွေသည် အစိုး
ရဘက်က မဟုတ်တော့ဘဲ မိုနိုလော့ မဟုတ်တော့ဘဲ အပြန်အလှန် ဒိုင်ယာလော့
ပိုပြီးတော့ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါသည် ပထမဆုံး ရလာမယ့်
အကျိုးကျေးဇူးလို့ ထင်ပါတယ်။
မေး။ သင်တန်းတွေ ဘယ်နှစ်ခုလောက် ပေးပြီးသွားပြီး ပြီလဲ။
ဖြေ။ ၂ မျိုး သွားနေတယ်။ တစ်ကတော့ နိုင်ငံပိုင် မီဒီယာတွေက လူကြီးတွေပဲ
ပေးနေတာ ရှိတယ်။ နောက် တစ်ခုကတော့ ကျွန်တော်တို့နဲ့ ပုဂ္ဂလိကနဲ့
ပူးပေါင်းထားတဲ့ Myanmar Media Development Center(MMDC) ဆိုပြီး ဖွင့်တယ်။
အဲဒီမှာကျတော့ ပုဂ္ဂလိက ကဏ္ဍရော သီးခြား ဝါသနာရှင်တွေရော နိုင်ငံပိုင် မီဒီယာ
တွေက အဖွဲ့အစည်းတွေက ဝန်ထမ်း တွေ လာတက်ပြီးတော့မှ လုပ်နေတာ ၂ မျိုး
သွားနေတယ်။ ပြီးရင် သတင်းနဲ့ စာနယ်ဇင်း အတတ်ပညာလို ဟာမျိုးကို ပညာရေး
ဝန်ကြီးဌာနနဲ့ ပေါင်းဖွင့်ထားတာရှိတယ်။ အဲဒါဆိုရင်လည်း နိုင်ငံတကာ
အဆင့်မီအောင်လို့ ကျွန်တော်တို့က ယူနက်စကိုနဲ့ ပေါင်းပြီးတော့ ဖွင့်တာ
ရှိတယ်။
မေး။ သင်တန်းတွေကို ဘယ်သူတွေနဲ့ သင်ကြားပေးသွားဖို့ ရှိလဲ။
ဖြေ။ ကျွန်တော်တို့ဘက်က နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ လုပ်နေတာ
မျိုးရှိတယ်။ အထူးသဖြင့် ပြည်ပမှာ အခြေစိုက်နေတဲ့ မြန်မာမီဒီယာ အဖွဲ့အစည်း
ဒီမိုကရက်တစ် မြန်မာ့အသံလို အဖွဲ့အစည်း အဆင့်အနေနဲ့ သူတို့ ကျွမ်းကျင်တဲ့
ဘာသာရပ်ကို ယူပြီးတော့ သင်ဖို့ ရှိပါတယ်။ နောက်တစ်ခါ မလေးရှားမှာ
အခြေစိုက်တဲ့ Asia Pacific Institute of Broadcast Development ၊ သူနဲ့
ကျွန်တော်တို့ လုပ်မယ်။ နောက် ယူနက်စကိုနဲ့ လုပ်မယ်။ International Media
Support နဲ့ လုပ်မယ်။ အဓိကကတော့ အဲဒီအဖွဲ့ကြီး ၃ ခုနဲ့ လုပ်ဖို့ ရှိပါတယ်။
မေး။ ဒီမိုကရက်တစ် မြန်မာ့အသံက မဟုတ်ဘဲ ပြည်တွင်းမှာလည်း
မီဒီယာဘက်ပိုင်းမှာ ကျွမ်းကျင်တဲ့သူတွေ လည်း ရှိတယ်။ ဘာလို့ သူတို့နဲ့မှ
သင်တန်းပေး ချင်ရတာပါလဲ။
ဖြေ။ ပြည်တွင်းမှာလည်း ကိုရဲနိုင်မိုးတို့လို ဆရာမောင်ဝံသ တို့လို
လူတွေနဲ့ လုပ်ပါတယ်။ အတွေ့အကြုံ ရှိတဲ့သူတွေ ခေါ်ပြီးတော့ လုပ်ပါတယ်။
သို့သော် မီဒီယာကို အသွင်ကူးပြောင်းရေး လုပ်မယ်။ မီဒီယာဥပဒေတွေ
စည်းမျဉ်းစည်းကမ်းတွေ သင်တန်းတွေကို နိုင်ငံတကာ အဆင့်မီအောင် လုပ်မယ်
ဆိုတော့ ကျွန်တော်တို့မှာ နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့လူတွေ လိုတယ်။
ပုဂ္ဂလိက မီဒီယာ အများစုက စနစ်တစ်ခုအောက်ထဲမှာပဲ ရှင်သန်လည်ပတ် နေကြတယ်။
ကျွန်တော်တို့ လုပ်ဆောင်ချက် အားလုံးသည် ကိုယ့်အတွေ့အကြုံပေါ် မူတည်ပြီးတော့
ကိုယ့်ခံစားချက်ပေါ် မူတည်ပြီးတော့ လုပ်ခဲ့ကြတာတွေ များတယ်။ တကယ်တော့
သွားမယ်ဆိုရင် နိုင်ငံတကာ အဖွဲ့အစည်း လိုမယ်။ ယူနက်စကိုလို
အဖွဲ့အစည်းမျိုးတွေ International Media Support လို အဖွဲ့အစည်းမျိုးတွေက
ကျွန်တော်တို့ တစ်နိုင်ငံထဲက မဟုတ်ဘူး။ ကျွန်တော်တို့လိုပဲ
ရှေ့မှာဖြစ်ခဲ့တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နိုင်ငံတွေမှာ မီဒီယာ
ဖွံ့ဖြိုးတိုးတက်မှုအတွက် သူတို့က အများကြီး ပါဝင်လုပ်ဆောင်ခဲ့တဲ့
အတွေ့အကြုံ ရှိတယ်။ ပြီးတော့ ကျွန်တော်တို့က သူတို့ဆီက ပုံတူကူးချဖို့
မဟုတ်ဘူး။ သူတို့လုပ်ခဲ့တဲ့ ဟာတွေကို သင်မယ်။ ပြီးရင် ကိုယ့်နိုင်ငံနဲ့
ကိုက်ညီတဲ့ ပုံစံတစ်ခုကို ရအောင် ကြိုး စားမယ် ဆိုတော့ နိုင်ငံတကာ
အဖွဲ့အစည်းတွေ လက်တွေ့လုပ်နေတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံလို ဟာမျိုး ကျတော့
တစ်ချိန်က သူသည် အက်တီဗေ့ မီဒီယာတစ်ခုအနေနဲ့ လာခဲ့တယ်။ သူလည်း သူ့ဘာသာ
အတွေ့အကြုံ ရလာတော့ တဖြည်းဖြည်းနဲ့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ဘက်ကို ကူးလာတယ်။
ဒါကြောင့်မို့ ဒီလို ကူးပြောင်း လာတဲ့အခါမှာ သူတို့ရဲ့ အတွေ့အကြုံလည်း
လိုချင်တယ်။ ဒါကိုယူလို့ ကျွန်တော်တို့နဲ့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့
အရာရာတိုင်းမှာ သဘောတူတာ မဟုတ်ပါဘူး။ သမ္မတကြီး ပြောသလို မတူတာတွေ ခဏထား၊
မြန်မာနိုင်ငံမှာ မီဒီယာဖွံ့ဖြိုး တိုးတက်တာကို သူတို့လည်း လိုချင်တယ်။
ကျွန်တော်တို့လည်း လုပ်ချင်တယ်။ မြန်မာနိုင်ငံမှာ စာနယ်ဇင်း လွတ်လပ်ခွင့်
ထွန်းကားလာတာကို သူတို့လည်း လုပ်ချင်တယ်။ ကျွန်တော်တို့လည်း လုပ်ချင်တယ်။
ဒီအပေါ်မှာ မူတည်ပြီးတော့ တူတဲ့ဟာတွေ ပေါင်းပြီးတော့ လုပ်တဲ့သဘောပါ။ ပြန်
ကြားရေး ဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ လုပ်နေတဲ့
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေပါ။ ကျွန်တော်တို့ကတော့ မီဒီယာနဲ့
တာဝန်ရှိလို့ ဖြေပေမယ့် ဒါကြီး တစ်ခုလုံးက ကျွန်တော်တို့ တာဝန်ယူ လုပ်နေတာ
မဟုတ်ပါဘူး။ သူတို့ လုပ်နေတဲ့ဟာ အားလုံးကို ကျွန်တော်က ကိုယ်စားပြု
ပြောတာပါ။Independent News Journal
No comments:
Post a Comment