menu

Saturday 18 August 2012

ဂျပန်နှင့် တောင်ကိုရီးယား အငြင်းပွားကျွန်းများကိစ္စ အချင်းများ

တောင်ကိုရီးယား သမ္မတ လီမြောင်ဘတ်သည် တောင်ကိုရီးယား မှ ဒေါ့ဒိုကျွန်းစုဟု ခေါ်ပြီး ဂျပန်မှ တာကေရှီးမား ကျွန်းစုဟု ခေါ်သည့် အရှေ့ပင်လယ်(ဂျပန်ပင်လယ်)တွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသောကျွန်း တစ်ကျွန်းသို့ သြဂုတ် ၁ဝ ရက်၊ သောကြာတွင် မမျှော်လင့်ဘဲ သွားရောက်ခဲ့သည်။
လီ၏ မိနစ် ၇ဝ ကြာ ခရီးစဉ်ကို ဂျပန်က ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး ဆိုး(လ)မြို့ရှိ ယင်း၏ သံအမတ်ကြီး မာဆာတိုရှီမူတိုကို တိုကျိုသို့ ပြန်ခေါ်လိုက်သည်။ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ကိုအိချိရိုဂင် ဘာကလီ၏ ခရီးစဉ်မှာ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ် ကြီးမားသည့် ထိခိုက်မှု ဖြစ်စေနိုင်ကြောင်း ပြောသော်လည်း မည်သို့ တုံ့ပြန်မည် ဖြစ်ကြောင်းကိုမူ သီးခြားပြောကြားခဲ့ခြင်း မရှိပါ။

ဆိုး(လ)ရှိ အရာရှိများက လီ၏ ခရီးစဉ်မှာ ဂျပန်ကို ရန်စရန် မရည်ရွယ်ကြောင်းနှင့် မိမိပိုင် နယ်မြေတွင်းရှိ နေရာတစ်ခုသို့ တိုင်းပြည်ခေါင်းဆောင် တစ်ဦး သွားရောက်လည်ပတ် ခြင်းမှာ ထူးခြားသည့် ကိစ္စမဟုတ် ကြောင်း ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
လီ၏ ခရီးစဉ်မှာ ဇူလိုင် ၃၁ရက် နှစ်စဉ်ထုတ် ကာကွယ်ရေး အစီရင်ခံစာတွင် တာကေရှီးမား ကျွန်းစုနှင့် ပတ် သက်၍ ပိုင်ဆိုင်ခွင့်ကို ပြန်လည်တောင်းဆိုပြီး မကြာမီ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး ဂျပန်အုပ်စိုးမှု အောက်မှ လွတ်မြောက် သည့် နှစ်ပတ်လည်နေ့ မတိုင်မီ ရက်အနည်းငယ်တွင် ဖြစ်ပေါ်ခဲ့ခြင်းလည်း ဖြစ်သည်။  အချို့သော ဝေဖန်သူများက ဤကိစ္စမှာ တောင်ကိုရီးယားတွင် အမျိုးသားရေး အမြင်များကို ဆွဲဆောင်ရန် လီ၏ ကြိုးပမ်းမှု တစ်ခု ဖြစ်ပြီး ဒီဇင်ဘာလတွင် ကျင်းပမည့် သမ္မတ ရွေးပွဲတွင် သူ့ပါတီမှ သမ္မတလောင်း Park Geum Hye အလားအလာ ကောင်းစေရန် ရည်ရွယ် လုပ်ဆောင်ခြင်း ဖြစ်သည်ဟု အဓိပ္ပာယ် ဖော်ကြသည်။
လီ၏ ခရီးစဉ်က ဂျပန်-တောင်ကိုရီးယား သံတမန်ရေး တိုက်ပွဲတစ်ခုကို ဖြစ်ပေါ်စေရုံသာမက အခြားနယ်ပယ် များသို့ပါ ဂယက်ရိုက်ခဲ့သည်။ လန်ဒန်အိုလံပစ် ဘောလုံးပြိုင်ပွဲတွင် တောင်ကိုရီးယားနှင့် ဂျပန်တို့ တတိယ  ကြေးတံဆိပ် လုကြရာ တောင်ကိုရီးယားမှ အနိုင်ရခဲ့သည်။ ထိုပွဲတွင် တောင်ကိုရီးယား ပရိသတ်များက “ဒေါ့ဒိုသည် ကိုရီးယား နယ်မြေ ဖြစ်သည်” ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်မြှောက်ပြသခဲ့သည်။   ကိုရီးယား ကစားသမား တစ်ဦးကလည်း ထိုဆိုင်းဘုတ်ကို ကိုင်မြှောက်ခဲ့သောကြောင့် ကစားပွဲများတွင်းသို့ နိုင်ငံရေး ထိုးဖောက် ဝင်ရောက်မှုကို ကာကွယ်ရန် ရည်ရွယ် ချမှတ်ထားသည့် စည်းကမ်း ချိုးဖောက်မှုဖြင့် ဆုချီးမြှင့်သည့် အခမ်းအနားသို့ တက်ရောက်ခွင့် မပေးခဲ့ပေ။
ဂျပန်နိုင်ငံ ဟီရိုရှီးမားတွင် စနေနေ့၌ တောင်ကိုရီးယား ကောင်စစ်ဝန်ရုံးကို ခဲဖြင့်ပစ်ပေါက်မှုဖြင့် ရဲက လူတစ်ဦးအား ဖမ်းဆီးခဲ့သည်။ ထိုသူက မစ္စတာလီ၏ ခရီးစဉ်ကြောင့် စိတ်ကသိကအောင့် ဖြစ်၍ ပေါက်ခြင်း ဖြစ်သည်ဟု ရဲကို ပြောသည်။
ထိုအငြင်းပွား ကျွန်းငယ်များမှာ နှစ်နိုင်ငံအလယ် လမ်းတစ်ဝက်တွင် တည်ရှိပြီး သမိုင်း အဆက်အစပ်အရ ကိုရီးယားနှင့်အများဆုံး ဆက်စပ် ပတ်သက်ခဲ့သည်။ လွန်ခဲ့သော ရာစုတစ်စုက ကိုလိုနီချဲ့ထွင်မှု အတွင်းတွင် ဂျပန်က ထိန်းချုပ်ခဲ့ပြီး ၁၉၅၄ ခုနှစ် မှစ၍ တောင်ကိုရီးယားက ရဲအစောင့် အနည်းငယ်မျှဖြင့် ထိန်းသိမ်းထားခဲ့ သည်။ အတိတ်ကာလ၊ အရှေ့ပင်လယ် ပိုင်ဆိုင်ခွင့် အငြင်းပွားမှုများတွင် တောင်ကိုရီးယားက စကားနည်းရန်စဲ ဒီပလိုမေစီ ကျင့်သုံးခဲ့ပြီး ဂျပန်နှင့် စီးပွားရေး ဆက်ဆံမှု ကောင်းမွန်ရေးကိုသာ အလေးထားခဲ့သည်။
Ref: Guardian.co.uk, Reuters
Independent News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

ShareThis